ချင်းမိုင် (မဇ္ဈိမ)။ ။ ထိုင်းအစိုးရ၏ တရားမဝင် ရွှေ့ပြောင်းလုပ်သားများကို ထိရောက်စွာ နှိမ်နင်းသွားမည့် လုပ်ငန်းများသည် တရားမျှတမှု ရှိသင့်သည်ဟု ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းအလုပ်သမား အဖွဲ့အစည်းများနှင့် လူ့အခွင့်အရေးအဖွဲ့များက တုံ့ပြန်ပြောဆိုလိုက်သည်။
ထိုင်းဝန်ကြီးချုပ် အဖိဆစ် ဝေ့ချ်ချချီဝက ထိုင်းနိုင်ငံရှိ တရားမဝင် ရွှေ့ပြောင်းလုပ်သားများကို နှိမ်နင်းသွားရန်နှင့် လူကုန်ကူးမှုများကို စုံစမ်းစစ်ဆေးသွားရန် ယမန်နေ့က ပြောကြားလိုက်မှုအပေါ် ဤသို့ တုံ့ပြန်ကြခြင်းဖြစ်သည်။
"လုပ်မယ်ဆိုရင် အားလုံးကို သိမ်းကြံုးပြီး လုပ်တာမျိုး မဟုတ်ဘဲနဲ့ ဥပဒေအတိုင်း သေသေချာချာ စိစစ်ဖို့ လိုအပ်တယ်။ ဘယ်သူတွေက မှတ်ပုံတင် ရှိလဲ။ ဘယ်သူတွေက တရားမဝင်ဘူးလဲ။ တချို့က မြန်မာပြည်ပြန်ရင် အန္တရာယ်ရှိနိုင်တဲ့ နိုင်ငံရေး ခိုလှုံခွင့်နဲ့သူတွေ ရှိတယ်။ ဒါတွေကို သီးသန့်ခွဲပြီး လုပ်ဆောင်သင့်တယ်" ဟု ထိုင်းအခြေစိုက် လူ့အခွင့်အရေး ပညာပေးဌာန (မြန်မာနိုင်ငံ) – HREIB မှ ဦးအောင်မျိုးမင်းက မဇ္ဈိမကို ပြောသည်။
ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းလုပ်သားများမှာ လာအို၊ ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံမှဖြစ်ပြီး အများစုဖြစ်သော မြန်မာလူမျိုးများမှာ တရားဝင် မှတ်ပုံတင်ထားခြင်း နည်းပါးသောကြောင့် အဆိုပါ ကိစ္စရပ်သည် မြန်မာလုပ်သားများကို ဦးတည်နေသကဲ့သို့ ဖြစ်နေသည်ဟု သူက ဆိုသည်။
ထိုင်းဝန်ကြီးချုပ် အဖိဆစ်က "တရားမဝင် ၀င်ရောက်လာမှုများကို အရေးယူဆောင်ရွက်မည်ဖြစ်ပြီး၊ သူတို့ကို တိုင်းပြည်မှ ထုတ်ပစ်ရမည်" ဟု ပြောကြားချက်ကို အေအက်ပီ သတင်းတရပ်တွင် ဖော်ပြထားသည်။
တရားမဝင် ရွှေ့ပြောင်းလုပ်သားများကို နှိမ်နင်းရာတွင် အချို့သော သက်ဆိုင်ရာ ၀န်ထမ်းများ၏ ဥပဒေအပေါ် အလွဲသုံးစားမှုများ လူသားမဆန် ညှဉ်းပန်းမှုများ မဖြစ်အောင် ထိန်းသိမ်းသင့်သည်ဟု ဦးအောင်မျိုးမင်းက ထောက်ပြသည်။
