ဖမ်းဆီးခံ ရေနံမြေလုပ်သားများ မိသားစုနှင့် တွေ့ခွင့်မရ

ဖမ်းဆီးခံ ရေနံမြေလုပ်သားများ မိသားစုနှင့် တွေ့ခွင့်မရ
by -
ဇာနည်
အလုပ်သမားနှင့် ကုမ္ပဏီ ပဋိပက္ခဖြစ်ပွားသဖြင့် မြန်မာနိုင်ငံ အလယ်ပိုင်း နှောပင် ရေနံမှော်မှ ဖမ်းဆီးခဲ့သော အလုပ်သမား ၂၀ ကို မိသားစုဝင်များနှင့် တွေ့ဆုံခွင့် မပေးဘဲ ဆက်လက် ဖမ်းဆီးထား ...

ချင်းမိုင် (မဇ္ဈိမ)။     ။ အလုပ်သမားနှင့် ကုမ္ပဏီ ပဋိပက္ခဖြစ်ပွားသဖြင့် မြန်မာနိုင်ငံ အလယ်ပိုင်း နှောပင် ရေနံမှော်မှ ဖမ်းဆီးခဲ့သော အလုပ်သမား ၂၀ ကို မိသားစုဝင်များနှင့် တွေ့ဆုံခွင့် မပေးဘဲ ဆက်လက် ဖမ်းဆီးထားသည်။   

"အစကတော့ ဗဟင်းရဲစခန်းမှာ ထားတယ်။ တချို့လည်း မြိုင်ကို ခေါ်သွားတယ်။ အခု အိမ်က စိတ်ပူတော့ သွားတွေ့တာပေ့ါ။ အဲဒါ မပေးတွေ့ဘူး။ ခေါ်သွားကတည်းက အချုပ်ထဲမှာ ထားတယ် ပြောတယ်။ ဘယ်သူမှကို မတွေ့ရတာ။ အထဲမှာ ဘယ်လိုနေတယ်၊ ဘာဖြစ်တယ်ဆိုတာ မသိရဘူး ဖြစ်နေတာပေါ့" ဟု မိသားစုဝင်တဦးက မဇ္ဈိမကို ပြောသည်။   

ပုဂ္ဂလိက ကုမ္ပဏီတခုဖြစ်သော ကောင်းဇော်ဟိန်းသည် လက်ဝါကြီးအုပ်ကာ စျေးနှိမ်ဝယ်သည်ဟုဆိုကာ ရေနံတူးဒေသခံများက  ကန့်ကွက်မှုများပြုပြီးနောက် ပဋိပက္ခဖြစ်ကာ ရေနံလုပ်သားအချို့ဖမ်းဆီးခံခဲ့ရသလို၊ အချို့မှာ ထွက်ပြေးတိမ်းရှောင်နေသည်။   

ရေနံတူးလုပ်သားများအပြောအရ ပြင်ပရေနံ တပေပါပေါက်စျေးမှာ ကျပ် ၅ သောင်းခွဲရှိနေချိန်တွင် ကောင်းဇော်ဟိန်း ကုမ္ပဏီမှ ၀ယ်ယူသော စျေးမှာ တပေပါလျှင် ကျပ် ၃ သောင်းဖြစ်သည်။

မိသားစုဝင်များအနေဖြင့် ပြည်ပသတင်းဌာနများထံ သတင်းမပြောရန် အာဏာပိုင်များ၏ ခြိမ်းခြောက်ပြောဆိုမှုများ ရှိနေသလို ထို့အတူ ညမထွက်ရ အမိန့်ကိုလည်း ဆက်လက်ထုတ်ပြန်ထားသည်။

အခင်းဖြစ်ပွားစဉ်က မီးလောင်မှုနှင့်အတူ နယ်မြေခံ ခြေလျင်တပ်ရင်း (ခလရ) ၂၅၇ မှ သေနတ်ဖြင့် ပစ်ခတ်နှိမ်နင်းခဲ့ရသော်လည်း လက်ရှိအခြေအနေတွင် ရေနံတူးဖော်မှုကို ပုံမှန် လုပ်ကိုင်နေဆဲဖြစ်သည်။