ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒေါ်စု တွေ့ဆုံဆွေးနွေးရန် ဒီချုပ် ထပ်လောင်းတောင်းဆို

ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒေါ်စု တွေ့ဆုံဆွေးနွေးရန် ဒီချုပ် ထပ်လောင်းတောင်းဆို
ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် နေအိမ်အကျယ်ချုပ် ကျခံနေရသော ဒေါ်အောင်ဆန်းစုကြည်တို့ ကြိုတင် စည်းကမ်းသတ်မှတ်ချက် မထားဘဲ တွှေ့ဆုံဆွေးနွေးမှု ပြုလုပ်ရန် အတိုက်အခံ နိုင်ငံရေးပါတီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ယနေ့ ထပ်လောင်း တောင်းဆို ...

နယူးဒေလီ (မဇ္ဈိမ) ။     ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် နေအိမ်အကျယ်ချုပ် ကျခံနေရသော ဒေါ်အောင်ဆန်းစုကြည်တို့ ကြိုတင် စည်းကမ်းသတ်မှတ်ချက် မထားဘဲ တွှေ့ဆုံဆွေးနွေးမှု ပြုလုပ်ရန် အတိုက်အခံ နိုင်ငံရေးပါတီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ယနေ့ ထပ်လောင်း တောင်းဆိုလိုက်သည်။

"အပြန်အလှန် ငြင်းခုံရေးသားနေကြမည့်အစား အဆုံးအဖြတ်ပေးနိုင်သည့် အဆိုပါ ပုဂ္ဂိုလ်ကြီးနှစ်ဦးတို့သည် ကြိုတင်၍ စည်းကမ်း သတ်မှတ်ချက်များ မထားဘဲ ကိုယ်တိုင်ကိုယ်ကျ အမြန်ဆုံး တွေ့ဆုံဆွေးနွေး ညှိနှိုင်းကြခြင်းသည်သာ တိုင်းပြည်အတွက် အထူးတလည် အကျိုးကျေးဇူးများ ပေါ်ပေါက်လာနိုင်ရန် အသင့်လျော်ဆုံး နည်းလမ်းဖြစ်သည်။" ဟု အဖွဲ့ချုပ်၏ အင်္ဂါနေ့က ထုတ်ပြန်သော အထူးကြေညာချက်တွင် ပါရှိသည်။

ကြေညာချက်သည် ကုလသမဂ္ဂ လူ့အခွင့်အရေး ကျွမ်းကျင်သူ တောမတ် အိုဂျေ ကွင်တားနား မြန်မာနိုင်ငံသို့ ရောက်ရှိလည်ပတ်နေခိုက် ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။

အဖွဲ့ချုပ်အနေဖြင့် တွေ့ဆုံဆွေးနွေးရေးအတွက် "အစဉ်အမြဲ တံခါးဖွင့်ထားသည်" ဟု ပါရှိပြီး ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြင်သာပြောင်းသာစွာဖြင့် တွေ့ဆုံဆွေးနွေးမည်ဟု မေလ၊၂၀၀၂ ခုနှစ် က ပြောခဲ့သည့်စကားကို ထပ်မံကိုးကား ဖော်ပြထားသည်။

ထို့အပြင် ထိပ်တိုက်ရင်ဆိုင်ရေး၊ အလုံးစုံပျက်သုံးရေး၊ စီးပွားရေး ပိတ်ဆို့မှုတို့သည် တိုင်းပြည်နှင့် ပြည်သူလူထုကို အကျိုးမရှိကြောင်းနှင့် နှစ်ဦးနှစ်ဘက် ပူးပေါင်း ဆောင်ရွက်ကြရန် ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသို့ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်မှတဆင့် အကြောင်းကြားထားပြီး ဖြစ်သည်ဟုလည်း ပါရှိသည်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း ကိုယ်တိုင် မြန်မာနိုင်ငံသို့လာ၍ သက်ဆိုင်ရာအာဏာပိုင်များနှင့် တွေ့ဆုံဆွေးနွေးမှသာ မြန်မာနိုင်ငံ၏ အခြေအနေသည် တစုံတရာ ပိုမိုကောင်းမွန်လာနိုင်မည်ဖြစ်ကြောင်း အန်အယ်ဒီက ယနေ့ပြောသည်။

 "အဓိကကတော့ ဘန်ကီမွန်းကိုယ်တိုင် ဒီကြေညာချက်မှာပါတဲ့သဘောထားတွေကို အခြေခံပြီးတော့ သူကိုယ်တိုင် မြန်မာပြည်လာပြီးတော့ ဆောင်ရွက်မယ်ဆိုရင် မစ္စတာဂမ်ဘာရီလာတဲ့အခြေအနေထက်ကို ပိုပြောင်းလဲလာနိုင်တယ်။ ဘန်ကီမွန်းရဲ့သဘောထားကို သူကိုယ်တိုင် မြန်မာပြည်မှာလာပြီးတော့ အာဏာပိုင်တွေနဲ့ တွေ့ဆုံဆွေးနွေးမယ်ဆိုရင် ရာနှုန်းပြည့်အောင်မြင်မှုကြီးမရတောင် လက်ရှိအခြေအနေထက် တစုံတရာ ကောင်းမွန်တဲ့အခြေအနေမျိုး ဖြစ်ပေါ်လာနိုင်မယ်လို့ ကျနော်တို့ဘက်က မျှော်လင့်ပါတယ်" ဟု အထူးကြေညာချက် အမှတ် ၂ /၀၂/၀၉ ကို ထုတ်ပြန်ပြီးနောက် အဖွဲ့ချုပ် ပြန်ကြားရေးအဖွဲ့ဝင် သင်္ဃန်းကျွှန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) အဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က မဇ္စျိမသို့ပြောသည်။

ကုလအထွေထွေအတွင်းရေးမှုးချုပ်၏ မြန်မာနို်င်ငံဆိုင်ရာ နို်င်ငံရေးရာ အထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂမ်ဘာရီသည် ဇန်နဝါရီ ၃၀ ရက်နေ့မှ ဖေဖော်ဝါရီ ၂ ရက်နေ့အထိ မြန်မာနို်င်ငံသို့လာရောက်လည်ပတ်ပြီး နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးနှင့် နှစ်ဖက်တွေ့ဆုံဆွေးနွေးရေးဖြစ်မြောက်အောင် ထပ်မံနားချတိုက်တွန်းကြိုးပမ်းခဲ့သော်လည်း အတိုက်အခံများက မအောင်မြင်သော ခရီးစဉ်ဟု တညီတညွတ်တည်း ထုတ်ဖော်ပြောဆိုခဲ့ကြသည်။