သူက "တရားမဝင်တဲ့ သူတွေကို ပို့မယ်ဆိုရင်တောင်မှ သူတို့ရဲ့ အခြေခံ လူ့အခွင့်အရေးကို လေးစားဖို့လိုတယ်။ တရားလက်မဲ့ ဖမ်းဆီးတာ နှိပ်စက်တာ၊ နိုင်ထက်စီးနင်း စော်ကားတာ မရှိဖို့ တိုက်တွန်းချင်ပါတယ်။ ဒီတရားမဝင်တဲ့ လူတွေ ကြားထဲမှာ ကိုယ့်တိုင်းပြည်ကိုပြန်ရင် အသက်အန္တရာယ်ကြံုနိုင်တဲ့ သူတွေကို သူတို့ အနေနဲ့ အတင်းအကျပ် ပြန်ပို့တာမျိုးတွေ မလုပ်ဖို့ လိုတယ်" ဟု ပြောသည်။
ထိုင်းနိုင်ငံရောက် မြန်မာူများထဲတွင် အလုပ်သမားများသာမက စစ်အစိုးရ၏ နိုင်ငံရေးနှင့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကြောင့် ထွက်ပြေးလာရသူများအတွက်ပါ ထည့်သွင်းစဉ်းစားသင့်ကြောင်း ကိုအောင်မျိုးမင်းက ဆိုသည်။
မြန်မာအလုပ်သမားများ သွေးစည်းညီညွတ်ရေးအဖွဲ့မှ တာဝန်ခံ ကိုသံဒုတ်ကလည်း "သူတို့အနေနဲ့က ဒါကို တရားမျှတအောင် လုပ်ပေးဖို့ လိုတာပေ့ါနော်။ တချို့က တရားဝင် လက်မှတ်ရှိတဲ့သူလည်း ရှိတယ်။ ဒါကို သေချာ စိစစ်ပြီး လုပ်ပေးဖို့ သင့်တာပေါ့" ဟု ပြောသည်။
လူကုန်ကူးမှု တိုက်ဖျက်ရေးနှင့် ထိုင်းဝန်ကြီးချုပ်၏ ပြောကြားချက်ကို လက်ခံသော်လည်း လူကုန်ကူးမှုနှင့် လူသယ်မှုကို ခွဲခြားသိမြင်ရန် လိုသည်ဟု ကိုအောင်မျိုးမင်းက ဆိုသည်။
သူက "လူကုန်ကူးမှုကတော့ အစိုးရတိုင်း တိုက်ဖျက်ရမယ့် တာဝန်ရှိတယ်။ ဒါက လုံးဝ မရှိသင့်တဲ့ အရာပဲ။ အခုလို ထိုင်းအစိုးရအနေနဲ့ လူကုန်ကူးမှုကို အရေးတယူ ဆောင်ရွက်မယ်ဆိုတာကိုတော့ ကြိုဆိုပါတယ်။ ဒါပေမယ့် လူကုန်ကူးမှုနဲ့ လူသယ်မှု ၂ ခုရဲ့ ကွာခြားချက်ကိုတော့ သိနားလည်ဖို့ လိုမယ်" ဟု ပြောသည်။
လူသယ်မှုမှာ မိမိသွားလိုသော တိုင်းပြည်သို့ ပို့ဆောင်ပေးမည့်သူကို အခကြေးငွေပေး၍ သွားရောက်ခြင်းဖြစ်ပြီး လူကုန်ကူးမှုမှာမူ ပွဲစားများ၏ သွေးဆောင်လိမ်လည်လှည့်ဖျားမှုကို ခံရခြင်းများ ဖြစ်သည်ဟု သူက ရှင်းပြသည်။
"လူသယ်မှုက ဒီလိုမျိုးလူတွေက ဘယ်ကိုသွားမယ်ဆိုတာ ဆုံးဖြတ်ပိုင်ခွင့်ရရှိပြီး သယ်တဲ့သူက အခကြေးငွေ ယူပြီးတော့ သယ်တယ်။ သူတို့မှာ ဘာမှ အမြတ်ထုတ်လိုမှု မရှိဘူး။ လူကုန်ကူးမှုကျတော့ အဲဒီလူကို လိမ်လည်လှည့်ဖြားပြီးတော့ သွေးဆောင်ခေါ်ပြီး အမြတ်ထုတ်မယ့် ရည်ရွယ်ချက်နဲ့ ပို့တာ" ဟု သူက ဆိုသည်။
