ဂြိုဟ်တုနှင့် ဒေသတစ်ခု၏ သဘာဝအနေအထားကို ထောက်လှမ်းစောင့်ကြည့်သော remote-sensing အချက်အလက်များအား အသေးစိတ် ဆန်းစစ်ချက်အရ မြန်မာနိုင်ငံမြောက်ပိုင်း ဖားကန့်ဒေသတွင် ပြီးခဲ့သည့်နှစ် ဇူလိုင်လက လူပေါင်း ၁၇၀ ကျော် သေဆုံးခဲ့ရသည့် မြေပြိုမှု ဖြစ်ပွားခဲ့ရာ ဝှေခါမှော် ကျောက်စိမ်းမိုင်းတွင်းတွင် လျော်ကန်သင့်တော်မှုမရှိသည့် အခြေအနေများအား ဖော်ထုတ်တွေ့ရှိခဲ့သည်။
ဆန်းစစ်ခဲ့သည့် ရလဒ်များအရ အဆိုပါ ဝမ်းနည်းဖွယ်ရာ မြေပြိုမှုမှာ စီမံခန့်ခွဲမှုလွဲမှားခြင်းနှင့် ညံ့ဖျင်းသော စီစဉ်လုပ်ကိုင်ပုံများကြောင့် ဖြစ်ရသည်ဟု ပြသနေကြောင်း မြန်မာနိုင်ငံအတွင်း ဖြစ်ပွားသော မိုင်းတွင်း မတော်တဆမှုအား ပထမဆုံး တိကျစွာ မှတ်တမ်းတင်သည့် ယခု ဖော်ထုတ်တွေ့ရှိချက်ကို ရေးသားသော နိုင်ငံတကာအဖွဲ့က ပြောသည်။
ယခု တွေ့ရှိချက်များသည် ပြည့်ပြည့်စုံစုံ မဖြေရှင်းရသေးသော ယင်း မြေပြိုမှုဘေးကို ဖြစ်ပေါ်စေခဲ့သည့် အကြောင်းချင်းရာများကို မီးမောင်းထိုး ပြသခြင်းအပြင် မိုင်းတွင်း မတော်တဆမှုများ မကြာခဏ ကြုံရသော မြန်မာနှင့် အခြားနိုင်ငံများတွင် မိုင်းပြိုကျမှုနှင့် ပတ်သက်ပြီး မှတ်တမ်းတင်ခြင်းနှင့် လုပ်ကွက်စီမံကိန်းများ တိုးတက်ကောင်းမွန်စေရေးတို့၌ အထောက်အကူဖြစ်စေလိမ့်မည်ဟု အဆိုပါ သုတေသနစာတမ်းကို ရေးသားသည့် အဖွဲ့က မျှော်လင့်ထားသည်။
တရုတ်နိုင်ငံအတွက် လက်ဝတ်ရတနာနှင့် ပန်းပုရုပ်များအဖြစ် အများအားဖြင့် ရည်ရွယ်သော ကျောက်စိမ်းတူးဖော်မှုသည် မြန်မာနိုင်ငံတွင် မကြာသေးသော နှစ်များအတွင်း အကြီးအကျယ် တိုးများလာခဲ့သည်။ ကျောက်မိုင်းများတွင် အနည်းငယ်သော ဘေးကင်းလုံခြုံရေး အကာအကွယ်ပစ္စည်းများဖြင့် ကျောက်စိမ်းရှာဖွေကြသည့် ကျောက်တူးသမား ၄၀၀၀၀၀ နီးပါး ရှိသည်။ ၎င်းတို့သည် အရှေ့တောင်အာရှ မြန်မာနိုင်ငံ ပို့ကုန်ဝင်ငွေ၏ ၂၀ ရာခိုင်နှုန်းဖြစ်သော၊ ၂၀၁၁ ခုနှစ်၌ အမေရိကန်ဒေါ်လာ ၈ ဘီလီယံခန့် ဝင်ငွေရခဲ့သော၊ ကမ္ဘာ့ ကျောက်စိမ်းဈေးကွက်၏ ၉၀ ရာခိုင်နှုန်းကို ထောက်ပံ့ပေးနေသော ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများ၌ လုပ်ကိုင်နေကြခြင်းပင်ဖြစ်သည်။
