ကျိုက်ထိုမှာ မီးလောင်

ကျိုက်ထိုမှာ မီးလောင်
မွန်ပြည်နယ် ကျိုက်ထိုမြို့ရှိ စျေးဆိုင်ခန်း ၃ ခန်း ယမန်နေ့က မီးလောင်ကျွမ်းခဲ့သည်။ ကျိုက်ထိုမြို့ တောင်သူရပ်ကွက် ဗိုလ်ချုပ်လမ်းဘေးရှိ ဦးမျိုးနိုင် (၄၇ နှစ်အရွယ်) ပိုင်ဆိုင်သော ကုန်မျိုးစုံနှင့် စက်သုံးဆီအမျိုးမျိုး အရောင်းဆိုင်မှ စတင် ...

ရန်ကုန် (မဇ္ဈိမ)။     ။ မွန်ပြည်နယ် ကျိုက်ထိုမြို့ရှိ စျေးဆိုင်ခန်း ၃ ခန်း ယမန်နေ့က မီးလောင်ကျွမ်းခဲ့သည်။

ကျိုက်ထိုမြို့ တောင်သူရပ်ကွက် ဗိုလ်ချုပ်လမ်းဘေးရှိ ဦးမျိုးနိုင် (၄၇ နှစ်အရွယ်) ပိုင်ဆိုင်သော ကုန်မျိုးစုံနှင့် စက်သုံးဆီအမျိုးမျိုး အရောင်းဆိုင်မှ စတင်၍ ညနေ ၆ နာရီခန့်တွင် မီးလောင်ရာ အနီးရှိ ပန်းရိုးမ စားသောက်ဆိုင်နှင့် လေထိုးကျွတ်ဖာဆိုင်သို့ပါ ကူးစက်လောင်ကျွမ်းခဲ့သည်။

“စလောင်တဲ့ ဆိုင်က ဆီမှောင်ခိုရောင်းတဲ့ဆိုင်၊ ရာဘာလည်း လှောင်တယ်။ အဲ့ဒီအနား ၀န်းကျင်မှာလည်း ဆီလှောင်တဲ့သူတွေ၊ ရာဘာလှောင်တဲ့သူတွေ အများကြီး။ အနီးနားက လူတွေက သိတော့ ကိုယ်လွတ်ပဲ ရုန်းပြေးကြတာ“ ဟု ဒေသခံ မျက်မြင်ဒေသခံက ပြောသည်။

အခင်းဖြစ်ရာသို့ ကျိုက်ထို၊ ဘီးလင်း၊ ဝေါ၊ သထုံ၊ စစ်တောင်း စက္ကူစက်နှင့် ကျိုက္ကော်မြို့မှ မီးသတ်ကား ၆ စီးနှင့် ကျိုက်ထိုမြို့ ကင်ပွန်းစခန်းရှိ တပ်မ ၄၄ မှ  ရေသယ်ယာဉ် ၃ စီးဖြင့် ၀ိုင်းဝန်းငြိှမ်းသတ်ခဲ့သည်။

လောင်စာ အားကောင်းမှုကြောင့် ည ၉ နာရီခန့်မှသာ လုံးဝ ငြိှမ်းသတ်နိုင်ခဲ့ကြသည်။   

ဆိုင်ခန်း ၃ ခန်းမှာ သွပ်မိုး၊ အုတ်အင်္ဂတေ အဆောက်အဦများဖြစ်ပြီး၊ ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်းပေါင်း ၁၅၀ ခန့် ရှိမည်ဟု တောင်သူစုရပ်ကွက်မှ ရပ်ကွက်လူကြီးတဦးက ခန့်မှန်းပြောဆိုသည်။

မီးတောက်မီးလျှံများ ကြီးမားစွာ ထွက်လာသဖြင့် အနီးပတ်ဝန်းကျင်မှ လူများ ကြောက်လန့်တကြား ထွက်ပြေးစဉ် တွေ့ရာဆိုင်များအတွင်း ၀င်ရောက်လုယက်မှုများလည်း ဖြစ်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများက ဆိုသည်။

“ရှမ်းစုဘုန်းကြီးကျောင်းက ဘုန်းကြီးတွေက ၀င်ထိန်းပေးကြတယ်။ လုတာယက်တာတွေရော၊ ဆိုင်တွေကို

ဖောက်ပြီး ပစ္စည်းတွေ မသွားတာကော၊ ၀ရုန်းသုန်းကား ဖြစ်နေကြတာ။ နောက်မှ စစ်တပ်နဲ့ ရဲတွေ ရောက်လာတော့ ထိန်းနိုင်သွားတယ်” ဟု ဒေသခံတဦးက ပြောသည်။

အဆိုပါ ဖြစ်ရပ်များကြောင့် ရန်ကုန်-မော်လမြိုင် ကားလမ်းလည်း ခေတ္တမျှ ပိတ်ဆို့သွားခဲ့သည်။