၅၀၀ တန် ငွေစက္ကူ အတုများနှင့် ပတ်သက်၍ ဗဟိုဘဏ် ညွှန်ကြား

၅၀၀ တန် ငွေစက္ကူ အတုများနှင့် ပတ်သက်၍ ဗဟိုဘဏ် ညွှန်ကြား
နေပြည်တော်ရှိ မြန်မာဗဟိုဘဏ်က ဘဏ်များသို့ လျို့ဝှက်ဖြန့်ဝေ မှာကြားချက် တခုတွင် ၅၀၀ တန် ငွေစက္ကူအတုများ စျေးကွက်တွင်း ပြန့်နေကြောင်းနှင့် အတုနှင့် အစစ်ကို ခွဲခြား စီစစ်နိုင်ရန် အချက် ၈ ချက်ကို ဖော်ပြထား ...

နယူးဒေလီ (မဇ္ဈိမ)။     ။ နေပြည်တော်ရှိ မြန်မာဗဟိုဘဏ်က ဘဏ်များသို့ လျို့ဝှက်ဖြန့်ဝေ မှာကြားချက် တခုတွင် ၅၀၀ တန် ငွေစက္ကူအတုများ စျေးကွက်တွင်း ပြန့်နေကြောင်းနှင့် အတုနှင့် အစစ်ကို ခွဲခြား စီစစ်နိုင်ရန် အချက် ၈ ချက်ကို ဖော်ပြထားသည်။

မဇ္ဈိမက လက်ခံ ရရှိထားသော ညွှန်ကြားချက် အထောက်အထား မိတ္တူအရ ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် ၅၀၀ တန် ငွေစက္ကူအတုများ နိုဝင်ဘာလ ၂၀၀၈ ခုနှစ် အတွင်းက ဖမ်းဆီး ရရှိခဲ့ကြောင်းနှင့် အတုများမှာ ဖယောင်းစက္ကူကဲ့သို့ သိသိသာသာပင် ပြောင်ချောနေသည်ဟု ပါရှိသည်။

ငွေစက္ကူအတုတွင် လုံခြံုရေးကြိုး မပါရှိဘဲ ငွေစက္ကူနံပါတ် ရိုက်နှိပ်ထားရာတွင် နံပါတ်စာလုံး အရွယ်အစားမှာ အနည်းငယ် သေးငယ်ကာ အနီရောင်တောက်မှု အားနည်းသည်ဟု ဆိုသည်။

ငွေစက္ကူအတု၏ အရောင်အသွေးမှာ ခြံုငုံကြည့်လျှင် အဝါရောင်သမ်းနေပြီး ဖောင်းကြွများလည်း မပါရှိဟု သိရသည်။

ညွှန်ကြားလွှာဖြန့်ချီသော ဗဟိုဘဏ် ငွေကြေးဌာနမှ သတင်းရပ်ကွက်တခုအရ အထက်ပါ အချက်အလက်များနှင့် တိုက်ဆိုင်စစ်ဆေးရန် မှာကြားထားသည်ဟု ဆိုသည်။

သို့သော်လည်း မဇ္ဈိမက ဆက်သွယ်ခဲ့သည့် ရန်ကုန်ရှိ ဘဏ်အချို့ကတော့ ညွှန်ကြားလွှာ မရရှိဟု ယတိပြတ် ငြင်းဆန်ခဲ့ကြသည်။

သို့သော်လည်း ၅၀၀ တန်ငွေစက္ကူများ ရှိနေသည်ဆိုသော သတင်းစကားကြောင့် ပြည်သူလူထု စိုးရွ့့ံထိတ်လန့်မှာ စိုးရိမ်၍ အာဏာပိုင်များက ပြင်ပသို့ ပေါက်ကြားစေခြင်း မပြုရန် အထူးဂရုပြု မှာကြားထားသည်ဟု သတင်းရပ်ကွက်က ပြောသည်။

ဗဟိုဘဏ်၏ ညွှန်ကြားချက်ပါစာအရ ၅၀၀ တန်ငွေစက္ကူအတုသည်

(၁) ဖယောင်းစက္ကူကဲ့သို့ သိသာစွာ ပြောင်ချောနေခြင်း

(၂) လုံခြံုရေးကြိုး လုံးဝမပါရှိခြင်း

(၃) ငွေစက္ကူ၏ မျက်နှာတဖက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်စာသား ပါရှိသည့် အပေါ်ဖက် ထိပ်ပိုင်းအရောင ်ပေါ်လွင်မှုတွင် ခရမ်းရောင်မှာ အနီရောင်ဖက် သမ်းသည့်အရောင် ပေါ်လွင်မှုရှိခြင်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် စာသား၏ အောက်ဖက်အရောင် ပေါ်လွင်မှု၌ အနီရောင်ဖက် ပိုမိုပေါ်လွင်ခြင်း

(၄) ငွေစက္ကူနံပါတ်ရိုက်နှိပ်မှု၌ နံပါတ်စာလုံးများမှာ အနည်းငယ် "ပွိုင့်" သေးငယ်ခြင်း၊ အနီရောင် တောက်ပမှု နည်းခြင်း

(၅) ငွေစက္ကူ၏ ရှေ့နောက် မျက်နှာပြင် နှစ်ဖက်စလုံးကို ခြံုငုံ၍ ကြည့်ပါက ငွေစက္ကူစာရွက် အရောင်အသွေးမှာ အဝါရောင်သမ်းနေခြင်း

(၆) ငွေစက္ကူအပေါ်၌ မည်သည့်ဖောင်းကြွမှ မပါရှိခြင်း

(၇) ငွေစက္ကူမျက်နှာစာ ယာဘက်ရှိ ခြင်္သေ့ဦးခေါင်းရေ စာအောက်၌ ဖော်ပြထားသော (၅၀၀) တန်စာလုံး၏ (သုံည) စာလုံးများမှာ အနည်းငယ် သေးငယ်ခြင်း

(၈) နံပါတ်တူ ဘလောက်ပုံနှိပ် ထုတ်လုပ်ထားခြင်း တို့ ဖြစ်သည်။