မြန်မာနိုင်ငံက ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းသည် စည်းမျဉ်းစည်းကမ်း လျော့ရဲပြီး မိုင်းတွင်းပြိုကျမှုများ အဖြစ်များရာ ၂၀၀၄ ခုနှစ်ကစတင်ပြီး ရာပေါင်းများစွာ သေဆုံးရကြောင်း သုတေသနအဖွဲ့အရ သိရသည်။ သို့ရာတွင် ကျောက်စိမ်းတူးဖော်မှု၏ အချက်အခြာဖြစ်သော မြောက်ပိုင်း ကချင်ပြည်နယ်၏ နိုင်ငံရေးနှင့် တိုင်းရင်းသား ပဋိပက္ခများနှင့်အတူ မြန်မာအာဏာပိုင်များ၏ ပွင့်လင်းမြင်သာမှု အားနည်းခြင်းတို့ကြောင့် ကျောက်တူးဖော်ရေး လုပ်ကွက်များသို့ မြေပြင်ကွင်းဆင်း ဆန်းစစ်လေ့လာမှုများ လုပ်ဆောင်ရန် မဖြစ်နိုင်သလောက်နီးပါး ရှိရသည်ဟု ၎င်းတို့က ပြောသည်။
မြန်မာနိုင်ငံ၏ အဆိုးဆုံးဟု ယူဆရမည်ဖြစ်သော ကျောက်မိုင်းတွင်းဘေးအန္တရာယ်ဖြစ်စဉ်မှာ ဖားကန့်ဒေသ ဝှေခါမှော် မြောက်ဖက်ကျင်းတွင် ပြီးခဲ့သည့် ဇွန်လအတွင်း မိုးရေက မြေကြီးများအတွင်း ရေစိမ့်ဝင်ခဲ့ရာမှ စတင်သည်။
နောက်ဆုံး၌ ဇူလိုင် ၂ ရက်တွင် ကျောက်မိုင်းတောင်စောင်းမှ မြေသားမြေစိုင်များ ရေလျှံကျင်းအတွင်း ထုနှင့်ထည်နှင့် ပြိုကျပြီး ရေနှင့်မြေများ ဖုံးလွှမ်းရာမှ ကျောက်တူးသမား ၁၇၂ ဦး သေဆုံးခဲ့ရသည်ဟု သုတေသနစာတမ်း ရေးသားသူများက ပြောသည်။
ဖားကန့်က ကျောက်တူးဖော်ရေးကုမ္ပဏီများကို မုတ်သုံရာသီအတွက် ဇူလိုင် ၁ ရက်မှ စတင်ပြီး လုပ်ငန်းများ သုံးလတာရပ်နားထားရန် အာဏာပိုင်များက အမိန့်ထုတ်ထားသော်လည်း ဆင်းရဲနွမ်းပါးသည့် ရေမဆေးကျောက်ရှာကြသူများက ကျောက်စိမ်းရိုင်းတုံးများကို ဆက်လက်ရှာဖွေနေဆဲ ရှိခဲ့ခြင်းဖြစ်သည်။ မိုးသည်းထန်ခြင်းကြောင့် ယခုမြေပြိုမှု ဖြစ်ရသည်ဟု ကနဦးက ယူဆထားခဲ့ကြသည်။
