ရှမ်းခေါင်းဆောင် ဦးရွှေအုံး ရွေးကောက်ပွဲဝင်ရေး ပြင်ဆင်နေပြီ

ရှမ်းခေါင်းဆောင် ဦးရွှေအုံး ရွေးကောက်ပွဲဝင်ရေး ပြင်ဆင်နေပြီ
by -
နန်းဒေဝီ
၀ါရင့်ရှမ်းနိုင်ငံရေး ခေါင်းဆောင်တဦးဖြစ်သူ ဦးရွှေအုံးက ပါတီထောင်ကာ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲဝင်ရေး စိုင်းပြင်းနေသည်။ ပြည်ထောင်စုကို အခြေခံ၍ ဒီမိုကရေစီစနစ်ကို အခြေခံမည့် ''ပြည်ထောင်စု ဒီမိုကရေစီ မဟာမိတ်အဖွဲ့" ...

နယူးဒေလီ (မဇ္စျိမ)။ ။ ၀ါရင့်ရှမ်းနိုင်ငံရေး ခေါင်းဆောင်တဦးဖြစ်သူ ဦးရွှေအုံးက ပါတီထောင်ကာ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲဝင်ရေး စိုင်းပြင်းနေသည်။

ပြည်ထောင်စုကို အခြေခံ၍ ဒီမိုကရေစီစနစ်ကို အခြေခံမည့် ''ပြည်ထောင်စု ဒီမိုကရေစီ မဟာမိတ်အဖွဲ့" ဟု ပါတီကို အမည်ပေးထားပြီး၊ ပါတီဖွဲ့စည်းရေးအတွက် အဖွဲ့ဝင် ၈ ဦးပါ ဖြစ်မြောက်ရေး ကော်မတီတခုကို ယခုလ ၂၆ ရက်နေ့က ဖွဲ့စည်းခဲ့ပြီးဖြစ်သည်။

"လူမျိုးစုအားလုံး ဗမာ အပါအဝင် ၁၃၅ စုကို ကိုယ်စားပြုပြီး ဖွဲ့မယ်။ နေပြည်တော်ကို စာတော့ ပို့ထားတယ်၊ ပါတီဖွဲ့မယ့်အကြောင်း။ ဖွဲ့ခွင့် ရ၊ မရဆိုတာ အစိုးရက စည်းမျဉ်းတွေ ကြေညာပြီး ပါတီမှတ်ပုံတင်ပြီးမှ သိရမယ်" ဟု အသက် ၈၆ ရှိပြီဖြစ်သော ဦးရွှေအုံးက ပြောသည်။

အာဏာပိုင်များဘက်က တရားဝင် ခွင့်ပြုလိုက်ပါက လူမျိုးရေး ခွဲခြားမှုမပြုဘဲ အားလုံးကို အသင်းဝင်အဖြစ် ကြိုဆိုလက်ခံမည်ဟု သူက ဆိုသည်။

ဦးရွှေအုံးသည် စစ်အစိုးရက တရားမဝင်အသင်းအဖြစ် ဖျက်သိမ်းခဲ့သည့် တိုင်းရင်းသား ညွန့်ပေါင်းပါတီတခုဖြစ်သော စည်းလုံးညီညွတ်သော ဒီမိုကရေစီအဖွဲ့ချုပ်တွင် နာယက အဖြစ် တာဝန်ယူခဲ့သည်။

၂၀၀၅ ခုနှစ်တွင် ဦးရွှေအုံး အပါအဝင် ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် - SNLD ပါတီ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၊ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင် အပါအဝင် ရှမ်းခေါင်းဆောင်များအား ဖမ်းဆီးထိန်းသိမ်းခဲ့ရာတွင် ဦးရွှေအုံး ပါ၀င်သွားသည်။ သူ့ကို ပြန်လွှတ်ပေးလိုက်သော်လည်း ဦးခွန်ထွန်းဦး အပါအဝင် ကျန်ရှိသည့် ခေါင်းဆောင်များကိုမူ စစ်အစိုးရက နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့သည်။

သူသည် ၁၉၄၇ ခုနှစ်တွင် ပြည်ထောင်စုနိုင်ငံတော် ဖွဲ့စည်းရေးအတွက် ရှမ်းပြည်နယ် ပင်လုံမြို့တွင် ချုပ်ဆိုသော ပင်လုံစာချုပ် လက်မှတ်ထိုးခဲ့စဉ်က လေ့လာသူအဖြစ် ပါ၀င်ခဲ့သူဖြစ်သည်။ ထို့အပြင် ၀ါရင့် နိုင်ငံရေးသမားကြီးများ အသိုင်းအဝိုင်းနှင့်လည်း ပုံမှန်ဆိုသလို ဆက်သွယ်ဆွေးနွေးမှုများ ပြုလုပ်နေသူဖြစ်သည်။