ကိုးကန့်အဖွဲ့ နှစ် ၂၀ ပြည့် အခမ်းအနား လုပ်မည်

ကိုးကန့်အဖွဲ့ နှစ် ၂၀ ပြည့် အခမ်းအနား လုပ်မည်
by -
မျိုးကြီး
ရှမ်းပြည် (မြောက်ပိုင်း)ရှိ ကိုးကန့် ငြိမ်းချမ်းရေးအဖွဲ့သည် အဖွဲ့တည်ထောင်မှု နှစ် ၂၀ ပြည့် အခမ်းအနားကို ယခုလ ၁၀ ရက်နေ့မှ ၁၃ ရက်နေ့အထိ ဌာနချုပ်နေရာတွင် ကျင်းပသွားမည်။ ရှမ်းပြည်မြောက်ပိုင်း လောက်ကိုင်နှင့်် ချင်းရွှေဟော် ဒေသများတွင် အခြေပြုထား ...

ရွှေလီ (မဇ္ဈိမ) ။     ။ ရှမ်းပြည် (မြောက်ပိုင်း)ရှိ ကိုးကန့် ငြိမ်းချမ်းရေးအဖွဲ့သည် အဖွဲ့တည်ထောင်မှု နှစ် ၂၀ ပြည့် အခမ်းအနားကို ယခုလ ၁၀ ရက်နေ့မှ ၁၃ ရက်နေ့အထိ ဌာနချုပ်နေရာတွင် ကျင်းပသွားမည်။

ရှမ်းပြည်မြောက်ပိုင်း လောက်ကိုင်နှင့်် ချင်းရွှေဟော် ဒေသများတွင် အခြေပြုထားသည့် မြန်မာ ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (ခေါ်) MNDAA သည် ကိုးကန့် အထူးဒေသ (၁) ဌာနချုပ်တွင် အခမ်းအနား ကျင်းပရန် စီစဉ်ထားခြင်းဖြစ်သည်။   

MNDAA သည် ၁၉၈၉ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် ဗမာပြည်ကွန်မြူနစ်ပါတီ - ဗကပ မှ ခွဲထွက်ကာ၊ နောက်နှစ်ရက်အကြာတွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ - နဝတ အမည်ရှိ စစ်အစိုးရနှင့် အပစ်ရပ်ကာ တရားဝင် ရပ်တည်ဖွဲ့စည်းခဲ့သည်။

ယခုအခါ ကိုးကန့်တိုင်းရင်းသားဒေသ ပြန်လည်ထူထောင်ခဲ့သည့် အမည်ဖြင့် ကျင်းပဖွယ်ရှိကြောင်း တရုတ်-မြန်မာနယ်စပ် စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောက မဇ္စျိမကို ယခုလို ပြောသည်။   

''ပွဲရဲ့ အဓိပ္ပာယ်ကို ပြောင်းတာပေါ့။ ဒီနာမည် (ဗကပမှ ခွဲထွက်သည့် နှစ် ၂၀ ပြည့်) ကို မသုံးဖို့ပေါ့။ ၀ိုင်းပြီး တောင်းပန်တာ။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ပြီးတော့ ကိုးကန့်ဒေသကို ထူထောင်ခဲ့တာ နှစ် ၂၀ မြောက်ပေါ့။ ဖိတ်စာဖိတ်တော့ အဲလို ပါသလိုပဲ။ အဖြေတော့ မထွက်သေးဘူးပေါ့။ ကိုးကန့်ပြည်သူတွေ ကိုယ်ပိုင်အုပ်ချုပ်တဲ့ နေ့ပေါ့ဗျာ'' ဟု သူက ပြောသည်။

ကိုးကန့်အဖွဲ့နှင့်အတူ ဗကပ မှ ခွဲထွက်ခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၃ ဖွဲ့ ဖြစ်သည့် UWSP (ခေါ်) ၀'ပြည်သွေးစည်းညီညွတ်ရေးပါတီ - UWSP၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် - NDAA၊ ကချင် ဒီမိုကရေစီသစ် တပ်မတော် - NDAK ခေါင်းဆောင်ပိုင်းက ယခု အခမ်းအနားသို့ တက်ရောက်လာဖွယ် ရှိသည်ဟု ထိုင်းနိုင်ငံ အခြေစိုက် သျှမ်းသံတော်ဆင့် သတင်းဌာနမှ လက်ထောက် အယ်ဒီတာ ဦးစိန်ကြည်က ဆိုသည်။

သူက ''တခြားအဖွဲ့တွေတော့ မသိဘူးပေါ့။ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးတပ်ဦးပေါ့။ တပ်ပေါင်းစုပုံစံနဲ့ မဟာမိတ် ၄ ဖွဲ့ ထူထောင်ထားတဲ့ PDF အဖွဲ့ဝင်တွေတော့ အဖွဲ့တိုင်းလိုလို တက်မယ်လေ။ တခြား PDF ထဲမှာ မပါတဲ့ မဟာမိတ် အပစ်ရပ်အဖွဲ့ ခေါင်းဆောင်တွေတော့ ဘယ်အဆင့် ခေါင်းဆောင်တွေ တက်မယ်ဆိုတာတော့ မသိသေးဘူးပေါ့'' ဟု သူက ပြောသည်။   

အခမ်းအနား အနှစ်သာရအဖြစ် မြန်မာစစ်အစိုးရ၏ ဖိအားပေးမှုအောက်ရှိ အပစ်ရပ်အဖွဲ့အချင်းချင်း အပြန်အလှန် နားလည်မှု၊ ပူးပေါင်းဆောင်ရွက်မှုများ ရှိသည်ကို ပြသလိုသည်ဟု သူက ယခုလို ဆက်ပြောသည်။   

"သူတို့ရဲ့ နားလည်မှု၊ ဆက်သွယ်မှု၊ ဆက်ဆံမှု၊ သဘောတူညီမှုတွေ ဘယ်လောက် အတိုင်းအတာထိ ခိုင်မာတိုးတက်လာသလဲ ဆိုတာတော့ ခန့်မှန်းရခက်တယ်။ လွန်ခဲ့တဲ့ အချိန်ကတော့ နအဖ က ဗမာတပ်တွေက တစုံတရာ ဖိအားပေးလာတာ စိတ်လာတယ်ဆိုရင် သူတို့ရဲ့ ဆက်သွယ်ဆက်ဆံမှု အဝင်အထွက်ကလည်း စိတ်လာတယ်။ ဗမာတပ်က အေးတိအေးစက် ဖြစ်လာရင် ဘာသိဘာသာ ပိုနေမြဲကျားနေမြဲ ပြန်နေလိုက်တယ်။ အဲလို တွေ့ရတယ်'' ဟု သူက ဆိုသည်။

အခမ်းအနားသို့ နအဖ ဒေသဆိုင်ရာ စစ်ဖက်ခေါင်းဆောင်များလည်း တက်ရောက်လာမည်။

Most read this week