ထို မြေပြိုမှုဖြစ်ချိန်က ဝှေခါမှော်၏ သတ်မှတ်အပိုင်းများကို လုပ်ပိုင်ခွင့်လိုင်စင်ရှိထားသည့် ကုမ္ပဏီ အနည်းဆုံး ၁၂ ခုရှိပြီး ကုမ္ပဏီများသည် နည်းစနစ်မှန် လုပ်ကိုင်ဆောင်ရွက်မှုနှင့် ဘေးအန္တရာယ် အကဲဖြတ်မှုတို့ နည်းပါးခြင်းကြောင့် ယင်းသို့ မြေပြိုမှု ဖြစ်ရသည်ဟု မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က အပြစ်ဆိုခဲ့သည်။ သို့သော် ကျောက်တူးဖော်ရေးလုပ်ငန်းတွင် အစိုးရက ကြီးကြပ်ကွပ်ကဲသော စည်းမျဉ်းထိန်းသိမ်းမှု ချို့ငဲ့ခြင်းကလည်း မြန်မာနိုင်ငံက ကျောက်တူးသမားများ၏ အသက်ဘေးကို ခြိမ်းခြောက်နေသော အဓိကပြဿနာပဲဖြစ်သည်ဟု NGOs များကလည်း ပြောသည်။
မြေပြိုမှု မဖြစ်ခင် ဝှေခါမှော်ကျောက်မိုင်း၌ တူးဖော်ရေးလုပ်ငန်းများကို ဇွန် ၂၉ ရက်က စတင်အပြီးသတ်ထားကြောင်း အစိုးရလက်အောက်ရှိ စည်းမျဉ်းထိန်းသိမ်းရေးနှင့် ကျောက်တူးဖော်ရေး လိုင်စင်ချထားပေးသည့် မြန်မာကျောက်မျက်လုပ်ငန်းရှင်များအသင်းမှ ပြောခွင့်ရသူတစ်ဦးက ဆိုသည်။ အစိုးရ၏ စုံစမ်းစစ်ဆေးမှုအရ ရွာသွန်းသော မိုးရေသည် ကျောက်သားအက်ကြောင်းများမှတစ်ဆင့် မြေကြီးထဲ စိမ့်ဝင်ရာမှ မြေပြိုမှု ဖြစ်ရသည်ဟု ကောက်ချက်ချထားကြောင်း ၎င်းက ပြောသည်။ ယခု သုတေသနတွေ့ရှိချက်များသည် ကျောက်တူးဖော်ရေး လုပ်ငန်း၌ အနာဂတ် စီမံခန့်ခွဲရေးတွင် အထောက်အကူဖြစ်ရေးအတွက် အရေးပါလိမ့်မည်ဟု သုတေသနအဖွဲ့က ဆိုသည်။
ယခု သုတေသနအပေါ် ထင်မြင်ချက်ပေးရန် ကျောက်လုပ်ငန်းကုမ္ပဏီများထံ ဆက်သွယ်၍မရသေးသကဲ့သို့ မြေပြိုမှုဘေးဖြစ်စေသည့် အကြောင်းရင်းကို Nature ၏ စုံစမ်းစစ်ဆေးမှုကိုလည်း တုံ့ပြန်ခြင်း မရှိကြပေ။
မြန်မာနိုင်ငံက ကျောက်တူးဖော်ရေးလုပ်ကွက်များသို့ ဝင်ရောက်ခွင့်မရသဖြင့် ထိုင်ဝမ်၊ စင်ကာပူ၊ ဘရာဇီးနှင့် ထိုင်းနိုင်ငံတို့မှ သုတေသနပညာရှင်အဖွဲ့သည် ယင်း မြေပြိုမှုအား စုံစမ်းစစ်ဆေးရန် remote sensing နှင့် ဂြိုဟ်တုမှ အချက်အလက်များကို အသုံးပြုခဲ့ရခြင်း ဖြစ်သည်။ ကျောက်တူးဖော်ရေး စည်းမျဉ်းတင်းကြပ်သော နိုင်ငံများက တူးဖော်လုပ်ကွက်များကို စောင့်ကြည့်ရာမှာပင် ယခု လုပ်နည်းကိုင်နည်းကို မကြာခဏ အသုံးပြုလေ့ ရှိသည်။ “အာကာသကနေပြီး စောင့်ကြည့်ထောက်လှမ်းနိုင်တာတွေ အများကြီး ရှိပါတယ်”ဟု တိုင်ပေရှိ National Taiwan University မှ ဘူမိဗေဒပညာရှင် သုတေသနအား ပူးတွဲရေးသားသူ ဝန်ယုက ပြောသည်။
