နာရေးအသင်း နိဗ္ဗာန်ယာဉ်များ ရွှေ့ရလျှင် လုပ်ငန်း ထက်ဝက် ကျဆင်းနိုင်

နာရေးအသင်း နိဗ္ဗာန်ယာဉ်များ ရွှေ့ရလျှင် လုပ်ငန်း ထက်ဝက် ကျဆင်းနိုင်
by -
ကိုဝိုင်း
ရန်ကုန်မြို့ နာရေးကူညီမှုအသင်းပိုင် နိဗ္ဗာန်ယာဉ်များကို အာဏာပိုင်များက မြို့ပြင်သုသာန်များသို့ ပြောင်းရွှေ့ရမည်ဆိုသဖြင့် အကူအညီပေးရေး လုပ်ငန်းများ ထက်ဝက်ခန့် ကျနိုင်ကြောင်း အဆိုပါ အသင်းက ပြော ...

ချင်းမိုင် (မဇ္စျိမ)။     ။ ရန်ကုန်မြို့ နာရေးကူညီမှုအသင်းပိုင် နိဗ္ဗာန်ယာဉ်များကို အာဏာပိုင်များက မြို့ပြင်သုသာန်များသို့ ပြောင်းရွှေ့ရမည်ဆိုသဖြင့် အကူအညီပေးရေး လုပ်ငန်းများ ထက်ဝက်ခန့် ကျနိုင်ကြောင်း အဆိုပါ အသင်းက ပြောသည်။   

ပြီးခဲ့သည့်လ ၂၈ ရက်နေ့တွင် နောက်ဆုံးထားကာ သင်္ဃန်းကျွန်းမြို့နယ် ဗြမ္မာ့ဝိဟာပရိယတ္တိ စာသင်တိုက်ရှိ အသင်းရုံးခန်း နေရာတွင် ထားရှိသော နိဗ္ဗာန်ယာဉ် ၁၀ စီးကျော်ကို ကျောက်တံတားမြို့နယ် စည်ပင်သာယာက မြို့ပြင်သုသာန်များသို့ ပြောင်းခိုင်းသဖြင့် မူလနေရာမှ ဝေးလံသောကြောင့် လုပ်ငန်းများ ထက်ဝက်ခန့် ကျဆင်းဖွယ်ရှိကြောင်း ပြောဆိုခြင်းဖြစ်သည်။   

“ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တို့ သွားဖို့လာဖို့က အခက်အခဲဖြစ်သွားတာပေါ့။ ခါတိုင်းဆိုရင် ၈ နာရီခွဲ ၉ နာရီဆို လုပ်ငန်းက စလို့ရပြီ။ body သယ်တဲ့ ကိစ္စပေါ့လေ။ အခုဆိုရင် ၁၀ နာရီ၊ ၁၀ နာရီခွဲလောက်မှ စလုပ်နိုင်မယ့် သဘောရှိတယ်။ ပြီးရင် စောစောသိမ်းမှ အပြန်အတွက် ကားစီးဖို့က အဆင်ပြေမယ်။ ညနေ ၆ နာရီ နောက်ပိုင်းဆိုရင် ကားခတွေက မြင့်ကုန်ရော။ အဲဒီတော့ တနေ့ကို ခါတိုင်း ၅၀ သယ်ရတယ်ဆိုရင် အခုဆိုရင် ၂၀-၂၅ လောက်ပဲ သယ်နိုင်တော့မယ်။ တဝက်လောက် လျော့သွားလိမ့်မယ်” ဟု အသင်းဥက္ကဋ္ဌနှင့် နိုင်ငံကျော် ရုပ်ရှင်မင်းသား ဦးကျော်သူက မဇ္စျိမကို ပြောသည်။

အသင်းပိုင် နိဗ္ဗာန်ယာဉ် ၁၆ စီးအနက် ၁၀ စီးကျော်ကို စာသင်တိုက်တွင် ထားရှိကာ၊ ကျန်ရှိသည်များကို ရေဝေးသုသာန်၌ ထားရှိသည်။   

