ချင်းမိုင်(မဇ္ဈိမ)။ ။ ရန်ကုန်ရှိ မြန်မာ့ ဆန်းဆန်းပြားပြား ကုမ္ပဏီသည် ၂ဝ၁ဝ ရွေးကောက်ပွဲ ဝင်ပြိုင်မည်ဟူသော သတင်းများ ပေါ်ထွက်နေသဖြင့် လူသားအရင်းအမြစ် စွမ်းဆောင်ရည် မြှင့်တင်ရေး အလုပ်များ လုပ်သည့် အဆိုပါ ကုမ္ပဏီက မဟုတ်မှန်ကြောင်း ယနေ့ ငြင်းဆိုသည်။
အဖွဲ့၏ အင်တာနက် ၀ဘ်ဆိုဒ်တွင် လစ်ဗင်းကာလာ မဂ္ဂဇင်းနှင့် The Voice ဂျာနယ် ထုတ်ဝေသူ ဦးနေဝင်းမောင် အပါအဝင် တတ်သိပညာရှင်များ၊ စီးပွားရေး လုပ်ငန်းရှင်များ ရ ဦးဖြင့် ဖွဲ့စည်းထားသည်ဟု ဖော်ပြထားသည့် Myanmar Egress ခေါ် မြန်မာ့ ဆန်းဆန်းပြားပြား ကုမ္ပဏီက ငြင်းဆိုခြင်း ဖြစ်သည်။
“အန်ကယ်တို့ ထူးထူးထွေထွေတော့ ပြောစရာ မရှိပါဘူး။ ကျနော်တို့အနေနဲ့ စိတ်ထဲမှာရှိတဲ့ ကိုယ့် ရပ်တည်ချက်အတိုင်း ဖော်ပြတာ ဖြစ်တဲ့အတွက် အထူးပြောစရာတော့ မရှိပါဘူး။ အန်ကယ်တို့ကို အရင်တုန်းက ရွေးကောက်ပွဲ ဝင်မယ်ဆိုပြီး သတင်းတွေ ထွက်နေတာ။ မြန်မာပြည်ထဲမှာ ကောလာဟလနဲ့ ကင်းတာ ဘာမှ မရှိပါဘူး” ဟု အမည်မဖော်လိုသူ ကုမ္ပဏီ ခေါင်းဆောင်တဦးက မဇ္စျိမကို ပြောသည်။
သူက ဆက်ပြီး “အန်ကယ်တို့ ကြေညာချက် ထုတ်ထားတယ်။ အဲဒီ ထုတ်ပြန်ချက်အတိုင်းပဲ” ဟု ပြောသည်။
ကုမ္ပဏီ စီမံခန့်ခွဲရေးဌာနမှ တာဝန်ရှိသူတဦးဖြစ်သည့် မဖြူပြာအောင်ကလည်း ''ကျမတို့ Myanmar egress က အဓိက လုပ်နေတဲ့ capacity development center ဖြစ်တဲ့အတွက် ကျမတို့က ပညာရပ်တွေ သင်ပေးတာ။ ပါတီထောင်ဖို့ မရည်ရွယ်ဘူး။ ကျမတို့ လုပ်တဲ့အလုပ်ကို လွတ်လပ်စွာ လုပ်ချင်တယ်တဲ့ အကြောင်းပါပဲ။ ကျမတို့ ရပ်တည်ချက်ကို ဘယ်သူမဆို လွတ်လပ်စွာ ပါဝင်နိုင်ဖို့ ကျမတို့ သင်တန်းရဲ့ အကယ့်အနှစ်သာရ ပျောက်မသွားချင်လို့ အဲဒါကို ကြော်ငြာရတာပါ'' ဟု ပြောသည်။
သူတို့က ပြီးခဲ့သည့်လ ၁၉ ရက်နေ့တွင် ကြေညာချက်တရပ် ထုတ်ပြန်ခဲ့သေးသည်။
ကြေညာချက်ထဲတွင် အခြေခံ ဥပဒေသစ်အရ အစိုးရက အရပ်ဖက် လူ့အဖွဲ့အစည်းကို ပါတီနိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်ခွင့် ပြုသည့်တိုင် ပါတီဖွဲ့ခြင်း၊ လုပ်ကိုင်ခြင်းမျိုး မရှိသလို၊ တဦးချင်းအနေဖြင့်လည်း မည်သည့် အဖွဲ့အစည်းတွင်မျှ ပါဝင်ခြင်း ရှိမည်မဟုတ်ကြောင်း ဆိုထားသည်။