ဝှေခါမှော် ဝန်းကျင် မြေပြင်အနေအထား ပုံပျက်သွားမှုကို တွက်ချက်ရန် ဝန်နှင့်အဖွဲ့သည် မြေပြိုမှုအား မြေပြင်မှ ရိုက်ကူးထားသည့် အွန်လိုင်းဗီဒီယိုနှင့်အတူ ဝေဟင်နှင့် ဂြိုဟ်တုမှ အချက်အလက်များကို ပေါင်းစပ်ခြင်းအပြင် ၂၀၀၀ ခုနှစ်က နာဆာ အာကာသလွန်းပြန်ယာဉ်မစ်ရှင်မှ အချက်အလက်များကိုပါ ထည့်သွင်းတွက်ချက်ခဲ့သည်။
မိုင်းကျင်းကမ်းပါး ပြိုကျရခြင်းတွင် မိုးရွာခြင်းကြောင့်အပြင် အကြောင်းအချက် နှစ်ရပ်ကို ၎င်းတို့က တွေ့ရှိခဲ့သည်။ ပထမအချက်မှာ မိုင်းတွင်းနံရံများသည် အန္တရာယ်ရှိလောက်အောင် မတ်စောက်နေခြင်းက ကျင်းပတ်လည်က ကျောက်စိုင်ကျောက်သားကို အားနည်းမှု ဖြစ်စေခြင်း ဖြစ်သည်။ ၂၀၁၃ နှင့် ၂၀၂၀ အတွင်း ရိုက်ကူးထားသော ဂူဂဲလ်ဓာတ်ပုံများအရ ပြိုကျမှုအား တားဆီးကာကွယ်နိုင်ရန် ကျင်းနံရံ၌ အထူးလှေကားထစ်များ တူးထားသည့်တိုင်အောင် ကျင်းတွင် မကြာခဏ မြေသားမြေစိုင် ပြိုကျမှုများဖြစ်သည်ကို မြင်တွေ့ရကြောင်း ဝန်က ပြောသည်။
“ဒီ မိုင်းလုပ်ကွက်မှာ တူးဖော်ရေးလုပ်ငန်းတွေ မပြတ်ရှိနေပြီး မကြာခဏ အထိန်းအကွပ်မဲ့ မြေပြိုမှုတွေကြောင့် အခြေအနေ ပိုပြီးဆိုးရတယ်”ဟု ဝန်နှင့် ပူးတွဲသုတေသီများက ရေးသားသည်။ တူးဖော်ရေး လုပ်ငန်းစဉ်မှာ ကျောက်စိမ်းများ ပို၍ မြန်မြန်ဆန်ဆန် တူးဖော်ရရှိစေသော်လည်း အန္တရာယ်ရှိသော အခြေအနေများကိုပါ ဖန်တီးပေးနေခြင်း ဖြစ်သည်။
“ပြောရရင်တော့ ကျင်းနံရံ မတ်စောက်လွန်းတာက မြေပြိုကျရမှုအတွက် မှန်ကန်တဲ့ အဖြေ အတော်လေး ဖြစ်နိုင်တယ်” ဟု University of Sheffield မှ မြေပြိုမှုများ သုတေသနပြုသူ ပထဝီဝင်ပညာရှင် ဒေ့ဗ်ပတ်တလေးက ပြောသည်။ ယခု ဖားကန့်မြေပြိုမှုသည် မိုင်းတူးဖော်ရေး လုပ်ပုံကိုင်ပုံများကြောင့် ဖြစ်ရသည်ဟု ၎င်းအနေဖြင့် ကျိန်းသေ မပြောနိုင်သော်လည်း တူးဖော်ရေးလုပ်ငန်းများအနေဖြင့် ပထဝီမြေအနေအထား ပုံပျက်ခြင်းကို ကာကွယ်တားဆီးရန် စီစဉ်ဆောင်ရွက်ရမည်ဖြစ်သည်ဟု ၎င်းက ဆိုသည်။ “ပြိုကျမှုမဖြစ်ခင်မှာ ကျင်းနံရံတွေဟာ သွင်ပြင်ပုံပျက်နေပြီဆိုတာကို သုတေသနရေးသားသူတွေက ဖော်ထုတ်ပြသခဲ့တယ်” ဟု ၎င်းက ထပ်လောင်းပြောသည်။
