ရွေးကောက်ပွဲ ၀င်ပြိုင်ရေး ဘိုကလေးမှာ စည်းဝေး

ရွေးကောက်ပွဲ ၀င်ပြိုင်ရေး ဘိုကလေးမှာ စည်းဝေး
by -
သန်းထိုက်ဦး
၂၀၁၀ ရွေးကောက်ပွဲတွင် လူအများ ပါ၀င်လာရေး စည်းရုံး လှုံ့ဆော်ရန်အတွက် ဧရာဝတီတိုင်း ဘိုကလေးမြို့ရှိ နိုင်ငံရေးသမားတချို့ ယမန်နေ့က အစည်းအဝေး ပြုလုပ်ခဲ့ ...

ချင်းမိုင် (မဇ္စျိမ) ။     ။ ၂၀၁၀ ရွေးကောက်ပွဲတွင် လူအများ ပါ၀င်လာရေး စည်းရုံး လှုံ့ဆော်ရန်အတွက် ဧရာဝတီတိုင်း ဘိုကလေးမြို့ရှိ နိုင်ငံရေးသမားတချို့ ယမန်နေ့က အစည်းအဝေး ပြုလုပ်ခဲ့သည်။

မြန်မာအတိုက်အခံများ၏ ဒီမိုကရေစီရေး လှုပ်ရှားမှုများအား ဝေဖန်စာများ ရေးသားကာ မကြာခဏဆိုသလို အင်တာနက် စာမျက်နှာထက် ပို့နေသူတဦးဖြစ်သည့် ကိုနေမျိုးဝေ၏ ဘိုကလေးမြို့ ၄ ရပ်ကွက်၊ ပိတောက်လမ်းရှိ အမှတ် ၅၃ နေအိမ်တွင် နိုင်ငံရေးသမား တချို့နှင့် ဒေသခံတချို့တို့ဖြင့် နေ့လယ် ၁၂ နာရီမှ မွန်းလွဲ ၃ နာရီအထိ ကျင်းပခဲ့ခြင်း ဖြစ်သည်။

''ရည်ရွယ်ချက်က ၂၀၁၀ ရွေးကောက်ပွဲကို ပြည်သူများ နိုးကြားတက်ကြွစွာ စိတ်ဝင်တစား ပါ၀င်လာဖို့ အရေးပေါ့။ နောက် ၂၀၁၀ ရွေးကောက်ပွဲကို ရွေးချယ်ခံရမယ့် ကိုယ်စားလှယ်တွေကို လူစစ်နိုင်အောင်ပေါ့။ လူစစ်နိုင်တယ် ဆိုတာက အရည်အသွေးမီတဲ့ လူတွေကို စစ်နိုင်အောင်၊ မေးခွန်တွေ မေးတတ်အောင် အဲဒါကို ကျနော်တို့က ကြိုတင်ပြီး လုပ်တာ။ အလေ့အကျင့် လုပ်ချင်တဲ့ သဘောပေါ့'' ဟု ကိုနေမျိုးဝေက မဇ္စျိမကို ပြောသည်။

သူက ဆက်ပြီး ''မေးခွန်းနဲ့ပတ်သက်လို့ သိပ်မေးနိုင်တဲ့ အနေအထားတောင် မရှိဘူး။ တချို့ တက်ရောက်တဲ့ လူတွေတော့ သဘောပေါက်သွားတာပေါ့'' ဟု ပြောသည်။

တက္ကသိုလ်မြတ်သူ၊ ကျိုက်လတ်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်း၊  နိုင်ငံရေး ဘောဂဗေဒ ဦးအုန်းလွင်၊ ဘိုကလေးဝန်းကျင်ရှိ ရွာသားအချို့နှင့် ရပ်ကွက်အတွင်း လူအချို့ကို ဖိတ်ကြားခဲ့ကြောင်းနှင့် အစည်းအဝေး ကျင်းပခွင့် ရရန်အတွက် ခရိုင် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (ခဝတ) သို့ ခွင့်ပြုချက်တောင်းခဲ့ကြောင်း သူက ပြောသည်။  

''လူ ၅၀ အောက်ကိုတော့ ခဝတ အထိလောက်ကို လှမ်းပြီးတော့ အကြောင်းကြားလိုက်လို့ရှိရင် ဒါ ဖြစ်နိုင်တယ်ဆိုလို့ လူ ၅၀ အောက် လုပ်တဲ့အတွက် ဒီရွာတွေက ရှိတဲ့ တချို့လူ၊ တချို့ရွာသားတွေပေါ့။ သူတို့ နည်းနည်းကိုယ်စားပြုနိုင်မယ့်  လူတွေပေါ့။ ရပ်ကွက်ထဲမှာ လူချစ်လူခင်များတဲ့ လူပေါ့။ လူ ၅၀ အောက်ဆိုတော့ သူတို့က လုပ်ပါပေါ့။ လုပ်မယ်ဆိုရင်တော့ ထိန်းထိန်းသိမ်းသိမ်းနဲ့ ငြိမ်ငြိမ်လေးလုပ်ဖို့ ပြောတာပေါ့။ အဲဒီမျိုးလေးတွေကို ကျနော်တို့က ခွင့်ယူရတာပေါ့'' ဟု သူက ဆိုသည်။   

ပါတီများ မှတ်ပုံတင်ခွင့်နှင့် ရွေးကောက်ပွဲ စည်းမျဉ်းစည်းကမ်းများ ပေါ်ပေါက်လာချိန်တွင် ပိုမိုကျယ်ပြန့်စွာ ဆွေးနွေးသွားရန်အတွက် ယခုအခါမှ စတင်ကာ ဆင့်ပွားနိုင်ရေး ခေါ်ယူ ဆွေးနွေးစေခဲ့ခြင်း ဖြစ်သည်။

Most read this week