ထိုင်းစစ်ဦးစီးချုပ်နှင့် မြန်မာစစ်ခေါင်းဆောင် ရိုဟင်ဂျာကိစ္စ ဆွေးနွေးဖွယ်ရှိ

ထိုင်းစစ်ဦးစီးချုပ်နှင့် မြန်မာစစ်ခေါင်းဆောင် ရိုဟင်ဂျာကိစ္စ ဆွေးနွေးဖွယ်ရှိ
by -
ဆလိုင်းပီပီ
ထိုင်းစစ်ဦးစီးချုပ် အနုဖုန်း ဖောင်ဝ်ဂျင်းဒါးသည် မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် နေပြည်တော်တွင် ရိုဟင်ဂျာများကိစ္စကို ဆွေးနွေးဖွယ်ရှိကြောင်း ထိုင်းနိုင်ငံခြားရေး ၀န်ကြီးရုံးက ဆို ...

နယူးဒေလီ (မဇ္ဈိမ)။     ။ ထိုင်းစစ်ဦးစီးချုပ် အနုဖုန်း ဖောင်ဝ်ဂျင်းဒါးသည် မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် နေပြည်တော်တွင် ရိုဟင်ဂျာများကိစ္စကို ဆွေးနွေးဖွယ်ရှိကြောင်း ထိုင်းနိုင်ငံခြားရေး ၀န်ကြီးရုံးက ဆိုသည်။   

ရိုဟင်ဂျာကိစ္စ ဆွေးနွေးရန် မျှော်လင့်သည်ဟူ၍ ထိုင်းစစ်ဦးချုပ်ကလည်း သူ့ခရီးစဉ် မထွက်ခွာမီ ဘန်ကောက်တွင် သတင်းထောက်များကို ပြောကြားခဲ့သေးသည်။  

"ဖြစ်နိုင်ပါတယ်။ အဲဒီကိစ္စ (ရိုဟင်ဂျာကိစ္စ)က စကားဝိုင်းထဲ ပါပါလိမ့်မယ်" ဟု ထိုင်းနိုင်ငံခြားရေးရုံး အရာရှိတဦးက မဇ္စျိမကို ပြောသည်။

ထိုင်းအရာရှိက "စစ်ဦးစီးချုပ်က ဘယ်အကြောင်းအရာကို တိတိပပ ဆွေးနွေးမယ်လို့တော့ မဟုတ်ဘူး။ အာဆီယံ (အရှေ့တောင်အာရှ နိုင်ငံများအသင်း) ရဲ့ ဘောင်ထဲမှာ ကျနော်တို့တွေ နှစ်နိုင်ငံစစ်တပ် ပူးပေါင်းဆောင်ရွက်ရေး ဘယ်လို လုပ်နိုင်မလဲဆိုတဲ့ အမြင်တွေ ဖလှယ်ဖို့ပါတယ်" ဟု ပြောသည်။

နှစ်ရက်ကြာ သူ၏ ခရီးစဉ်အဖြစ် ယမန်နေ့က မြန်မာပြည်သို့ စတင်ရောက်ရှိလာရာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခဲ့ပြီး ဖြစ်သည်ဟု မြန်မာသတင်းစာ New Light of Myanmar က ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။   

ရိုဟင်ဂျာများသည် ထိုင်းကမ်းခြေတွင် အသုတ်လိုက် ရောက်ရှိလာရာ ထိုင်းစစ်တပ်က အင်ဂျင်မပါသော စက်လှေများပေါ်သို့ သူတို့ကို ပြန်တင်လွှတ်ခဲ့သည်ဟု သတင်းများက ဆိုခဲ့သည်။   

ထို့နောက် အင်ဒိုနီးရှားနိုင်ငံ ဆဘန်ကျွန်းတွင် လှေစီးပြေး ရိုဟင်ဂျာ ၄၀၀ ကျော်ကို ကယ်ဆယ်ခဲ့ရပြီး အိန္ဒိယနိုင်ငံ အန်ဒမန်ကျွန်းတွင်လည်း ရာနှင့်ချီ၍ ကယ်ခဲ့ရသည်။

မသေမပျောက် ကျန်ရစ်သူ ရိုဟင်ဂျာများက သူတို့သည် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ လာကြသည်ဟု ပြောဆိုနေချိန်တွင် မြန်မာစစ်အစိုးရက မြန်မာပြည်တွင် ရိုဟင်ဂျာလူမျိုး ဟူ၍ မရှိကြောင်း ယတိပြတ် ငြင်းခဲ့သည်။   

ထိုင်းအရာရှိက ယခုလ ၂၇ ရက်နေ့မှ လာမည့် မတ်လ ၁ ရက်နေ့အထိ ထိုင်းနိုင်ငံတွင် ကျင်းပမည့် အာဆီယံ အစည်းအဝေးတွင် ရိုဟင်ဂျာ ကိစ္စကို တင်ပြသွားမည်ဟု ဆိုသည်။  

"အာဆီယံ အစည်းအဝေးမှာ ရိုဟင်ဂျာကိစ္စ တင်ပြဆွေးနွေးသွားဖို့ ကျနော်တို့ သင့်တော်လျောက်ပတ်တဲ့ နည်းလမ်း ရှာနေတယ်" ဟု သူက ပြောသည်။  

"ဒါပေမဲ့ စုံညီ အစည်းအဝေးမှာ ပုံမှန် ဆွေးနွေးသွားရမယ့် အကြောင်းအရာတော့ မဟုတ်ဘူးပေါ့။ အစည်းအဝေး ဆွေးနွေးမယ့် ခေါင်းစဉ်တွေ အပြောင်းအလဲ မရှိသေးပါဘူး" ဟု သူက ဆက်ပြောသည်။

လွန်ခဲ့သည့်လက ထိုင်းရေတပ်က ကယ်တင်ခဲ့သော ရိုဟင်ဂျာ ဒုက္ခသည်များမှာ ထိုင်းတောင်ပိုင်း ရနောင်းရှိ ဆေးရုံတခုတွင် ဆေးကုသမှု ခံယူနေပြီး၊ နိုင်ငံတွင်းသို့ တရားမဝင် ၀င်ရောက်မှုဖြင့် တရားစွဲဆိုခံရမည်ဟု သူက ပြောဆိုလိုက်သည်။