ဗိုလ်ချုပ်မှုးကြီး သန်းရွှေက မြောက်ကိုရီးယား ခေါင်းဆောင် မွေးနေ့ သဝဏ်လွှာပို့

ဗိုလ်ချုပ်မှုးကြီး သန်းရွှေက မြောက်ကိုရီးယား ခေါင်းဆောင် မွေးနေ့ သဝဏ်လွှာပို့
by -
ကို၀ုိင်း
မြောက်ကိုရီးယား ခေါင်းဆောင်၏ မွေးနေ့သို့ မြန်မာစစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ၀မ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ခြင်းဖြင့် နှစ်နိုင်ငံအကြား ပြေပြစ်သည့် ဆက်ဆံရေးကို ထပ်မံ၍ ထူထောင်လိုက်ကြောင်း ယနေ့ ပြသလိုက် ...

ချင်းမိုင် (မဇ္စျိမ) ။    ။ မြောက်ကိုရီးယား ခေါင်းဆောင်၏ မွေးနေ့သို့ မြန်မာစစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ၀မ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ခြင်းဖြင့် နှစ်နိုင်ငံအကြား ပြေပြစ်သည့် ဆက်ဆံရေးကို ထပ်မံ၍ ထူထောင်လိုက်ကြောင်း ယနေ့ ပြသလိုက်သည်။

မြောက်ကိုရီးယား (ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ) နိုင်ငံတော်ကာကွယ်ရေး ကော်မရှင် ဥက္ကဋ္ဌ မစ္စတာကင်ဂျုံအီး Kim Jong-il ၏ ယနေ့ကျရောက်သော ၆၇ နှစ်မြောက် မွေးနေ့သို့ မြန်မာစစ်ခေါင်းဆောင်က သဝဏ်လွှာပေးပို့ကြောင်း ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားခြင်းဖြစ်သည်။

မြောက်ကိုရီးယားသည် ၁၉၈၃ ခုနှစ်တွင်် မြန်မာနိုင်ငံသို့ အလည်အပတ် ရောက်လာသည့် တောင်ကိုရီးယားသမ္မတ မစ္စတာချန်ဒူးဝမ်နှင့် ဝန်ကြီးများအား ဗုံးထောင်၍ လုပ်ကြံသတ်ဖြတ်ခဲ့ပြီးနောက် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ပြတ်တောက်ခဲ့သည်။

သို့သော်လည်း လူ့အခွင့်အရေးများ ချိုးဖောက်ပြီး ဒေသဆိုင်ရာ တည်ငြိမ်ရေးကို ခြိမ်းခြောက်နေသဖြင့် နှစ်နိုင်ငံ အစိုးရများအား အနောက်နိုင်ငံများက ဝိုင်းပယ်နေစဉ် ၂ဝဝ၇ ခုနှစ် နိုဝင်ဘာလတွင် ပြန်လည်၍ သံတမန်အဆက်အသွယ် ပြုခဲ့သည်။ ပြည်ဝင်ခွင့်ဗီဇာ ကင်းလွတ်ရေး စာချုပ်များလည်း မကြာသေးခင်က ချုပ်ဆိုခဲ့သည်။

ထို့အပြင် မြန်မာစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းကလည်း အစိုးရကိုယ်စားလှယ်အဖြစ် ပြီးခဲ့သည့်နှစ် အောက်တာဘာလအတွင်းက မြောက်ကိုရီးယားသို့ အလည်အပတ်ခရီး သွားရောက်ခဲ့သေးသည်။

နိုင်ငံတကာ၏ လက်နက်ရောင်းချမှု ပိတ်ပင်ခံနေရသော မြန်မာစစ်အစိုးရအား မြောက်ကိုရီးယားက လက်နက်များ ရောင်းချပေးနေကြောင်း သတင်းများလည်း ထွက်ပေါ်နေချိန်တွင် ယခုလို မွေးနေ့သဝဏ်လွှာကို မြန်မာစစ်ခေါင်းဆောင်က ပေးပို့ခဲ့ခြင်းလည်း ဖြစ်သည်။

