ထိုင်းနယ်စပ်မြို့ဖြစ်သည့် မဲဆောက်ဒေသရှိ မွေးမြူရေးကြက်ခြံများတွင် ရောဂါဖြစ်ပွားပြီး နေ့စဉ် ကြက်များ သေဆုံး နေသည်ဟု မွေးမြူရေးသမားများနှင့် ဆေးဝန်ထမ်းများက ပြောသည်။
မည်သည့်ရောဂါကြောင့် သေဆုံးသည်ကို အတိအကျ မပြောနိုင်သေးပဲရှိပြီး မွေးမြူရေးသမားများက အခြား ကြက်များ သတ်ဖြတ်ခံရမည်ကို စိုးရိမ်သဖြင့် သေဆုံးမှုများကို ဖုံးဖိထားကြသည်။
ယခုလဆန်းပိုင်းမှစ၍ မွေးမြူရေးကြက်ခြံမှ ကြက်များသည် မှိုင်ပြီး အတောင်ပံကျနေရာမှ သေခြင်းဖြစ်သည်ဟု မဲဆောက်ရှိ ကြက်မွေးမြူရေး လုပ်သားကပြောသည်။
“ကျနော်တို့ကြက်ခြံမှာလည်း ကြက်ငှက်တုတ်ကွေးရောဂါဖြစ်တယ်လေ။ နည်းနည်းတော့ ဂရုစိုက် ရတာပေါ့။ ကျနော်တို့နဲ့ ဒီကနဲ့ ပတ်သက်တဲ့ ခြံတွေ တခြားခြံတွေ ဆိုလို့ရှိရင်တော့ ဟုတ်တယ် အသေအပျောက်လည်းရှိတယ်။ ဒီနေ့မျိုးဖြစ်တယ်ဆိုရင် နောက်နေ့ဆိုသေပြီပဲ။ ညနေဘက်ဖြစ်ရင် မနက်ဆိုရင် ကြက်ကောက်ပဲ။ အဲဒါမျိုးဖြစ်နေတယ်။ ဒါပေမယ့် အဲဒီကိစ္စကို ဘယ်သူမှ မပြောကြဘူး။ ဘာဖြစ်လို့ မပြောလဲဆိုတော့ သိတဲ့အတိုင်းပဲ ပြောရင် ပိတ်ခံထိမယ် လို့ ထင်တာပဲ။”
မဲဆောက်မြို့ဝန်းကျင်ရှိ မယ်တောင်တိုက်၊ မယ်ကု၊ ဟွေးကလုတ် ဖုတ်ဖရနှင့် မယ်ဆောက်မြို့ မြောက်ဖက်တွင် မွေးမြူရေးကြက်ခြံ အများအပြားမွေးမြူသည့် မယ်ရမတ်မြို့တွင် ကြက်သေဆုံးမှုများ အများဆုံး ဖြစ်ပွားနေ သည်ဟု ဆေးဝန်ထမ်းတဦးက ပြောသည်။
ကြက်များသေဆုံးသည်မှာ မှန်ကန်ကြောင်း ကြက်ငှတ်တုတ်ကွေးရောဂါအကြောင်းကို စောင့်ကြည့်နေသည့် မယ်တော်ဆေးခန်းမှ နိုက်တင်ဂေး ကျန်းမာရေး ပညာပေးစာစောင် တာဝန်ခံ အယ်ဒီတာ ဆရာဂါမဏိက အတည်ပြုပြောသည်။
“ဖြစ်စဉ်ကတော့ ကြက်ခြံတွေမှာတော့ ခါတိုင်းလိုမဟုတ်ပဲနဲ့ ထူးထူးခြားခြား ကြက်သေနှုံးတွေ များလာတာပေါ့နော်။ ကြက်တွေကလည်း နာတာတွေ မှိုင်တာတွေ ဖြစ်လာတာပေါ့။ ကြက်သေနှုံး ကတော့ အရင်ကဆို နှစ်ပတ်ကို တကောင်လောက်ပဲ ရှိတယ်။ ကြက်သေတာလေ။ ဒါကတော့ ပုံမှန် ပေါ့၊ နင်းမိတာတို့ ဘာတို့ပေါ့။ အတောင်ညှပ်တာတို့ သံဇကာညှပ်တာတို့ သေတာတို့ ရှိတာပေါ့။ ဒါပေမယ့် အခုကျတော့ တရက်ကိုပဲ သုံးကောင်၊ လေးကောင်လောက် ဖြစ်လာတာပေါ့။”
မွေးမြူရေးသမားများက သတင်းဖုံးဖိထားမှုကြောင့် ဒေသတွင်းရှိ ကျန်းမာရေးဌာနနှင့် အာဏာပိုင်များက ကြက် သေဆုံးမှုနှင့် ပတ်သက်ပြီး စုံစမ်းမှု တစုံတရာ ပြုလုပ်ခြင်း မရှိသေး သလို ကြက်ငှတ်တုတ်ကွေး ပညာပေးများ လည်း သတိပေး နိုးဆော်ထား ခြင်းမရှိသေးပေ။
