ရွှေကျင်ဂိုဏ်းလုံးကျွတ် သံဃာ့အစည်းအဝေး ကျင်းပ

ရွှေကျင်ဂိုဏ်းလုံးကျွတ် သံဃာ့အစည်းအဝေး ကျင်းပ
by -
ဖနိဒါ
သုံးရက်ကြာကျင်းပမည့် ရွှေကျင်နိကာယ ဂိုဏ်းလုံးကျွတ် သံဃာ့အစည်းအဝေးကြီး မန္တလေးမြို့တွင် ယနေ့ စတင်နေပြီဖြစ်သည်။ ၁၇ ကြိမ်မြောက် အစည်းအဝေးကြီးကို ရွှေကျင်ဂိုဏ်း ဝန်ဆောင်သံဃာတော်များ၊ ဆရာတော်ကြီးများဖြင့် မန္တလေးတောင်ခြေရှိ ...

ချင်းမိုင် (မဇ္ဈိမ)။   ။ သုံးရက်ကြာကျင်းပမည့် ရွှေကျင်နိကာယ ဂိုဏ်းလုံးကျွတ် သံဃာ့အစည်းအဝေးကြီး မန္တလေးမြို့တွင် ယနေ့ စတင်နေပြီဖြစ်သည်။

၁၇ ကြိမ်မြောက် အစည်းအဝေးကြီးကို ရွှေကျင်ဂိုဏ်းဝန်ဆောင်သံဃာတော်များ၊ ဆရာတော်ကြီးများဖြင့် မန္တလေးတောင်ခြေရှိ မဟာဓမ္မိကာရာမ ရွှေကျင်တိုက်မကြီးတွင် ဖေဖော်ဝါရီလ ၆ ရက်နေ့မှ ၈ ရက်နေ့အထိ ကျင်းပမည် ဖြစ်သည်။  

''ရွှေကျင်ဂိုဏ်းတွင်းက ပြဿနာတွေ၊ လုပ်ငန်းဆောင်တာတွေကို ဆွေးနွေးကြတယ်။ ဒီက ဆုံးဖြတ်ချက်အတိုင်း အတည်ပြုချက်ယူတယ်။ တချို့ကိစ္စတွေဆို မြို့နယ်တင်ပဲ ဆုံးဖြတ်လို့ မရဘူးလေ။ ဘယ်ကျောင်းမှာ ဘယ်သူ ပြန်ထိုင်သင့်တယ်၊ ဘယ်အမှုက ဘယ်သူ လုပ်သင့်တယ်ဆိုတာတွေ၊ လိုအပ်တဲ့ စည်းကမ်းတွေ ပြန်ချမှတ်တာပါ" ဟု  မဟာဝိသုဒ္ဓါရုံတိုက်သစ်မှ ဦးဇင်းတပါးက မဇ္ဈိမကို မိန့်ဆိုသည်။

အစည်းအဝေးသို့ သီတဂူ ဆရာတော် အရှင်  ဉာဏိဿရလည်း တက်ရောက်လာရာ ရွှေကျင်ဂိုဏ်းနှင့် နိုင်ငံတော်အား အကျိုးပြုသဖြင့် ဂုဏ်ထူးဆောင် ဘွဲ့လက်မှတ်တခု ချီးမြှင့်မည်ဟု ဦးဇင်းက မိန့်သည်။  

"ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်တွေ၊ ဂိုဏ်းအကျိုးပြု ပုဂ္ဂိုလ်တွေကို အသိအမှတ်ပြုမယ်။ သီတဂူဆရာတော်ကိုတောင် ရွှေကျင်ဂိုဏ်းနဲ့ နိုင်ငံတော်ကို အကျိုးပြုတဲ့အတွက် ဂုဏ်ထူးဆောင်ဘွဲ ့တခုခု ပေးမယ်ဆိုတဲ့ သတင်းတွေလည်း ကြားတယ်။ သီတဂူဆရာတော်ရဲ့ ပြခန်းလည်း ဖွင့်တယ်" ဟု ဦးဇင်းက ဆိုသည်။

အစည်းအဝေးကျင်းပရာသို့ သွားရာလမ်းမရှိ မုခ်ဦးနံဘေးတွင် " သူတော်ကောင်းတရား နေရာတိုင်းမှာ ထွန်းတောက်ပါစေ" ဟု ရေးသားဖော်ပြထားသည်။

"သူတော်ကောင်းဆိုတာ တယောက်နဲ့ တယောက််ပေါ် နားလည်၊ သနားကြင်နာတတ်မယ်။ မေတ္တာရှိမှ ငြိမ်းချမ်းမှု ရမှာကိုး။ ကမ္ဘာကြီးမှာ အပူမီးတိုက်နေတာတွေ ကြည့်ပြီး ဒီကမ္ဘာပေါ်မှာ သူတော်ကောင်းတွေသာ ရှိနေရင် ဘယ်လောက်ငြိမ်းချမ်းမလဲဆိုတဲ့ အနေအထားမျိုးနဲ့ ရေးထားတာဖြစ်တယ်။ လူတွေ ငြိမ်းချမ်းရေး ရအောင်လို့ပါပဲ။ သူတော်ကောင်းတရား ထွန်းတောက်ပါစေ၊ အသိအတရား ရှိကြပါစေ၊ နားလည်မှု ရှိကြဖို့ ရေးထားတာပဲ"ဟု ဦးဇင်းက ရှင်းပြသည်။

ထေရဝါဒ ဗုဒ္ဓဘာသာကိုးကွယ်သူ လူများစုနေထိုင်သည့် မြန်မာနိုင်ငံ၌   မြန်မာသက္ကရာဇ် ၁၂၂၂ ခုနှစ်် (၁၈၆၀)တွင်  ပထမ ရွှေကျင်ဆရာတော် ဥုးဇာဂရ အမှူးရှိသည့် ရွှေကျင်တိုက် ၅ တိုက် သံဃာများကို ပဥ္စမ သင်္ဂါယနာတင်သည့် မင်းတုန်းမင်းကြီးက သီးခြား သံဃာဂိုဏ်းအဖြစ် စတင်အသိအမှတ်ပြု ကိုးကွယ်ခဲ့သည်။

၁၂၈၂ (၁၉၂၀)ခုနှစ်တွင် ပထမဆုံးအကြိမ်   ရွှေကျင်ဂိုဏ်းလုံးဆိုင်ရာ အစည်းအဝေးကို ကျင်းပခဲ့သည်။

ရွှေကျင်ဂိုဏ်းသည် ပြည်နယ်နှင့် တိုင်းအချို့ရှိ မြို့နယ် ၁၇၃ မြို့နယ်တွင် ကျောင်းပေါင်း ၃၁၈၁ ကျောင်းရှိပြီး ရဟန်းတော် ၂၂ဝ၄ဝ ပါးနှင့် ကိုရင်ပေါင်း ၂၇၃၂၅ ပါး ရှိကြောင်း ရွှေကျင်ဂိုဏ်းဗဟိုဌာနချုပ် မဟာဝိသုဒ္ဓါရုံတိုက်သစ်မှ ဝါဆိုသံဃာစာရင်းအရ သိရသည်။