ဗကသ ကျောင်းသားနှစ်ဦး ထောင်ဒဏ် ၃ နှစ်စီ ချမှတ်

ဗကသ ကျောင်းသားနှစ်ဦး ထောင်ဒဏ် ၃ နှစ်စီ ချမှတ်
by -
ဖနိဒါ
၁ဝ လကျော်ကြာ  အင်းစိန်ထောင်တွင် ထိန်းသိမ်းခံနေရသည့် ဗကသ ကျောင်းသား ကိုကျော်ကိုကိုနှင့် ကိုဉာဏ်လင်းအောင်အား ဗီဒီယို အက်ဥပဒေဖြင့် ယနေ့ ထောင်ဒဏ် ၃ နှစ်စီ ချလိုက် ...

ချင်းမိုင်(မဇ္ဈိမ)။     ။ ၁ဝ လကျော်ကြာ  အင်းစိန်ထောင်တွင် ထိန်းသိမ်းခံနေရသည့် ဗကသ ကျောင်းသား ကိုကျော်ကိုကိုနှင့် ကိုဉာဏ်လင်းအောင်အား ဗီဒီယို အက်ဥပဒေဖြင့် ယနေ့ ထောင်ဒဏ် ၃ နှစ်စီ ချလိုက်သည်။    

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် - ဗကသ မှ သူတို့နှစ်ဦးအား မင်္ဂလာတောင်ညွန့် တရားရုံးက ရုံးချိန်း ၁ဝ ကြိမ်ခန့် ထုတ်ကာ စစ်ဆေးပြီးနောက် ယခုလို ပြစ်ဒဏ်ချလိုက်ခြင်း ဖြစ်သည်။   

"ဒီနေ့ ပြစ်ဒဏ် မင်္ဂလာတောင်ညွန့်မြို့နယ် တရားရုံးကနေ ၃၂ (ခ) ဗီဒီယို အက်ဥပဒေနဲ့ ချလိုက်တယ်။ ၃ နှစ်နဲ့ ချလိုက်တယ်ခင်ဗျာ" ဟု ကိုကျော်ကိုကို၏ ဖခင် ဦးကျော်အေးက မဇ္စျိမကို ပြောသည်။  

"ကျနော့်သား ပြောသလိုပါပဲ။ ဥပဒေနဲ့ ဖမ်းတာ မဟုတ်ပါဘူး။ နိုင်ငံရေးနဲ့ ဖမ်းတာပါ။ အခု ဆုံးဖြတ်တာက ဥပဒေနဲ့ မဟုတ်ဘူးလေ။  နိုင်ငံရေးနဲ့ ဆုံးဖြတ်တာပဲလေ။ အကျဉ်းဦးစီးမှူး၊ ရဲတို့၊ တရားရုံးတို့ကတော့ ခိုင်းသမျှ လုပ်နေတာပဲ။ သူတို့ကို ဆန့်ကျင်နေလို့ မဖြစ်ဘူး။ တကယ် အရေးကြီးတဲ့လူကို ဆန့်ကျင်ရမှာပါလို့ သားက ပြောတာပဲ။ အဲတော့ ကျနော်တို့လည်း ဒီလိုပဲ ခံယူလိုက်ပါတယ်" ဟု သူက ဆက်ပြောသည်။  

ကိုကျော်ကိုကိုနှင့် ကိုဉာဏ်လင်းအောင်တို့သည် ပြီးခဲ့သည့် ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေး ကာလတွင်း ပြန်လည် ဖွဲ့စည်းခဲ့သည့် ဗကသ တွင် ပါ၀င် ဦးဆောင် လှုပ်ရှားခဲ့သဖြင့်၊ တိမ်းရှောင်နေရင်း နှစ်ဦးလုံးအား ၂၀၀၈ ခုနှစ် မတ်လ ၁၆ ရက်နေ့တွင် အဖမ်းခံကြရသည်။   

ကိုဉာဏ်လင်းအောင်၏ အခန်းမှ ၈၈ လူထုလှုပ်ရှားမှု ဗီစီဒီ နှစ်ခွေနှင့် ဗိုလ်မှူးချုပ် ကျော်ဇော၏ အထုတ္ထုပ္ပတ္တိ တခွေတို့အား သိမ်းဆည်းရမိသဖြင့် ကိုဉာဏ်လင်းအောင်နှင့်အတူ သားဖြစ်သူအား မင်္ဂလာတောင်ညွန့် တရားရုံးက အမှုတွဲလိုက်ခြင်း ဖြစ်သည်ဟု ဖခင်က ပြောသည်။  

"ဒီအမှုနဲ့ ဘာလို့ စွဲလိုက်သလဲဆိုတော့ ဉာဏ်လင်းအောင်ရဲ့ အခန်းမှာ ခွေသုံးခွေ တွေ့ရှိမှုနဲ့တဲ့။ သားကိုတော့ သူ့အိမ်မှာ အိပ်တဲ့အတွက် ဘာမှ အကြောင်းပြချက် မရှိပါဘူးဆိုပြီးတော့ အမှုတွဲပါတယ်ဆိုပြီး ထောင် ၃ နှစ် ချလိုက်တယ်" ဟု ဦးကျော်အေးက ပြောသည်။

စီးပွားရေး တက္ကသိုလ် ဂုဏ်ထူးတန်း တက်နေသူ အသက် ၂၇ နှစ်အရွယ် ကိုကျော်ကိုကိုသည် ပြီးခဲ့သည့်လ ၂ ရက်နေ့မှ စတင်ကာ အသည်းရောင် အသားဝါရောဂါ ခံစားနေရသဖြင့် အင်းစိန်ထောင်တွင်း ဆေးရုံတွင် ဆေးကုသနေရာမှ တရားရုံးသို့ လာရောက်ရခြင်း ဖြစ်သည်။   

ဦးကျော်အေးက "အခုလည်း မျက်လုံးက ဝါနေသေးတယ်။ ဆေးသွင်းတုန်းက ဆေးပြန့်နေလို့ ဆိုလား မသိဘူး။ အခု သွေးပြန်ဖောက်ရအုံးမယ်ဆိုတော့၊ အန်ကယ်တို့က အသည်းဆေးတွေ ပို့ပေးနေရတာပဲ" ဟု ပြောသည်။