ထိုင်းနိုင်ငံ ချင်းမိုင် အခြေစိုက် မက်ပ်ဖောင်ဒေးရှင်းမှ အကြီးအကဲတဦးဖြစ်သူ ဂျက်ကီ ပေါလ်လော့ခ်ကလည်း "ဒါဟာ ပြဿနာကို ဖြေရှင်းတာ မဟုတ်ဘူး။ ကျမတို့ သိရမှာက ပြဿနာရဲ့ အရင်းအမြစ်က မြန်မာစစ်အစိုးရပဲ။ စစ်အစိုးရက အုပ်ချုပ်နေသ၍ သူ့လူတွေက ထွက်လာနေအုံးမှာပဲ။ အဲဒါကို အရင်ပြောင်းရမယ်" ဟု မဇ္ဈိမကို ပြောသည်။
ထိုင်းလူမျိုး အလုပ်သမားများမှာ ရွှေ့ပြောင်းလုပ်သားများကဲ့သို့ ပင်ပန်း၍ လခနည်းသော လုပ်ငန်းများကို လုပ်ကိုင်နိုင်ကြခြင်း မရှိ၍ ထိုင်းအစိုးရမှာ ယခုလို ပြုလုပ်ရန် စီစဉ်ခြင်းမှာ အရာမရောက် ဖြစ်နိုင်သည်ဟု သူက ဆိုသည်။
"တကယ်လို့ ရွှေ့ပြောင်းလုပ်သားတွေ နည်းသွားပြီဆိုရင်၊ ဒါမှမဟုတ် တကယ်ပဲ နှိမ်နင်းခံရပြီဆိုရင် ထိုင်းကုန်ထုတ်လုပ်ငန်းတွေ ခံရမှာပဲ။ ကျမကတော့ ထိုင်းလူမျိုး ၂ သိန်းကျော်ဟာ အခု ရွှေ့ပြောင်းလုပ်သားတွေ အများဆုံး အလုပ်လုပ်နေကြတဲ့ မဲဆောက်တို့၊ ဆန်ခလဘူရီတို့ကို ပြောင်းသွားပြီး ရွှေ့ပြောင်းလုပ်သားတွေလို အလုပ်လုပ်ကြမှာ မဟုတ်ဘူး" ဟု သူက ပြောသည်။
ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းလုပ်သားများအရေး လုပ်ဆောင်နေသော အဖွဲ့အစည်းများအနေဖြင့် ပူးပေါင်းပြီး ရွှေ့ပြောင်းလုပ်သားများအရေးကို ဆက်လက် လုပ်ဆောင်သွားသင့်သည််ဟု သူက ဆိုသည်။
မဲဆောက်အခြေစိုက် ဂျေအေစီ (ခေါ်) မြန်မာပြည်သူများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီမှ အထွေထွေတာဝန်ခံ ကိုမိုးကြိုးက မြန်မာရွှေ့ပြောင်းလုပ်သားများ အနေဖြင့်လည်း မိမိရောက်ရာအရပ်တွင် နေထိုင်ခွင့်မှတ်ပုံတင်များ လုပ်သင့်သလို နေထိုင်ခွင့်၊ အလုပ်လုပ်ခွင့် လက်မှတ်များ ရနိုင်ရန်အတွက် အလုပ်သမား အခွင့်အရေးများအရ လူသားချင်းစာနာထောက်ထားမှုကို အသနားခံ တောင်းဆိုသင့်ကြောင်း သူက ဆိုသည်။
