နယူးဒေလီ (မဇ္စျိမ) ။ ။ ကုလအထူးသံတမန် မစ္စတာအီဗရာဟင် ဂမ်ဘာရီ၏ မြန်မာပြည် ခရီးစဉ်သည် မြန်မာ့နိုင်ငံရေးအတွက် တိုးတက် ပြောင်းလဲမှု တစုံတရာမရှိခဲ့ကြောင်း ပြည်တွင်း အတိုက်အခံများက ပြောဆိုလိုက်ကြသည်။
ပြီးခဲ့သည့်လ ၃၀ ရက်မှ ယခုလ ၂ ရက်နေ့အထိ မြန်မာနိုင်ငံသို့ ၄ ရက်ကြာ ခရီးစဉ်အတွင်း ကုလသမဂ္ဂ ဆောင်ရွက်ချက်အနေဖြင့် တစုံတရာ တိုးတက်ခဲ့သည်ကို မမြင်ရကြောင်း ကောက်ချက်ချလိုက်ကြခြင်းဖြစ်သည်။
"အဓိက နိုင်ငံရေး ပြေလည်မှုအတွက် နှစ်ဖက်တွေ့ဆုံမှုလည်း မရဘူး။ တခြား ကျနော်တို့ရဲ့ အဆိုပြုချက် အပေါ်မှာလည်း ဘာတခုမှ မရဘူး။ ကျနော်တို့ အဆိုပြုချက်ချည်းပဲ မဟုတ်ဘူး။ ကုလသမဂ္ဂ အထွေထွေညီလာခံက ဆုံးဖြတ်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသမားတွေ လွှတ်ပေးဖို့ အခုထိ မတွေ့ဘူး။ ဒါကြောင့် တိုးတက်မှု မရှိဘူး" ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် - NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက မဇ္စျိမကို ပြောသည်။
သူက "ကျနော်တို့ နောက်ဆုံး တွေ့ဆုံတဲ့အခါမှာ ပြန်ကြားရေးဝန်ကြီးနဲ့ ၀န်ကြီးချုပ်တို့ တွေ့ဆုံတဲ့ အချိန်တုန်းက သူပြောတာတွေကို ဖတ်ပြတော့ ကုလသမဂ္ဂက ဆုံးဖြတ်ထားတဲ့ ဆုံးဖြတ်ချက်တွေကို သူ့အနေနဲ့ အကြိမ်ကြိမ် တိုက်တွန်းတာတွေကို တွေ့ရတယ်" ဟု ပြောသည်။
ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ - CRPP အတွင်းရေးမှူး ဦးအေးသာအောင်က "ဂမ်ဘာရီရဲ့ ခရီးစဉ်က သိပ်ပြီးတော့လည်း ထူးတယ်လို့ မပြောနိုင်ဘူး။ ပုံမှန်တွေ့ပြီးတော့ NLD ပြောတာတွေကို နားထောင်တယ်။ နအဖ ပြောတာတွေကို နားထောင်ပြီးတော့ ပြန်သွားတယ်။ အဲဒီလို ပြန်သွားရုံလောက်နဲ့ မြန်မာ့နိုင်ငံရေး အပြောင်းအလဲမှာ ထူးခြားလာမယ့် အနေအထားမရှိဘူးလို့ ပြောမယ်ဆို ပြောလို့ရတယ်" ဟု ပြောသည်။
နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းကလည်း "ဂမ်ဘာရီရဲ့ ခရီးစဉ်က မြန်မာပြည် ပြုပြင်ပြောင်းလဲရေးအတွက် တစုံတရာ ပြောင်းလဲလာမယ့် အခြေအနေ မရှိဘူး။ ဘာမှ အဆုံးအဖြတ် ရမသွားဘူး" ဟု ပြောသည်။
တိုးတက်မှုခြေလှမ်းအဖြစ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများအား လွှတ်ပေးခြင်းဖြင့် ပြသနိုင်ကြောင်း သူတို့က ပြောသည်။
"ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို လွှတ်ပေးရမယ်။ လွှတ်ပေးပြီးတော့ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးမှုတွေ လုပ်သင့်တယ်။ အခုဟာက ကုလသမဂ္ဂက လာပြီး ပြောသမျှကို နားထောင်ပြီးတော့ ပြန်သွားတာက မြန်မာ့နိုင်ငံရေး အပြောင်းအလဲမှာ ထူးခြားလာမယ့် လက္ခဏာ မရှိဘူး" ဟု သခင်ချန်ထွန်းက ပြောသည်။
"နအဖရဲ့ တဖက်သတ် လုပ်ငန်းစဉ်တွေဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အကျိုးမရှိဘူး။ UN ကလည်း မနှစ်သက်ဘူး။ တကယ်တမ်းကျတော့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို လုပ်မယ်ဆိုရင် နှစ်ရှည်ထောင်ဒဏ်တွေ ချထားတဲ့ အကျဉ်းသားတွေကို မြင်သာထင်သာ လွှတ်ပေးဖို့လိုတယ်" ဟု ဦးအေးသာအောင်က ဆိုသည်။
ကုလသံတမန်၏ ပြီးဆုံးသွားပြီဖြစ်သည့် ရ နှစ်မြောက် ယခု ခရီးစဉ်သည် ကုလအထွေထွေညီလာခံမှ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသမားများ လွှတ်ပေးရေး ဆုံးဖြတ်ချက်အတိုင်း လုပ်ဆောင်ခဲ့သော်လည်း စစ်အစိုးရဘက်ကမူ တစုံတရာ လိုက်ပါဖြည့်ဆီးပေးခြင်း မရှိကြောင်း သူတို့က ပြောဆိုဝေဖန်လိုက်ကြသည်။