ပြီးခဲ့သည့်လ ၂၇ ရက် ညနေပိုင်းက ၂၄ ရက်နေ့ရက်စွဲပါ အကြောင်းကြားစာကို အာဏာပိုင်များက ပေးပို့ရာတွင်၊ စာထဲ၌ မြို့တော်သာယာရေးနှင့် မညီညွတ်သဖြင့် ၂၈ ရက်နေ့ နောက်ဆုံးထား ရွှေ့ခိုင်းခဲ့သည့်အပေါ် နာရေးအသင်းက လက်မခံကြောင်း ဦးကျော်သူက ဆိုသည်။

သူက “ရေဝေးသုသာန်မှာရှိတဲ့ ကျနော်တို့ နာရေးကူညီမှုအသင်း ရုံးခန်းဘေးမှာ ၈၅ X ၃၀ ပေ ပေါ့လေ။ မြေကွက် ချပေးလိုက်တယ်။ အဲဒီမှာ ကျနော်တို့ အဆောက်အဦး ဆောက်ပြီးရင်တော့ ရွှေ့ရမယ့် သဘောတော့ ရှိတယ်။ တခြား ဘာသာဝင်တွေကတော့ ဒီအတိုင်း ဆက်ရှိနေတာပဲ။ ကျနော်တို့ရဲ့ နာရေးကူညီမှုအသင်းကိုပဲ မဲနေတာ” ဟု ပြောသည်။

၂၈ ရက်နေ့ နောက်ဆုံးထား ရွှေ့ရမည်ဖြစ်သော်လည်း မြေချပေးသည့်စာမှာ ၂၇ ရက်နေ့တွင်မှ ရောက်ရှိလာသည်။ ထို့ကြောင့် ချပေးသည့်မြေကွက်အား ပြန်ညှိနေရပြီး ကားထားရန် အဆောက်အဦး ဆောက်ရဦးမည်ဖြစ်သဖြင့် သတ်မှတ်ရက်ကိုမူ မီနိုင်ခြင်း မရှိဖြစ်နေသည်။   

နိဗ္ဗာန်ယာဉ်များထားရန် မြေကွက်ငှားခကို တလလျှင် ကျပ် တသောင်းနှုန်း စည်ပင်သို့ ပေးသွင်းရမည်။   

ငှားရမ်းကာလမှာ တနှစ်သာ ဖြစ်သောကြောင့် နေရာအတွက် တည်ငြိမ်မှု မရှိသည်သာမက ကားများ၏ လုံခြံုရေးအတွက်ပါ စိုးရိမ်ရကြကြောင်း သိရသည်။

ထို့အပြင် သင်္ဃန်းကျွန်း စာသင်တိုက်၌ အသင်းက ဖွင့်ထားသော “သုခ ကုသိုလ်ဖြစ်ဆေးခန်း” ကိုလည်း ယခုနှစ် ဇူလိုင်လတွင် ရုံးခန်းနှင့်အတူ မြောက်ဒဂုံသို့ ရွှေ့ပြောင်းရမည်ဖြစ်သည်။

မျက်စေ့၊ ကလေးအထူးကု၊ အရိုးအကြော၊ သားဖွားနဲ့ မီးယပ်၊ အရေပြားဆိုင်ရာ ဆရာဝန်များ၊ အထွေထွေ ဆရာဝန်များရှိသည့် အဆိုပါ ဆေးခန်းသို့ တနေ့လျှင် လူနာပေါင်း ၂၀၀ ခန့် လာရောက်၍ ကုသမှုခံယူလေ့ရှိသည်။

အလားတူပင် မြောင်းမြမြို့ ရပ်ကွက် ၄ ရှိ “ပရိယတ္တိစွမ်းအား စာသင်တိုက်”  မှ အရှင်သူရပတိ ဦးစီးသည့် နာရေးကူညီမှုအသင်း အမည်ကို ပြောင်းလဲ၍ မြို့နယ်စည်ပင်အမည် တပ်ရန် မြောင်းမြခရိုင်စည်ပင်က ကြိုးစားနေသည်။