ထိုင်းဝန်ကြီးချုပ်၏ ပြောကြားချက် မထွက်လာသေးခင် ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းလုပ်သားများ၏ အလုပ်သမား မှတ်ပုံတင်များ သက်တမ်းတိုးရမည့်အချိန် ကျရောက်လာသည်နှင့်အတူ သက်တမ်းတိုးခြင်းမှာ ၂၀၀၉ သည် နောက်ဆုံးနှစ်ဖြစ်ပြီး ထပ်မံ သက်တမ်းတိုးရန် သက်ဆိုင်ရာ တိုင်းပြည်များသို့ ပြန်လုပ်ရမည်ဟု ထိုင်း အလုပ်အကိုင် ရှာဖွေရေးဌာန - Department Of Employment (DOE) က ကြေညာခဲ့သည်။
ထိုင်းအစိုးရ၏ စနစ်သစ်များအရ လာမည့် ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလမှစ၍ သက်ဆိုင်ရာ မြန်မာအာဏာပိုင်များထံမှ တရားဝင် စာရွက်စာတမ်းများဖြင့်သာ အလုပ်သမား မှတ်ပုံတင်ကဒ်ကို သက်တမ်းတိုးခွင့် ရှိမည်ဟု ရွှေ့ပြောင်း အလုပ်သမားများအရေး ဆောင်ရွက်နေသော ထိုင်းနိုင်ငံ ချင်းမိုင် အခြေစိုက် မက်ပ်ဖောင်ဒေးရှင်းသို့ ပေးပို့သော အကြောင်းကြားစာတွင် ပါရှိသည်။
"ဒါက စနစ်သစ် မဟုတ်ပါဘူး။ မနှစ်ကတည်းက လုပ်လာတဲ့ စနစ်ပါ။ သူတို့ လိုချင်တာက လူတွေကို အခု သက်တမ်းလာတိုး၊ မှတ်ပုံလာတင်၊ ပြီးတော့ သူတို့လုပ်နေတဲ့ နိုင်ငံသား စိစစ်ရေးကိုဝင်၊ ကိုယ့်တိုင်းပြည်က နိုင်ငံကူးလက်မှတ်နဲ့ တရားဝင် အလုပ်သမားတွေအဖြစ် ၂၀၁၀ မှာ ဖြစ်သွားအောင်ပေါ့" ဟု ဂျက်ကီ ပေါလ်လော့ခ် က မဇ္ဈိမကို ပြောပြသည်။
ဇန်နဝါရီလ ရ ရက်နေ့ နေ့စွဲပါ အဆိုပါ စာတွင် ရွှေ့ပြောင်း လုပ်သား ၈၈, ရ၈၇ ဦးတို့၏ အလုပ်သမား မှတ်ပုံတင်များ သက်တမ်းသည် ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလတွင် ကုန်ဆုံုးမည်ဖြစ်၍ သက်တမ်းလာတိုးရန်၊ လိုအပ်သည့် စာရွက်စာတမ်းများဖြစ်သည့် လျှောက်လွှာ၊ အလုပ်သမားကဒ်အဟောင်း (ပန်းရောင်) သို့မဟုတ် မှတ်ပုံတင်ထားကြောင်း ပြေစာ၊ ဆေးလက်မှတ်များ၊ ဆေးကုသခြင်းဆိုင်ရာ ပြေစာများ၊ အာမခံ ဖြတ်ပိုင်းများစသည်တို့ကို ပြင်ဆင်ထားရန် ပါရှိသည်။
ထို့အတူ ယခု စနစ်သစ်အရ ၂၀၁၀ ခုနှစ်တွင် မြန်မာရွှေ့ပြောင်းလုပ်သားများ အနေဖြင့် မိမိတိုင်းပြည်သို့ ပြန်၍ မြန်မာ အာဏာပိုင်များထံမှာ တရားဝင် အလုပ်သမား မှတ်ပုံတင်များကို ယူရမည်ဟု ပါရှိသည်ဟု ဆိုသည်။