လူ့အဖွဲ့အစည်း၏ စွမ်းဆောင်ရည် မြှင့်တင်ရေးဆိုင်ရာ လုပ်ငန်းများ လုပ်ရန် စိတ်ဆန္ဒပြဋ္ဌာန်းထားရာ လိုလားသူ မည်သူမဆို ကူညီပံ့ပိုးပေးရန်နှင့် အရပ်ဖက် လူ့အဖွဲ့အစည်းတွင် ပါ၀င်နေသူများကို ကူညီနိုင်ရန် နိုင်ငံရေး အကျိုးအမြတ်ကို ရှေးရှုခြင်း မရှိကြောင်း ပြသထားရန် လိုအပ်သည်ဟု ယူဆကြောင်း ကုမ္ပဏီက ဆိုသည်။
သူတို့၏ တာဝန်အဖြစ် ခံယူသည့် သုတေသနနှင့် စွမ်းဆောင်ရည် မြှင့်တင်ရေးဆိုင်ရာ သင်တန်းများ ပို့ချနေရာ ဤသည်နှင့်ပတ်သက်၍ မည်သူမဆို လွတ်လပ်ယုံကြည်စွာ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်းလည်း ဆိုထားသည်။
ကုမ္ပဏီသည် ၂ဝဝ၆ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ရာ သုတေသနနှင့် စွမ်းဆောင်ရည် မြှင့်တင်ရေးဆိုင်ရာ သင်တန်းများ ပို့ချပေးခဲ့သည်။
၂ဝဝ၇ ခုနှစ် ဒီဇင်ဘာလမှ စတင်ကာ မြန်မာကျောင်းသားများအတွက် တစုံတရာ အကျိုးရှိစေသည့်အပြင် ပြည်ပသို့ သွားရောက်ကာ ပညာဆည်းပူးရန် ပြင်ဆင်နေသူများအတွက် အထောက်အကူပြုမည့် သင်တန်းများကို အင်္ဂလိပ်ဘာသာဖြင့် သင်ကြားပို့ချနေသည်။
ပြီးခဲ့သည့်နှစ် ဇန်နဝါရီလ ၁၅ ရက်နေ့မှ Employability ရှိသော လူသားအရင်းအမြစ်များ မွေးထုတ်ပေးရန် သင်တန်း အပတ်စဉ် ၃ တွင် မူဝါဒ၊ မူဝါဒစက်ဝန်း၊ မူဝါဒဖြစ်စဉ် အစရှိသည့် သင်တန်းများ၊ မီဒီယာ၊ သဘာဝ ပတ်ဝန်းကျင် စသည့် ဘာသာရပ်များ အပါအဝင် စုစုပေါင်း ၁၅ ဘာသာကို ပို့ချပေးနေကြောင်း ကုမ္ပဏီ၏ ၀ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။
သင်တန်းကာလမှာ ၃ လဖြစ်ပြီး သင်တန်းကြေးမှာ ကျပ်ငွေ ၂ သိန်း သတ်မှတ်ထားသည်။
စီးပွားရေးဖြစ် ဖွင့်လှစ်သော သင်တန်းမဟုတ်ဘဲ နိုင်ငံတည်ဆောက်ရေးတွင် တထောင့်တနေရာမှ ပါဝင်ခြင်းဖြစ်ရာ သင်တန်းကြေးအတွက် အခက်အခဲရှိသော ကျောင်းသားများအနေဖြင့် သက်သာကင်းလွတ်ခွင့် လျှောက်ထားနိုင်သည်ဟုလည်း ဖော်ပြထားသည်။
ကြေညာချက်ထဲတွင်မူ အရက်ဖက် လူ့အဖွဲ့အစည်း၏ ပါတီနိုင်ငံရေး၊ တနည်းအားဖြင့် အာဏာနိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်ခွင့်ပြုမည့် အနေအထားတွင် သူတို့အနေဖြင့် အမျိုးသားနိုင်ငံရေး တည်ဆောက်ရေး လုပ်ငန်းများကို ပူးပေါင်းပါ၀င်သူများနှင့် ကျယ်ပြန့်စွာ ထိတွေ့လုပ်ဆောင်သွားရန် ပြင်ဆင်လျက်ရှိသည်ဟု ဆိုသည်။