တရုတ်များ မိုင်ဂျာယန်ကို စွန့်ခွာ

တရုတ်များ မိုင်ဂျာယန်ကို စွန့်ခွာ
by -
ဆော်လမွန်
တရုတ်-မြန်မာနယ်စပ် မြန်မာဘက်ခြမ်းရှိ မိုင်ဂျာယန်မြို့လေးသို့ တရုတ်နိုင်ငံက ပေးဝေနေသည့် လျှပ်စစ်မီးနှင့် တယ်လီဖုန်း လိုင်းများကို ဖြတ်တောက်လိုက်သဖြင့် တရုတ်စီးပွားရေး သမားများ ထောင်နှင့်ချီ၍ မြို့ကို စွန့်ခွာကာ တရုတ်ပြည်မကြီးဘက်သို့ ယခုရက်ပိုင်းအတွင်း ထွက်ခွာသွားကြ ...

နယူးဒေလီ (မဇ္ဈိမ)။     ။ တရုတ်-မြန်မာနယ်စပ် မြန်မာဘက်ခြမ်းရှိ မိုင်ဂျာယန်မြို့လေးသို့ တရုတ်နိုင်ငံက ပေးဝေနေသည့် လျှပ်စစ်မီးနှင့် တယ်လီဖုန်းလိုင်းများကို ဖြတ်တောက်လိုက်သဖြင့် တရုတ်စီးပွားရေးသမားများ ထောင်နှင့်ချီ၍ မြို့ကို စွန့်ခွာကာ တရုတ်ပြည်မကြီးဘက်သို့ ယခုရက်ပိုင်းအတွင်း ထွက်ခွာသွားကြသည်။  

ယခုလဆန်းပိုင်းမှစတင်၍ လျှပ်စစ်မီးနှင့် တယ်လီဖုန်းလိုင်းများ ဖြတ်တောက်ပြီးနောက်ပိုင်း တရုတ်လူမျိူး စီးပွားရေးသမား ထောင်ပေါင်းများစွာသည် မြို့ကို စွန့်ခွာကာ တရုတ်ပြည် ဒေသအနှံ့သို့ ထွက်ခွာသွားကြောင်း ဒေသတွင်း သတင်းရပ်ကွက်များက ပြောဆိုကြခြင်းဖြစ်သည်။  

တရုတ်-မြန်မာနယ်စပ်အခြေစိုက် မြန်မာ့အရေးလေ့လာသူ ဦးမြမောင်က "အနည်းဆုံးတရုတ်လူမျိုး ရဝဝဝ လောက် ဖေဖော်ဝါရီလ ၅ ရက်နေ့ကတည်းက မြို့ကနေထွက်ပြီး တရုတ်ပြည်မကြီးထဲ ပြန်ဝင်သွားကြပြီ" ဟု ပြောသည်။  

လျှပ်စစ်နှင့် တယ်လီဖုန်းလိုင်း ဖြတ်တောက်ခံရမှုကြောင့် လုပ်ငန်းငယ်လေးများမှာ အခက်အခဲတွေ့ကြရာ အထူးသဖြင့် ကာစီနိုလောင်းကစားဝိုင်းများမှာ အထိခိုက်ဆုံးဖြစ်ကြောင်းနှင့် ကာစီနိုများ ပိတ်လိုက်ရသဖြင့် မြို့၏ စီးပွားရေးကို အကြီးအကျယ် ထိခိုက်စေကြောင်း သူက ဆက်ပြောသည်။  

"လျှပ်စစ်လည်းမရ၊ ဖုန်းလည်းပြတ်တော့ ကာစီနိုတွေက ဆက်မလုပ်နိုင်တော့ဘူး။  တခြားစီးပွားရေး လုပ်ငန်းတွေလည်း ဒီလိုပဲ။ ဆက်မလည်ပတ်နိုင်တော့ဘူး။ ဒါကြောင့် ဒီကနေ ထွက်သွားကြတာ" ဟု ဦးမြမောင်က သူ့ထင်မြင်ချက်ကို ပြောသည်။  

မိုင်ဂျာယန်မြို့သည် တိုင်းရင်းသား ကချင်သူပုန်အဖွဲ့ဖြစ်သော ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ၏ ထိန်းချုပ်မှုအောက်တွင် ရှိသည်ဟု နယ်စပ်သတင်းရပ်ကွက်များက ပြောသည်။ သို့သော် မြန်မာစစ်အစိုးရနှင့် အပစ်ရပ် KIO သည် ကာစီနို အပါအဝင် စီးပွားရေးလုပ်ငန်း အားလုံးကို တရုတ်စီးပွားရေးသမားများနှင့် ကန်ထရိုက်စာချုပ်များ ချုပ်ဆိုကာ လွတ်လပ်စွာ လုပ်ကိုင်ခွင့်ပေးထားသည်။  

KIO သည် တရုတ်စီးပွားရေးသမားများကို မိုင်ဂျာယန်တွင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခွင့် ပေးထားသည့်အတွက် ၎င်းတို့ထံမှ အနည်းဆုံး တနှစ်လျှင် တရုတ်ယွမ်ငွေ ၆ သန်းအထိ ရရှိသည်ဟု အဆိုပါ သတင်းရပ်ကွက်က ပြောသည်။  

၁၉၉ဝ စုနှစ်များက လူဦးရေ ၁ဝဝဝ ခန့်သာရှိသော မိုင်ဂျာယန်ရွာကလေးမှာ KIO ထိန်းချုပ်ထားသည့်နေရာတွင် တည်ရှိပြီး၊ ဝေးလံခေါင်းပါးကာ ခေတ်နောက်ကျသော ဒေသတခုသာ ဖြစ်ခဲ့သည်။

သို့သော် ၁၉၉၄ ခုနှစ်၌ KIO က စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲပြီးနောက်၊ ဤရွာသိမ်ရွာငယ်လေးသည် ကာစီနိုဝိုင်းများ၊ အခြားစီးပွားရေးလုပ်ငန်းများနှင့် ပြည့်နှက်နေသည့် စီးပွားရေးဗဟိုအချက်အချာဒေသ ဖြစ်လာသည်။  

"မိုင်ဂျာယန်မှာ ကာစီနိုလောင်းကစားဝိုင်းတွေက လွန်ခဲ့တဲ့ ၆ နှစ်၊ ရ နှစ်လောက်ကတည်းက စခဲ့တာ" ဟု ဦးမြမောင်က ပြောသည်။

တရုတ်အာဏာပိုင်များက လျှပ်စစ်မီးနှင့် တယ်လီဖုန်းလိုင်းများ မည်သို့သောကြောင့် ဖြတ်ပစ်လိုက်သည် ဆိုသည်ကို ရှင်းလင်းစွာ မသိရသေးပါ။ ဦးမြမောင်က တရုတ်လူငယ်များကို ပြန်ပေးဆွဲကာ ကချင်ပြည်နယ်အတွင်းသို့ ခေါ်ဆောင်သွားသည်ဟူသော သတင်းများကြောင့် ဖြစ်နိုင်ကြောင်း ဆိုသည်။  

တရုတ်လူငယ်အချို့ ပြန်ပေးဆွဲခံရကာ မြန်မာနိုင်ငံအတွင်း ခေါ်ဆောင်သွားကာ ပြန်ပေးငွေ တောင်းခံခဲ့သည်ဟု တရုတ်သတင်းစာများတွင် အစောပိုင်းက ရေးသားဖော်ပြခဲ့သည်။ သို့သော် ဤသတင်းနှင့်ပတ်သက််၍ သီးခြားလွတ်လပ်သည့် အတည်ပြုချက် မရရှိသေးပါ။