ချင်းမိုင် (မဇ္စျိမ)။ ။ မြန်မာနိုင်ငံ ပြည်နယ်နှင့် တိုင်းဒေသ တချို့တွင် ယခင်နှစ်ထက် အအေးပိုကဲလာပြီး၊ ယခုတလော နေ့စဉ်နှင့်အမျှ တစထက်တစ ပိုအေးလာသည်ဟု ဒေသခံအချို့အဆိုအရ သိရသည်။
နိုင်ငံ့မြောက်ဖျားရှိ ကချင်ပြည်နယ် မြို့တော်မြစ်ကြီးနား၊ အရှေ့ပိုင်းကျသည့် ရှမ်းပြည်နယ် လွိုင်လင်၊ အရှေ့တောင်ခြမ်း မြို့အချို့၊ အလယ်ပိုင်းမှ မိုးကုတ်နှင့် ပျဉ်းမနားတွင် ယခုနှစ် ထူးကဲစွာ အအေးလွန်ကဲနေကြောင်း စုံစမ်းသိရှိရခြင်း ဖြစ်သည်။
မြစ်ကြီးနားမြို့ခံတဦးက "တအားအေးတယ်။ အအေးမကြောက်တဲ့ လူတောင် ဒီနှစ် အရမ်းအေးတယ်" ဟု ပြောသည်။
သူက "အေးတယ် ခါတိုင်းနှစ်ထက်စာရင် ပိုအေးတာပေါ့။ အခုရက်ပိုင်း တော်တော်လေးကို အေးပါတယ်။ နေထွက်လာလေ ပိုအေးလေပဲ။ တနေကုန်လို အေးနေတာပါပဲ။ အနွေးထည်မှ မချွတ်ရတာ။ လူအသေအပျောက်တော့ မကြားသေးပါဘူး" ဟု ဆက်ပြောသည်။
မန္တလေးတိုင်း မိုးကုတ်မြို့တွင် ယခင်နှစ်ထက်စာလျှင် ပိုအေးလာပြီး၊ ယခုရက်ပိုင်း၌ နေ့စဉ်နှင့်အမျှ အအေးပိုလာကြောင်း ဒေသခံများက ဆိုသည်။
အလားတူပင် ရှမ်းပြည်နယ် လွိုင်လင်တွင်လည်း အအေးပိုလာပြီး၊ အပူချိန်မှာ သုညဒီဂရီအောက်သို့ပင် ကျရောက်သည့်နေ့များ ရှိနေကြောင်း လွိုင်လင်ဘက်နှင့် အဆက်အသွယ်ရှိသူ မိုးကုတ်မြို့ခံတဦးက ပြောသည်။
မန္တလေးတိုင်း ပျဉ်းမနား-နေပြည်တော်ဘက်တွင် ထိုကဲ့သို့ပင် အအေးပိုနေပြီး၊ မွန်းတည့်ချိန်အထိ အေးနေကြောင်းနှင့် သာမန်စောင်ဖြင့် မနွေးဘဲ ဂွမ်းစောင်များ ၀ယ်ယူအသုံးပြုရကြောင်း နေပြည်တော်၌ တာဝန်ထမ်းကျနေသူ ၀န်ထမ်းတဦးက မဇ္စျိမကို ပြောသည်။
ထိုင်း-မြန်မာ နယ်စပ်ဒေသများဖြစ်သည့် တာချီလိတ်-မယ်စိုင်နှင့် မြဝတီ-မဲဆောက်ဘက်တွင်လည်း အလားတူ ရာသီဥတု အခြေအနေမျိုး ရှိနေကြောင်း စုံစမ်းသိရှိရသည်။
ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် "ထူးခြားသည့် ညအပူချိန်များ" အဖြစ် လွိုင်လင်မြို့တွင် ၁ ဒီဂရီစင်တီဂရိတ်၊ နမ့်စန်နှင့် မိုးကုတ် ၅ ဒီဂရီစင်တီဂရိတ်၊ ဟားခါး ၂ ဒီဂရီစင်တီဂရိတ်၊ မိုးကုတ်တွင် ၄ ဒီဂရီစင်တီဂရိတ် ရှိကြောင်း ဖော်ပြထားသည်။
လာမည့် ၂ ရက်အတွက်လည်း တပြည်လုံးတွင် ညအပူချိန်များ ဆက်လက် လျော့နည်းနေမည်ဟု ခန့်မှန်းဖော်ပြသည်။
အမည်မဖော်လိုသူ မိုးဇလ အရာထမ်းတဦးကမူ လေစီးကြောင်း အပြောင်းအလဲကြောင့် ယခုလ နောက်ဆုံးပတ်၌ မြန်မာနိုင်ငံအတွင်း အအေးလှိုင်း ကျရောက်လာနိုင်ရာ မြောက်ပိုင်းဒေသများတွင် ပိုမိုခံရဖွယ်ရှိပြီး ကျန်နေရာများတွင်လည်း အရှေ့မြောက် မုတ်သုံလေ တိုက်ခတ်ကာ ညအပူချိန်ကျ၍ အအေးပိုလာမည်ဟု မဇ္ဈိမကို ယမန်နေ့က ပြောဆိုခဲ့သည်။
သို့သော်လည်း တိုင်းပြည်၏ အရပ်ဒေသ အများအပြားတွင် အအေးလွန်ကဲမှုကြောင့် စိုးရိမ်ဖွယ်ရာကောင်းသည့် လက်ရှိအခြေအနေနှင့် ပိုမိုဆိုးရွားစွာ ကျရောက်နိုင်သည့် အခြေအနေများကြောင့် ဘေးအန္တရာယ် ဖြစ်စေနိုင်သဖြင့် ကြိုတင်ပြင်ဆင်သင့်သည့် သတိပေးချက်မျိုးကိုမူ မည်သည့်အာဏာပိုင်များကမှ ထုတ်ပြန်ခြင်း မရှိကြောင်း ဒေသခံများက ပြောဆိုသည်။
ထုတ်လွှင့်သည့် ရုပ်မြင်သံကြားနှင့် ရေဒီယိုကို ကြည့်ရှုနားထောင်ခြင်း မရှိသေးကြောင်း သူတို့က ၀န်ခံပြောဆိုသော်လည်း၊ မြဝတီမြို့ခံကမူ ညနေ ၄ နာရီကျော်လျှင် ရေမချိုးကြရန်သာ ရေဒီယိုမှ သတိပေးချက် လွှင့်ထုတ်ခဲ့ကြောင်း ပြောသည်။