ဖမ်းဆီးထားသော ပါတီဝင်သုံးဦး ပြန်လွှတ်ပေးရန် မွန်ပြည်သစ်ပါတီ တောင်းဆို

ဖမ်းဆီးထားသော ပါတီဝင်သုံးဦး ပြန်လွှတ်ပေးရန် မွန်ပြည်သစ်ပါတီ တောင်းဆို
by -
ရွှေရိုး

လက်နက်မှုဖြင့် ဖမ်းဆီးထားသော ပါတီဝင်သုံးဦးကို ငြိမ်းချမ်းရေးကို ရှေးရှု၍ ပြန်လွှတ်ပေးရန် နိုဝင်ဘာ ၈ ရက်က မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် မွန်ပြည်သစ်ပါတီ(NMSP)တွေ့ဆုံစဉ် တောင်းဆိုခဲ့ကြောင်း ယင်းပါတီ ဗဟိုအလုပ်အမှုဆောင် နိုင်ဝင်းလှက ပြောကြားသည်။

“ငြိမ်ချမ်းရေးရှေ့ရေးအတွက် ယုံကြည်မှုပိုမိုရရှိအောင် ဒီအရေးကို မျှော်ကိုးပြီးတော့ ဖမ်းဆီးထားတဲ့ ပါတီဝင်သုံးဦးကို သက်သက်ညှာညှာ ပြန်လွှန်ပေးဖို့ ကျွန်တော်တို့ တောင်းဆိုထားတာရှိတယ်။ ဒီကိစ္စတွေလည်း ကျွန်တော်တို့ ရှေ့ဆက်မယ့် ငြိမ်းချမ်းရေးကိစ္စတွေ အထောက်အကူပြုနေတယ်”ဟု နိုင်ဝင်းလှက ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး ကျိုက်မရောမြို့နယ်တွင် နှစ်မှု၊ ရေးမြို့နယ်တွင် တစ်မှု ဖြစ်စဉ်နှစ်ခုလုံးကို လက်နက်မှုဖြင့် အရေးယူဖမ်းဆီးခံထားရပြီး ယင်းဖမ်းဆီးခံရသည့်နေရာမှာ မွန်ပြည်သစ်ပါတီအနေဖြင့် မဖြစ်မနေ ဖြတ်သန်းသွားလာနေရသောလမ်းများဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ကျွန်တော်ပြောချင်တာက အစိုးရဘက်ကနေကြည့်မယ်ဆိုရင် အစိုးရဘက်ကပြဌာန်းထားတဲ့ ဥပဒေတွေ ရှိတယ်။ ဥပဒေကြောင်းအရကြည့်မယ်ဆိုရင် ငြိစွန်းတယ်။ ဒါကတော့ ကျွန်တော်တို့ ဘာမှ မပြောလိုပါဘူး။ ပြောလိုတဲ့အပိုင်းကတော့ ကျွန်တော်တို့ တပ်ဖွဲ့တွေက လူထုအပေါ်မှာ ဆူပူရမ်းကား ခိုးဆိုးလုယက်တာ လည်း မဟုတ်ဘူး။ အစိုးရနဲ့ တပ်မတော်ကိုလည်း ကျွန်တော်တို့ လက်နက်ကိုင်ပြီးတော့ ရန်ငြိုးထားတိုက်ခိုက်နေတာလည်း မဟုတ်ဘူး”ဟု နိုင်ဝင်းလှက ပြောသည်။

ထို့ပြင် ၂၀၁၂ ခုနှစ်တွင် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုခဲ့စဉ်က မွန်ပြည်သစ်(NMSP)အနေဖြင့် အစိုးရ၊ တပ်မတော်တို့နှင့် သဘောတူညီထားသည့်အချက်များလည်း ရှိနေကြောင်း ၎င်းက ရှင်းပြသည်။

“အဲဒါဘာလဲဆိုတော့ တပ်တည်နေရာတွေဖြစ်တယ်။ အမျိုးသားနေ့ကျင်းပတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ တပ်တွေ နေရာယူထားတာရှိတယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့တပ်ပြန်လည် အခြေစိုက်နိုင် အောင်ဆိုပြီးတော့ မကြာမကြာပြောဖူးပါတယ်။ ဒီကနေ့အထိ ဘာမှ အကောင်အထည်မပေါ်လာတော့ ပြည်နယ်အစိုးရနဲ့ တွေ့ဆုံခိုက်မှာ ပြောခဲ့တယ်”ဟု နိုင်ဝင်းလှက ထပ်လောင်းရှင်းပြသည်။

အစိုးရဆိုသည်မှာ တစ်နိုင်ငံလုံးအရေးဖြစ်သည့် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးစသည့် အရေးကိစ္စရပ်များကို စီမံခန့်ခွဲနေရသောကြောင့် ယင်းကိစ္စနှင့် ပတ်သက်ပြီး အစိုးရနှင့် သက်ဆိုင်သည်ဟု ယူဆမိသောကြောင့် မိမိတို့အနေဖြင့် တင်ပြတောင်းဆိုရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

မွန်ပြည်သစ်ပါတီ (NMSP) သည် တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးစာချုပ် (NCA) ကို လက်မှတ်ထိုးရန် နီးစပ်နေပြီးဖြစ်သည်။

Most read this week