ခရိုင်စည်ပင် တာဝန်ရှိသူများက သူတို့အနေဖြင့် အသင်းကို ကားတစီးပေးမည်ဟု ဆိုသော်လည်း အသင်းပိုင် နိဗ္ဗာန်ယာဉ် ၃ စီးတွင် ရေးသားထားသော “လူမှုကူညီရေးအသင်း” ဆိုသည့် စာလုံးများကိုဖျက်၍ စည်ပင်နိဗ္ဗာန်ယာဉ်တွင် ရေးသားသကဲ့သို့ “မြို့နယ် စည်ပင်သာယာရေး အထူးသန့်ရှင်းရေးယာဉ်” ဟု ပြင်ဆင်ရေးသားရမည်ဟု ဆွေးနွေး တောင်းဆိုခဲ့ခြင်းဖြစ်သည်။

အဖွဲ့၏ အမည်အား ဖျက်လိုက်ပါက ရန်ပုံငွေ ရတော့မည်မဟုတ်ဘဲ အသင်းကို ဖျက်သကဲ့သို့ ဖြစ်သွားနိုင်သောကြောင့် လက်မခံနိုင်ကြောင်းနှင့် နိုင်ငံတော်အဆင့်အထိ မေတ္တာရပ်ခံ တင်ပြသွားမည်ဖြစ်ကြောင််း သိရသည်။   

ဦးဇင်းက “ဦးဇင်းကတော့ မလျှော့ဘူးလေ။ မနေ့ကတုန်းက မြောင်းမြခရိုင်စည်ပင် လက်ထောက်ညွှန်မှူး ဗိုလ်မှူးသန်းဝင်းတို့ကို မဖြစ်နိုင်တဲ့အကြောင်း ပြောထားပြီးပြီ။ ပံ့ပိုးတဲ့အနေအထားဆိုရင် လက်ခံမယ်။ နာမည်ကိုတော့ မပြောင်းဘူး။ နာမည်တွေကို ပြောင်းစေချင်တာ ကြည့်ခြင်းအားဖြင့် သက်သက်ဝင်လုံးတာလို့ ထင်တာပဲလေ။ နောက်မှ သူတို့ ဝင်ကိုင်မယ့် အစီအစဉ် ရှိတယ်ထင်တယ်။ ဒီလို လုပ်မှာကို မြို့လူထုတွေကလည်း သိပ်မကျေနပ်ကြဘူးပေါ့နော်” ဟု မဇ္စျိမကို မိန့်ဆိုသည်။

မြောင်းမြနာရေးကူညီမှုအသင်းကို အများလှူဒါန်းသည့် ရန်ပုံငွေများဖြင့် ပြီးခဲ့သည့် ၂ နှစ်ကျော်က ထူထောင်ခဲ့ခြင်းဖြစ်ပြီး တနေ့လျှင် စျာပန ၃-၄ ခုခန့်ကို အသင်းပိုင် နိဗ္ဗာန်ယာဉ်ဖြင့် အခမဲ့ သယ်ဆောင်ပေးသည့်အပြင် ငွေကျပ် တသောင်းပါ ကူညီပေးလျက်ရှိသည်။

ယခင်က မီးသင်္ဂြိုဟ်သည့် ကိစ္စကိုပါ ဆောင်ရွက်ပေးသော်လည်း နောက်ပိုင်း၌ မြောင်းမြစည်ပင်က လုပ်ကိုင်ခဲ့သည်။ သို့သော် စည်ပင်က သဂြီင်္ုဟ်ခကို တသောင်းခွဲယူပြီး ဖြတ်ပိုင်းများတွင်မူ ၁,၅၀၀ သာ ရေးပေးနေကြောင်း သိရသည်။

Most read this week