၂၀၁၀ ရွေးကောက်ပွဲသည် လူမျိုးများ အခွင့်အရေး မပါရှိဟု ပအိုဝ့်ခေါင်းဆောင် ပြော

၂၀၁၀ ရွေးကောက်ပွဲသည် လူမျိုးများ အခွင့်အရေး မပါရှိဟု ပအိုဝ့်ခေါင်းဆောင် ပြော
by -
ဖနိဒါ
၂၀၁၀ ခုနှစ်တွင် ကျင်းပမည့် မြန်မာစစ်အစိုးရ၏ ရွေးကောက်ပွဲသည် လူမျိုးပေါင်းစုံ၏ အခွင့်အရေးအတွက် မဟုတ်ကြောင်း ယနေ့ကျရောက်သော ပအိုဝ့်အမျိုးသားနေ့တွင် ပအိုဝ့်ခေါင်းဆောင်တဦးက ပြော ...

ချင်းမိုင် (မဇ္ဈိမ)။     ။ ၂၀၁၀ ခုနှစ်တွင် ကျင်းပမည့် မြန်မာစစ်အစိုးရ၏ ရွေးကောက်ပွဲသည် လူမျိုးပေါင်းစုံ၏ အခွင့်အရေးအတွက် မဟုတ်ကြောင်း ယနေ့ကျရောက်သော ပအိုဝ့်အမျိုးသားနေ့တွင် ပအိုဝ့်ခေါင်းဆောင်တဦးက ပြောသည်။

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ ဘုန်းကြီးကျောင်းတွင် ကျင်းပသည့် ၅၈ ကြိမ်မြောက် ပအိုဝ့်အမျိုးသားနေ့ အခမ်းအနားတွင် ပအိုဝ့် ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ - PPLO ဥက္ကဋ္ဌက ပြောဆိုခြင်းဖြစ်သည်။

“အခုလုပ်မယ့် ရွေးကောက်ပွဲဟာ အမျိုးသား အခွင့်အရေးအတွက် မပါဘူး။ ထောက်ခြောက်ဖြစ်တယ်။ လက်ပါရင် လက်၊ ခြေထောက်ပါရင် ခြေထောက် ပါသွားမယ်။ ဒါကြောင့် ဒီထောင်ခြောက်မှာ မပါဖို့ ပြည်ပရောက် တိုင်းရင်းသားတွေ နှိုးဆော်ဖို့ အကြံပေးတာပါ” ဟု PPLO ဥက္ကဋ္ဌ ဦးခွန်ဥက္ကာက မဇ္စျိမကို ပြန်ပြောပြသည်။

PPLO သည် မြန်မာစစ်အစိုးရကို လက်နက်ကိုင် တော်လှန်နေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တခု ဖြစ်သည်။   

၂၀၁၀ ရွေးကောက်ပွဲသည် စစ်အုပ်စုအတွက် ရေရှည်အာဏာဆွဲကိုင်ရေးသို့ ဦးတည်စေပြီး၊ တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေး မပါရှိကြောင်း ဦးခွန်ဥက္ကာက ဆိုသည်။

အခမ်းအနားသို့ မြန်မာနိုင်ငံသား ၁၅၀ ခန့် တက်ရောက်ကာ၊ ပအိုဝ့်အမျိုးသားနေ့ ဖြစ်ပေါ်ပုံ၊ ထိုင်းနိုင်ငံရောက် မြန်မာများ နေထိုင်သင့်သည့် စည်းကမ်းများကို ပြောဆိုခဲ့ကြသည်။    

မြို့တော်ဘန်ကောက်တွင် ပအိုဝ့်အမျိုးသား မဂ္ဂဇင်း၊ ယဉ်ကျေးမှု၊ ဖောင်ဒေးရှင်း အစရှိသည့် အဖွဲ့များက စုပေါင်းကျင်းပကာ မြန်မာပြည်ဖွား တိုင်းရင်းသားများ တက်ရောက်လာရာ စုစုပေါင်း ၅ဝဝ ကျော် ရှိသည်။   

ဗဟို ပအိုဝ့်ယဉ်ကျေးမှုအဖွဲ့မှ ခွန်သောမတ်က “ဘန်ကောက်မှာ ကျင်းပတာ ၅ ကြိမ်မြောက် ဖြစ်ပါတယ်။ ကျနော်တို့ လူငယ်တွေကြားမှာ စည်းလုံးညီညွတ်မှု ရှိအောင်၊ နောက် အမျိုးသား ကျန်းမာရေးနဲ့ဆိုင်တဲ့ အသိပညာ ဗဟုသုတတွေ ရအောင် ဟောပြောတယ်” ဟု မဇ္စျိမကို ပြောသည်။    

သူက ဆက်ပြီး “ကျနော် ဝမ်းသာဂုဏ်ယူမိတယ်။ အထူးသဖြင့် လူငယ်တွေ အမျိုးသားရေး စည်းလုံးညီညွတ်မှုနဲ့ (ထိုင်း) ဘုရင်မင်းမြတ်ရဲ့ မွေးနေ့မှာ အမျိုးသားရေး လက္ခဏာ ပြနိုင်တဲ့အတွက် ဝမ်းသာမိပါတယ်” ဟု ပြောသည်။    

အဝေးရောက် ညွှန့်ပေါင်းအစိုးရ - NCGUB မှ အလုပ်သမားဝန်ကြီး ဦးခွန်မြင့်ထွန်းက ပအိုဝ့်သမိုင်းကြောင်း ရှင်းပြခဲ့သလို၊ ပအိုဝ့်လူငယ်များက ယဉ်ကျေးမှု အက၊ သီချင်းများဖြင့် ဖျော်ဖြေခဲ့သည်။    

ယနေ့တွင် ထိုင်းနိုင်ငံမြောက်ပိုင်း အုန်းဖျံဒုက္ခသည်စခန်း၊ တောင်ပိုင်း မယ်ဟောင်ဆောင်နှင့် မြန်မာနိုင်ငံ ရှမ်းပြည်နယ် တောင်ကြီးတွင် ပအိုဝ့်များက စည်ကားသိုက်မြိုက်စွာ အခမ်းအနားများ ကျင်းပခဲ့သလို၊ အမေရိကန်၊ မလေးရှားနှင့် စင်္ကာပူတွင် ယခုလ ၈ ရက်နေ့ကတည်းက ကျင်းပခဲ့သည်။

၁၉၄၇ ခုနှစ် မတ်လ ၁၀ ရက်နေ့မှ စတင်ကာ ပအိုဝ့်အမျိုးသား သူရိယ စန္ဒာဘုရင်မင်းကြီးမွေးနေ့တွင် အမျိုးသားနေ့ ကျင်းပလာရာမှ၊ ၁၉၅၁ ခုနှစ်တွင် ပြည်သူ့ညီလာခံမှ ပအိုဝ့်အမျိုးသားနေ့အဖြစ် တရားဝင် သတ်မှတ်ပေးခဲ့သည်။