ဂျက်ကီ ပေါလ်လော့ခ်က "အခုလို မှတ်ပုံတင်တာမျိုးကို လုပ်ဖို့ဆိုတာ ထိုင်း၊ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားက သဘောတူ လက်မှတ်ထိုးထားတာ ၂၀၀၃ ခုနှစ်ကတည်းက။ လာအိုနဲ့ ကမ္ဘောဒီးယားက ဒီလိုလုပ်နေတာ ၂၀၀၄ ခုနှစ်ကတည်းကဆိုပေမယ့် သူတို့လူ ၄ သောင်းလောက်အတွက် လုပ်နေတာမှာ အခုထိ ဒါကို စီစဉ်နေတုန်း အပိုင်းမှာပဲ ရှိသေးတယ်" ဟု ပြောပြသည်။
မြန်မာရွှေ့ပြောင်းလုပ်သားများထက်စာလျှင် လူဦးရေနည်းသော လာအိုနှင့် ကမ္ဘောဒီးယား လုပ်သားများအတွက် လုပ်ဆောင်နေမှုသည် နှေးကွေးနေ၍ ထိုင်းနိုင်ငံတွင်းရှိ မြန်မာလုပ်သားများအားလုံးအတွက် ဤသို့ လုပ်နိုင်ရန်မှာ အချိန်အနည်းငယ်အတွင်း မဖြစ်နိုင်ကြောင်း သူက ဆိုသည်။
သူက ဆက်၍ "အခုဆိုရင်ပဲ ၂၀၀၉ ဖေဖော်ဝါရီရှိနေပြီ။ ဆိုတော့ သေချာတာက တနှစ်အတွင်းမှာ သူတို့ ဒီလို နိုင်ငံသားစိစစ်ပြီး နိုင်ငံကူးလက်မှတ်တွေကို ဒီလူ ၅ သိန်းကို ပေးမယ်ဆိုတာ လုပ်နိုင်မှာ မဟုတ်ဘူး။ ပြီးတော့ ဒီမှာက မမှန်ကန်တဲ့ စာရွက်စာတမ်းတွေနဲ့ အလုပ်လုပ်နေတဲ့သူတွေက အများကြီး ဆိုတော့လေ" ဟု ပြောပြသည်။
အလုပ်သမားမှတ်ပုံတင်ကဒ်၏ သက်တမ်းမှာ ၁ နှစ်ဖြစ်ပြီး နှစ်စဉ် သက်တမ်းတိုးခြင်းကို ဆောင်ရွက်ကြရသည်။ ထိုသို့ သက်တမ်းတိုးခြင်းကို နောက်လာမည့် နှစ်များတွင် ရပ်ဆိုင်းမည်ဆိုသော သတင်းများလည်း မကြာခဏ ထွက်ပေါ်လေ့ရှိသည်။
ထိုအကြောင်းနှင့်ပတ်သက်၍ သူက "နှစ်တိုင်း စနစ်တခုလာတိုင်း ဒါက နောက်ဆုံးနှစ်ဆိုပြီး ပြောကြတယ်။ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကတည်းက ဒီလိုပဲ ဒါနောက်ဆုံးနှစ်ဆိုပြီး ပြောလာကြတာ။ ဒါက ဘာလဲဆိုရင် သူတို့က လူတွေကို သူတို့လုပ်နေတဲ့ နိုင်ငံသားစိစစ်ရေးနဲ့ နိုင်ငံကူးလက်မှတ် ထုတ်တာတွေကို လုပ်စေချင်လို့ပဲ" ဟု ပြောပြသည်။
ထိုင်းနိုင်ငံရောက် ၂ သန်းကျော်မျှသော ကမ္ဘောဒီးယားနှင့် မြန်မာတို့မှ ရွှေ့ပြောင်းလုပ်သားများတွင် အများစုမှာ မြန်မာလူမျိုးများဖြစ်ပြီး တရားဝင် မှတ်ပုံတင်ထားသူများသည် ၅ သိန်းကျော်သာ ရှိကြောင်း မက်ပ်ဖောင်ဒေးရှင်း၏ စာရင်းများအရ သိရသည်။