ဒုတိယအချက်အနေဖြင့် မြေစာပုံများသည် မိုးရေနှင့် မြေအောက်ရေအတွက် ရေမြုပ်သဖွယ်ဖြစ်နေပြီး ကျင်းနံရံများကို တိုက်စားသည့် ရေကို တစ်ဖြည်းဖြည်းချင်း ယိုစိမ့်ထွက်ရှိစေဖွယ်ရှိခြင်းက ပြိုကျမှုဖြစ်ရန် အားဖြည့်ပေးနေခြင်းဖြစ်သည်ဟု သုတေသနရေးသားသူများက ဆိုသည်။ ၂၀၀၀ နာဆာ၏ အာကာသလွန်းပြန်ယာဉ်နှင့် ဂျပန်နိုင်ငံ၏ ၂၀၀၆-၂၀၁၁ ကုန်းမြေစောင့်ကြည့်ရေးဂြိုဟ်တုမှ အချက်အလက်များအရ တွေ့ရှိရသည့် ယင်း မြေစာပုံများသည် မိုင်းတွင်းနှင့် အရမ်းနီးကပ်စွာ ရှိမနေသင့်ဟု ၎င်းတို့က ဆိုကြသည်။
“မှော်ကျင်းမှာ စီမံခန့်ခွဲမှု လွဲမှားမှုနဲ့ ညံ့ဖျင်းတဲ့ စီစဉ်လုပ်ကိုင်မှု ပြဿနာတွေ ရှိနေတယ်” ဟု Nature သို့ ပေးပို့သော အီးမေးလ်တွင် ၎င်းတို့က ဆိုကြသော်လည်း ယင်း မြေပြိုမှုအတွက် မည်သူကိုမှ အပြစ်ဆိုတော့မည် မဟုတ်ကြောင်းလည်း ပြောသည်။ “ကျွန်တော်တို့ရဲ့ ဆန်းစစ်မှုတွေဟာ သိပ္ပံရှုထောင့်ကပဲ ဖြစ်တယ်၊ ဒါကို အလောင်းခွဲစိတ်မှု အစီရင်ခံစာမျိုး ရှုမြင်သင့်ပြီး ရာဇဝတ်မှု တိုင်ချက်မျိုး မမြင်သင့်ဘူး” ဟု ၎င်းတို့က ပြောသည်။ “မတူကွဲပြားတဲ့ အုပ်စုအဖွဲ့တွေကြားမှာ တာဝန်ခံမှုကို မှန်ကန်စွာ မျှဝေယူကြဖို့ ဆုံးဖြတ်နိုင်အောင်အတွက် စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးမှု လိုအပ်ပါတယ်” ဟု ၎င်းတို့က ပြောကြသည်။
ရန်ကုန်က လွတ်လပ်သော ဓာတ်သတ္ထုတူးဖော်ရေး ဘူမိဗေဒ အတိုင်ပင်ခံတစ်ဦးဖြစ်သူ ဦးကြည်ထွန်းက ယခု သုတေသနပြုချက်ကို ဖတ်ပြီးနောက် မှော်ကျင်းတောင်စောင်းမှာ မည်သို့ ပြောင်းလဲမှု ဖြစ်သည်ကို စောင့်ကြည့်မှု မရှိခြင်းနှင့် စွန့်ပစ်မြေစာပုံများ သင့်တော်စွာ နေရာပုံချထားခြင်း မရှိခြင်းကဲ့သို့သော ညံ့ဖျင်းသည့် လုပ်ကွက် စီမံခန့်ခွဲမှုသည် ထို မြေပြိုမှု ဖြစ်ရသည့် တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ယူဆပြောဆိုသည်။ “ဝှေခါမှော်မှာ သင့်တော်မှန်ကန်တဲ့ မိုင်းတွင်းလုပ်ကွက် စီစဉ်ဆောင်ရွက်မှုကို ဘယ်သူမှ မလုပ်ကြဘူး” ဟု ၎င်းက ပြောသည်။
