လေပြင်းသတင်းကြောင့် ဖျာပုံသားများ စိုးရိမ်နေ

လေပြင်းသတင်းကြောင့် ဖျာပုံသားများ စိုးရိမ်နေ
by -
နန်းဒေဝီ
တနာရီလျှင် မိုင်ပေါင်း ၁၀၀ ကျော်အထိ တိုက်ခတ်နိုင်သည့် စိုက်ဆင်းလေပြင်းတခု ကျရောက်မည့် သတိပေးချက်ကြောင့် ဖျာပုံဒေသခံများအကြား စိုးရိမ်မှုများ ဖြစ်ပေါ်နေ ...

နယူးဒေလီ (မဇ္စျိမ) ။   ။ တနာရီလျှင် မိုင်ပေါင်း ၁၀၀ ကျော်အထိ တိုက်ခတ်နိုင်သည့် စိုက်ဆင်းလေပြင်းတခု ကျရောက်မည့် သတိပေးချက်ကြောင့် ဖျာပုံဒေသခံများအကြား စိုးရိမ်မှုများ ဖြစ်ပေါ်နေသည်။  

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာထွန်းလွင်က ယခုလအတွင်း မြန်မာပြည်မြောက်ပိုင်း ဒေသများတွင် စိုက်ဆင်းလေပြင်း ကျရောက်နိုင်သဖြင့် လေကြောင်း၊ ရေကြောင်း ခရီးသွားမည့်သူများ အထူးသတိထားရန် ရန်ကုန်အခြေစိုက် The Voice သတင်းဂျာနယ်တွင် ပြောဆိုချက်ကို သိရပြီးနောက် နောက်ထပ်ဖြစ်ပေါ်လာမည့် မုန်တိုင်းကြောင့် ဖျာပုံလူထုများအကြား စိုးရိမ်နေကြခြင်းဖြစ်သည်။   

"လူတွေက ကြောက်နေကြတာ။ ဂျာနယ်မှာ အခုလို ဇလဗေဒ ဌာနက လူကြီးကိုယ်တိုင် ပြောတယ်ဆိုတော့ ကြောက်နေကြတာ။ အရင်က တခါမှ ဒါမျိုး ဂျာနယ်တွေထဲမှာ မပါဖူးဘူး" ဟု  ဖျာပုံ နာဂစ်ကူညီပံ့ပိုးရေးတွင် လုပ်ကိုင်နေသူတဦးက ပြောသည်။   

သူက ဆက်ပြီး "ကျနော်ကိုယ်တိုင် မနက်ဖြန် လေကြောင်းနဲ့ သွားမယ်ဆိုတော့ ကြောက်နေတယ်" ဟု ဆိုသည်။   

ယခုတပတ်ထုတ် The Voice တွင် လေတိုက်နှုန်း တနာရီ ၁၁၁ မိုင်နှင့်အထက် တိုက်ခတ်လာပါက ရေယာဉ်များ အရေးပေါ် ပြောင်းရွှေ့ရမည့်နေရာများအဖြစ် ပုဇွန်တောင်မြို့နယ်၊ မဟာဗန္ဓုလတံတားနှင့် သာကေတ တံတားဟောင်းတို့တွင် ရေယာဉ်များအားလုံး ရပ်နားရန် နေရာ ၃ နေရာအဖြစ် သတ်မှတ်ထားကြောင်း ဖော်ပြထားသည်။   

ဖျာပုံမြို့ ဒေသခံများကမူ ယခုလို မုန်တိုင်းများ ဖြစ်ပေါ်လာမည့်သတင်းများ ကြားသိရသော်လည်း မည်သည့် ပြင်ဆင်မှုများမှ မရှိသေးကြောင်း သိရသည်။   

''နာဂစ်တုန်းကလည်း ဘာမှ ကြိုသိရတာ မရှိခဲ့ဘူး။ အခုတော့ ကြိုသိရတော့လည်း ဘာလုပ်ရမယ်ဆိုတာ ဘာမှ ပြောတာမရှိသေးဘူး။ နာဂစ်လိုမျိုးတော့ မဖြစ်တော့ဘူးလို့ ပြောခဲ့တယ်၊ အာဏာပိုင်တွေက'' ဟု ဖျာပုံမြို့နေထိုင်သူ အိမ်ရှင်မတဦးက ပြောသည်။

စိုက်ဆင်းလေပြင်းမှာ အနိမ့်ပိုင်းနှင့် မြေပြင်အထက် ပေ ၁၀၀၀ ခန့်တို့တွင် တနာရီလျှင် မိုင် ၁၅၀ မှ မိုင် ၂၀၀ အထိ လေတိုက်နှုန်းရှိကြောင်း သိရသည်။   

မြန်မာနိုင်ငံတွင် ၂၀၀၈ ခုနှစ် မေလဆန်းပိုင်းက တိုက်ခတ်ခဲ့သော တနာရီလျှင် မိုင် ၁၂၀ ပြင်းအားရှိ နာဂစ်မုန်တိုင်းကြောင့် ရန်ကုန်မြို့အပါအဝင်၊ ဧရာဝတီတိုင်းအတွင်းရှိ ဒေသများကို ပျက်စီးခဲ့ကာ၊ သေဆုံး၊ ပျောက်ဆုံးသူ ၁ သိန်း ၄ သောင်းခန့် ရှိခဲ့သည်။