ဆန္ဒပြ အန်အယ်ဒီလူငယ် ၆ ဦး ပြန်လွတ်လာ

ဆန္ဒပြ အန်အယ်ဒီလူငယ် ၆ ဦး ပြန်လွတ်လာ
by -
ဖနိဒါ
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လူငယ် ၆ ဦးအား အင်းစိန်ထောင်အတွင်း ရက်သတ္တပတ် ၂ ပတ်ကြာခန့် ဖမ်းဆီးထားရာမှ အာဏာပိုင်များက ယမန်နေ့က ပြန်လွှတ်ပေးလိုက်သည်။ အကျယ်ချုပ် ကျခံနေရသည့် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ...

ချင်းမိုင် (မဇ္ဈိမ)။     ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လူငယ် ၆ ဦးအား အင်းစိန်ထောင်အတွင်း ရက်သတ္တပတ် ၂ ပတ်ကြာခန့် ဖမ်းဆီးထားရာမှ အာဏာပိုင်များက ယမန်နေ့က ပြန်လွှတ်ပေးလိုက်သည်။

အကျယ်ချုပ် ကျခံနေရသည့် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ပြန်လွှတ်ပေးရန်အတွက် ပြီးခဲ့သည့်လ ၃၀ ရက်နေ့က ရန်ကုန်တွင် စီတန်းလမ်းလျှောက် ဆန္ဒပြခဲ့သဖြင့် ဖမ်းဆီးခံခဲ့ရသည့် အန်အယ်ဒီ လူငယ် ၉ ဦးအနက် ၆ ဦးအား ခံဝန်ကတိ လက်မှတ်ရေးထိုးကာ ပြန်လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။   

"မနေ့က ၆ ယောက် ပြန်လွတ်လာတယ်၊ အင်းစိန်ကနေ။ နောက်တခါ ဒီလိုမလုပ်ပါဘူးဆိုပြီးတော့ လက်မှတ် ထိုးခိုင်းတယ်။ နောက်တခါ သူတို့က စမ်းချောင်းက လူငယ်တွေဖြစ်တော့ မယက (မြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး) ရုံးမှာ တခါ၊ မိဘတွေရော လက်မှတ် ထိုးခိုင်းတယ်" ဟု အန်အယ်ဒီ ပြန်ကြားရေး တာဝန်ရှိသူ ဒေါက်တာဝင်းနိုင်က မဇ္ဈိမကို ပြောသည်။

လွတ်မြောက်လာသူများမှာ ကိုမင်းသိန်း (သာကေတ)၊ စမ်းချောင်းမြို့နယ်မှ အဖွဲ့ချုပ်အဖွဲ့ဝင် လူငယ်များဖြစ်သည့် ကိုသက်မောင်ထွန်း၊ ကိုပြည့်ပြည့်၊ ကိုအောင်ဖြိုးဝေ၊ ကိုထွန်းထွန်းလင်းနှင့် ကိုကောင်းထက်လှိုင် ဖြစ်သည်။

မထက်ထက်ဦးဝေ (ရွှေပြည်သာ)၊ လူငယ် တာဝန်ခံ (၁) ကိုထွန်းထွန်းဝင်း (စမ်းချောင်း) ၊ ကိုဝင်းမြင့်မောင် (ခ) ကိုပဲပြုတ် (ခရမ်း) မှာ ယခုထိ အင်းစိန်ထောင်တွင် ကျန်ရှိနေဆဲ ဖြစ်သည်။   

ထောင်အတွင်း ကျန်ရှိနေသူများအရေးနှင့် ပတ်သက်ပြီး ဒေါက်တာဝင်းနိုင်က "ကျနော်တို့ ယူဆတာက ဒီလို ဆန္ဒပြတာကို ဒီလူတွေက ခဏခဏ လုပ်တယ်။ ဒါကြောင့် ဒီလိုလူတွေကို အလွယ်တကူ လွှတ်ပေးမယ် မထင်ဘူးပေါ့။ ဆက်ထိန်းထားမယ်လို့ ကျနော်တို့ ယူဆတယ်" ဟု ပြောသည်။  

ဒီဇင်ဘာလ ၃၀ ရက်နေ့က ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ ပါတီဌာနချုပ်တွင် ကျင်းပသော အစည်းအဝေး တက်ရောက်အပြီး ပါတီလူငယ် ၉ ဦးက ချီတက်ဆန္ဒပြရာ၊ ယခုအခါ အသုံးမပြုတော့ပြီ ဖြစ်သော လွှတ်တော် အဆောက်အဦအနီး၌ လုံခြံုရေး တပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့သည်။  

သူတို့ကို ပန်းဝါစစ်ကြောရေးစခန်း၌ ၄ ရက်ကြာ စစ်ဆေးမေးမြန်းပြီးနောက်၊  အင်းစိန်ထောင်တွင် ၁၂ ရက်ကြာ ထိန်းသိမ်းထားရှိပြီး ပြန်လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။

Most read this week