မြေပြိုမှုဖြစ်အပြီး ယင်း မိုင်းတွင်းသို့ သွားရောက်ခဲ့သူ အကျိုးဆောင်အဖွဲ့ဖြစ်သော ထိုင်းနိုင်ငံ ကချင်အမျိုးသမီးများအသင်း၏ ပြောခွင့်ရပုဂ္ဂိုလ် ဒေါ်ဆန်ထွယ်က ယခု သုတေသန တွေ့ရှိချက်များသည် ၎င်း အကဲဖြတ်ထားသည်နှင့် ကိုက်ညီမှုရှိကြောင်း ပြောသည်။ “တောင်စောင်းက အရမ်း မတ်စောက်နေတယ်၊ ဒါဟာ အတော်အန္တရာယ်ကြီးတာပဲ” ဟု သူကဆိုသည်။
သုတေသနပြု ရေးသားသူများက ၎င်းတို့ အဖွဲ့၏ လုပ်ဆောင်ချက်သည် ကျောက်မိုင်းတွင်း တူးဖော်ရေး၌ စည်းမျဉ်းလျော့ရဲသော နိုင်ငံများတွင် အလားတူ အကဲဖြတ်ဆန်းစစ်ချက်များ လုပ်ဆောင်ရန်အတွက် အခြားသော သိပ္ပံပညာရှင်များကို တွန်းအားဖြစ်စေလိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြသည်။ ၂၀၀၄ မှ ၂၀၁၆ ကြား နိုင်ငံပေါင်း ၃၂ နိုင်ငံတွင် မိုင်းတွင်းမတော်တဆမှုများကြောင့် လူသေဆုံးမှုများ ဖြစ်ခဲ့ရကြောင်း အစီရင်ခံစာတစ်ရပ်အရ သိရသည်။
ယခု နောက်ဆုံး သုတေသနပြုချက်သည် ‘မိုင်းတွင်းမတော်တဆမှုအတွက် အလွန်ကို ပြည့်စုံကျယ်ပြန့်တဲ့ စိစစ်လေ့လာချက်ပဲ ဖြစ်တယ်”ဟု သဘာဝပတ်ဝန်းကျင်စိန်ခေါ်မှုများအား တုံ့ပြန်ရေးတွင် ဘူမိဗေဒဆိုင်ရာ နည်းပညာများ အသုံးပြုသည့် နိုင်ငံတကာလုပ်ငန်းစဉ်တစ်ရပ်ဖြစ်သော SERVIR-Hindu Kush Himalaya in Kathmandu မှ ညှိနှိုင်းရေးမှူး ဘီရန်ဒရာဘာဂျရာချာယာက ပြောသည်။ “သူတို့ရဲ့ နည်းစနစ်တွေဟာ အခြား သုတေသီတွေအတွက်လည်း အသုံးဝင်ပါလိမ့်မယ်” ဟု ၎င်းက ထပ်လောင်းပြောဆိုသည်။
သုတေသနကို ပူးတွဲရေးသားသူ တိုင်ပေက Academia Sinica မှ ဘူမိဗေဒပညာရှင် ယုနင်းနီနာလင်းက “သေဆုံးသွားသူတွေရဲ့ မိသားစုတွေဟာ ဒီ ကျောက်မိုင်းတွင်းမှာ နှစ်အတော်ကြာက ဘာတွေ ဖြစ်သွားခဲ့သလဲဆိုတာ ကြားသိနိုင်မယ့် အခွင့်အရေးကို ရရှိနိုင်လိမ့်မယ်လို့ မျှော်လင့်တယ်”ဟု ပြောပြီး “အာဏာရှိသူတွေအနေနဲ့ အခု သုတေသနက သတင်းစကားကို မှတ်သားပြီး မှန်ကန်တဲ့ အရေးယူဆောင်ရွက်မှုတွေကို ဖော်ဆောင်နိုင်ပါလိမ့်မယ်” ဟု ပြောခဲ့သည်။