ရိုဟင်ဂျာများ ထပ်လာရင် နေရပ်သို့ပင် ပြန်ပို့မည်ဟုဆို

ရိုဟင်ဂျာများ ထပ်လာရင် နေရပ်သို့ပင် ပြန်ပို့မည်ဟုဆို
by -
သန်းထိုက်ဦး
ရိုဟင်ဂျာ လှေစီးဒုက္ခသည်များကို ထိုင်းနိုင်ငံ၌ ဒုက္ခသည်စခန်းဖွင့်၍ လက်ခံမည်မဟုတ်ဘဲ နေရပ်ရင်းသို့ ပြန်ပို့သည့် မူအတိုင်း ဆက်လက်ကိုင်စွဲသွားမည်ဟု ထိုင်းအစိုးရက ယနေ့ တရားဝင် ပြောကြားလိုက် ...

ချင်းမိုင် (မဇ္ဈိမ)။ ။ ရိုဟင်ဂျာ လှေစီးဒုက္ခသည်များကို ထိုင်းနိုင်ငံ၌ ဒုက္ခသည်စခန်းဖွင့်၍ လက်ခံမည်မဟုတ်ဘဲ နေရပ်ရင်းသို့ ပြန်ပို့သည့် မူအတိုင်း ဆက်လက်ကိုင်စွဲသွားမည်ဟု ထိုင်းအစိုးရက ယနေ့ တရားဝင် ပြောကြားလိုက်သည်။

ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် ဆူထပ့် သောင်ဆုဘန် Suthep Thaugsuban က သတင်းထောက်များအား ယခုလို ပြောကြားကြောင်း ရိုက်တာ သတင်းဌာနက ဖော်ပြခြင်းဖြစ်သည်။

"ထိုင်းနိုင်ငံအနေနဲ့ ဒုက္ခသည်စခန်းဖွင့်ဖို့ အစီအစဉ် မရှိပါဘူး။ နောက်ထပ် ဒုက္ခသည် ၂-၃ သိန်းလောက်ရှိမယ့် ဝန်ထုတ်ဝန်ပိုးအတွက် မတတ်နိုင်ပါဘူး။ သူတို့ ထွက်လာတဲ့ မြန်မာနိုင်ငံကိုပဲ ပြန်ပို့မှာပါ" ဟု ဒုဝန်ကြီးချုပ်က ဆိုသည်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး - UNHCR က မြန်မာပြည်မှ လှေစီးဒုက္ခသည်များအား ယာယီအားဖြင့် အစားအသောက်များ ကျွေးမွေးပြီး၊ ဒုက္ခသည်စခန်းအဖြစ် ခေတ္တ ဖွင့်လှစ်ရေးအတွက် ထိုင်းအစိုးရသို့ တောင်းဆိုခဲ့ပြီးနောက် အစိုးရ၏ တရားဝင် သဘောထားမှာ ထွက်ပေါ်လာခြင်းဖြစ်သည်။

သို့သော်လည်း ဒုက္ခသည်များအဖြစ် လက်ခံထားရှိပါက ဒေသတွင်း၌ မလိုလားအပ်သည့် ပြဿနာများ ဖြစ်ပေါ်လာမည်စိုးသဖြင့် လှေစီးဒုက္ခသည်များ ၀င်ရောက်လာလေ့ရှိသည့် ထိုင်းနိုင်ငံ တောင်ပိုင်း ရနောင်းမြို့ရှိ လူဝင်မှုကြီးကြပ်ရေး (လဝက) ရုံးရှေ့တွင် ထိုင်းဒေသခံ ၅၀၀ ခန့်သည် ယမန်နေ့က ကန့်ကွက်ဆန္ဒပြခဲ့သည်။

ဒေသခံ မျက်မြင်သက်သေ သတင်းထောက်တဦးက ''ထိုင်းဒေသခံတွေက ဒါကို လက်မခံနိုင်ဘူး။ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာမှာ စိုးတဲ့အတွက် ကန့်ကွက်ခဲ့ကြတယ်" ဟု မဇ္ဈိမကို ပြောသည်။

သူက ဆက်ပြီး ''UNHCR က အဖွဲ့ဝင်ပေါ့နော်၊ အမြဲတမ်း ကိုယ်စားလှယ်က ထိုင်းနိုင်ငံသားပဲ။ သူလည်း လာနေတဲ့အချိန်၊ နောက် အန်ဂျီအို အဖွဲ့အစည်းတွေလည်း လာတဲ့အချိန်မှာ အခုလို တောင်းဆိုဆန္ဒပြခဲ့ကြတာပါ'' ဟု ပြောသည်။

ဆန္ဒပြပွဲတွင် တာဝန်ရှိသူတဦးကလည်း ''ကျနော်တို့ နယ်မြေမှာ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်နိုင်တယ်။ အဲဒီအတွက် ကျနော်တို့က တောင်းဆိုရတာ ဖြစ်တယ်'' ဟု ဆန္ဒပြလူအုပ်ကြီးကို ပြောဆိုခဲ့သည်။

ပြီးခဲ့သည့်လအတွင်း ထိုင်းရေတပ်က ဖမ်းဆီးခဲ့သည့် ရိုဟင်ဂျာ ဦးရေ ၄၀၀ ခန့်အား ကမ်းစပ်တွင် ၀မ်းလျားမှောက်ခိုင်းကာ လက်များကို ခေါင်းပေါ်တင်ထားစေပြီး သေနတ်ဖြင့် ချိန်၍ နိုင်ငံတကာ ရေပိုင်နက်အတွင်း မောင်းထုတ်ခဲ့သဖြင့် သေဆုံးသူ အနည်းဆုံး ၄ ဦးရှိပြီး၊ ဦးရေ ၃၀၀ ပျောက်ဆုံးနေကြောင်း နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့များက ထုတ်ဖော်ဝေဖန်ခဲ့ကြသေးသည်။

သူတို့သည် မြန်မာနိုင်ငံ အနောက်ဘက်ခြမ်းရှိ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် နေထိုင်ခဲ့သူများဖြစ်သည်။

လူမှုရေးနှင့် စီးပွားရေး အခက်အခဲများကြောင့် ပင်လယ်ပြင်ကိုဖြတ်ကာ မလေးရှားနိုင်ငံတွင် အလုပ်လုပ်ရန် လှေစီး၍ မကြာခဏ ထွက်လာတတ်သော်လည်း ထိုင်းတောင်ပိုင်း ပင်လယ်ပြင်တွင် အဖမ်းခံရလေ့ ရှိသည်။

ထိုင်းအစိုးရ၏ စာရင်းထုတ်ပြန်ချက်အရ နိုင်ငံတွင်းသို့ လှေဖြင့် တရားမဝင် ၀င်ရောက်လာသူ ရိုဟင်ဂျာ အရေအတွက်မှာ ၂၀၀၅-၂၀၀၆ ခုနှစ်အတွင်း ၁၂၂၅ ဦးသာ ရှိခဲ့ပြီး၊ ၂၀၀၇-၂၀၀၈ ခုနှစ်အတွင်း ၄၈၈၆ ဦး ရှိခဲ့ကြောင်း သိရသည်။