မယ်ဆောက်ဒေသခံနှင့် မြန်မာအလုပ်သမားများမှာ ကြက်သေဆုံးနေသည်ကို မသိရှိသဖြင့် ရောင်းဝယ် စားသောက်မှု ပုံမှန်ပြုလုပ်နေသည်ဟု မဲဆောက်ရှိ မြန်မာနိုင်ငံသားများက ပြောသည်။
“လက္ခဏာကတော့ ခါတိုင်းကြက်နေမကောင်းတဲ့ ပုံစံမျိုးတွေပါပဲ။ သူတို့ကတော့ သိပ်မကွာဘူး ပြောတယ်။ သူတို့ကလည်း တခုခုဖြစ်ရင်တော့ အလုပ်သမားတွေကလည်း ကြက်ငှတ် တုတ်ကွေးလို့ နာမည်တပ်ချင်နေကြတယ်ပေါ့။ ဒါပေမယ့် တကယ်တမ်းကျတော့ စာအုပ်ထဲမှာ ကြည့်မယ်ဆိုရင်တော့ ကြက်ငှက်တုတ်ကွေး လက္ခဏာနဲ့ ကျန်တဲ့ ကြက်ရောဂါ တွေရဲ့ လက္ခဏာတွေကလည်း သိပ်အကွာ ကြီးတော့ မဟုတ်ဘူး။ ဒါတွေက ဓာတ်ခွဲခန်းမှာ စမ်းသပ်မှပဲ သိမှာပါ။” ဟု ဆရာဂါမဏိ က ဆက်ပြော သည်။
မြန်မာအလုပ်သမားများကြားတွင်မူ ကြက်သေဆုံးမှုများနှင့် ပတ်သက်ပြီး တီးတိုးပြောဆိုမှုများ ရှိနေသည်၊
မဲဆောက်ရှိ မြန်မာနိုင်ငံအလုပ်သမား သွေးစည်းညီညွှတ်ရေးအဖွဲ့မှ ဖွင့်လှစ်ထားသည့် စာသင်ကျောင်း တွင်လည်း ကြက်ငှတ်တုတ်ကွေး ကူးစက်မည် စိုးရိမ်သဖြင့် ကြက်သား မစားရန် ပိတ်ပင်ထားသည်ဟု ကျောင်းမှ ဆရာမ မတိုးက ပြောသည်။
“များသောအားဖြင့်တော့ ပြောနေကြတာပဲ။ သေတယ်လို့တော့ အတိအကျ မဟုတ်ဘူး။ ကလေးတွေ အတွက် အန္တရာယ်မဖြစ်ဘူးလို့လည်း ပြောလို့မရဘူး။ တခုခုဖြစ်လာတယ်ဆိုရင် ကျမတို့မှာ တာဝန် ရှိတယ်ပေါ့နော်။ ကိုယ်ကကျွေးနေတဲ့လူဖြစ်နေတာကိုး။ အဲဒါကြောင့် ချက်ပေးနေတဲ့လူတွေအဖွဲ့ကို ကျမတို့ပြောလိုက်တယ်။ သူတို့နေ့တိုင်းထမင်းတွေ လာပို့လို့ ရှိရင် မှတ်တမ်းတွေပါတယ်လေ။ ဟင်းကကောင်းရဲ့လား မကောင်းဘူးလား၊ ဘယ်လိုအနေထား ရှိလဲပေါ့။ အဲလိုမှတ်တမ်းတွေ ရေးပေး ရတဲ့ အခါကျတော့ ကျမတို့ မနေ့က ရေးပေးလိုက်တယ်။ ကြက်ငှတ်တုတ်ကွေး ဖြစ်တာများတယ် ဆိုတော့ အန္တရာယ်ရှိတယ်ပေါ့နော်။ အဲဒါကြောင်မို့လို့ ကျမတို့ မစားနိုင်ဘူးလို့ ကျမတို့ ရေးပေး လိုက်တယ်။” ဟု ဆရာမ မတိုးက ပြောသည်။
ပြီးခဲ့သည့်နှစ် နို၀င်ဘာလတွင် ထိုင်းနိုင်ငံမြောက်ပိုင်းတွင် ကြက်ငှက်တုတ်ကွေး ရောဂါ ဖြစ်ပွား သဖြင့် ထိုင်းနိုင်ငံ မြောက်ပိုင်း တာခ်ခရိုင်အပါအဝင် ပြည်နယ် ၉ ခုကို အနီးကပ်စောင့်ကြည့် လေ့လာရန် ထိုင်းကျန်းမာရေး ၀န်ကြီး ဌာက သတိပေး ကြေညာခဲ့သည်။
ထိုင်းနိုင်ငံတွင် ၂၀၀၄ - ၂၀၀၅ ခုနှစ်တွင် ကြက်ငှက်တုတ်ကွေးရောဂါ ၂၅ ဦး ကူးစက်ပြီး ၁၇ ဦး သေဆုံးခဲ့သည်။