ဘုရှ်အစိုးရလက်ထက်တွင် အမေရိကန်နို်င်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ကွန်ဒိုလီဇာရိုက်စ်က မြောက်ကိုရီးယား၊ မြန်မာနှင့် အီရန်တို့ကို " မိစ္ဆာ နို်င်ငံများ" ဟု ခေါ်ဝေါ် သမုတ်ခဲ့ဖူးသည်။

နိုင်ငံတော်ကာကွယ်ရေး ကော်မရှင်ဥက္ကဋ္ဌ၊ ကိုရီးယား ပြည်သူ့တပ်မတော် အကြီးအကဲ၊ ကိုရီးယား အလုပ်သမားပါတီ အထွေထွေအတွင်းရေးမှူးဖြစ်သူ မစ္စတာကင်ဂျုံအီးအား ၁၉၄၂ ခု ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် Paektu တောတောင်ထဲရှိ ပြောက်ကျားတပ်စခန်းတခု၌ မွေးဖွားခဲ့သည်ဟု ရိုက်တာသတင်းတပုဒ်က ရေးသားခဲ့ဖူးသည်။

မြောက်ကိုရီးယားနိုင်ငံကို ဦးဆောင်ထူထောင်ခဲ့သူ ဖခင် Kim Il-sung ကင်အီဆွန်း ၁၉၉၄ ခုနှစ်တွင် ကွယ်လွန်ပြီးနောက် သူက အာဏာရလာခဲ့သည်။

မစ္စတာကင်ဂျုံအီး လေဖြတ်ခံထားရပြီး သူ၏နေရာကို ဆက်ခံမည့်သူ ရှာဖွေနိုင်ရေး အခက်အခဲများရှိနေကြောင်း သတင်းများက ဖော်ပြကြသော်လည်း မြောက်ကိုရီးယားဘက်ကမူ အတည်ပြုခြင်းမရှိဘဲ တပ်မတော်ကို စစ်ဆေးနေသည့် သူ၏ ဓာတ်ပုံများကို ဖော်ပြခဲ့သည်။

အနုမြူလက်နက်ပိုင်ဆိုင်ကြောင်း သံသယအရှိခံရသည့် မြောက်ကိုရီးယားနိုင်ငံတွင် ကင်ဂျုံအီးက ဖခင်ထံမှ အာဏာလွဲပြောင်းယူသကဲ့သို့ သူ၏ သား ၃ ဦးအနက် မည်သူ့ကို အာဏာလွဲပေးမည်ကို အများက စောင့်ကြည့်လျက်ရှိသည်။

အသက် ၃၇ နှစ်အရွယ် အကြီးဆုံးသား ကင်ဂျုံနမ်း Kim Jong-nam သည် ၂၀၀၁ ခုနှစ်တွင် ဂျပန်နိုင်ငံ၌ နိုင်ငံကူးလက်မှတ်အတုဖြင့် ဖမ်းမိခဲ့ပြီးနောက် လူကြိုက်နည်းလာခဲ့ကြောင်း BBC သတင်းတပုဒ်တွင် ဖော်ပြသည်။

အသက် ၂၇ နှစ်အရွယ် သားအလတ် ကင်ဂျုံချိုးသည် ဖခင် တာဝန်နှင့်သွားလာသော ခရီးများတွင် လိုက်ပါရလေ့ရှိသော်လည်း အာဏာကိုမူ မည်သူဆက်ခံမည်ဆိုသည့် ထင်ကြေးများတွင် ပါဝင်ခြင်းမရှိကြောင်းနှင့် အသက် ၂၅ နှစ်အရွယ် အငယ်ဆုံးသား ကင်ဂျုံအွန်း Kim Jong-un မှာ အသက်ငယ်လွန်းနေသဖြင့် ကိုရီးယားထုံးစံအရ အာဏာဆက်ခံရန် အခက်အခဲရှိနေကြောင်း BBC သတင်းက ဆိုသည်။