မွန်ပြည်နယ်ကိုခြိမ်းခြောက်နေသည့်ခေတ်သစ်ရောဂါ

မွန်ပြည်နယ်ကိုခြိမ်းခြောက်နေသည့်ခေတ်သစ်ရောဂါ
by -
ဟင်္သာမီဒီယာ
ယခုနောက်ပိုင်းနှစ်များတွင် မွန်ပြည်နယ်အတွင်းရှိ လူငယ်များကြား၌ မူးယစ်ဆေးဝါးပျံ့နှံ့မှုသည် ခေတ်သစ်ရောဂါတစ်ခုပမာ အန္တရာယ်ကြီးစွာ ခြိမ်းခြောက်လာသည်ကို တွေ့မြင်လာသည်။ လူငယ်လူရွယ်များကိုယ်တိုင်ကလည်း မူးယစ်ဆေးဝါးသည် မကောင်းမှန်းသိသော်လည်း ဘာကိုဆိုလိုသည်ကို ကောင်းစွာသိရှိနားလည်မှုလည်းမရှိပေ။

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးနေ့များကို ပညာပေးပြခန်းများပြတိုက်များ တည်ဆောက်၍ပြသခဲ့သော်လည်း(VIP) သီးသန့်သဘောဆန်ခဲ့သည်။လူငယ်များကလည်း အသစ်အဆန်းဆိုလျှင် စမ်းသပ်လိုသည့်ညဉာဉ် ရှိနေသည်မဟုတ်လား။ သူငယ်ချင်းများအတင်းအကျပ်ဆွဲဆောင်ခေါ်သည်ဖြစ်စေ အပျော်သဘောဖြစ်စေ လူငယ်များ စိတ်ကြွမူးယစ်ဆေးဝါး(မြင်းဆေး)ကို သုံးစွဲဖြစ်လာသည်။ ကျေးလက်ဒေသ မွန်ကျေးရွာအချို့ရှိမွန် လူငယ်များသည် ဘဝတိုးတက်ရေး နည်းပညာအသစ်အဆန်းများ လေ့လာဆည်းပူးသင်ယူရမည့်အစား မူးယစ်ဆေးဝါးစကားဝိုင်းကို ပါးစပ်အရသာခံ စကားဖောင်ဖွဲ့အချိန်ဖြုန်းနေကြသည်။

လူငယ်များသည် မူးယစ်ဆေးဝါးနှင့် ပတ်သတ်ပြီး မိမိတို့ခံယူထားသည့် ခံယူချက်များမှာ မှားယွင်းနေကြသည်။မူးယစ်ဆေးဝါးကို ကိုယ်လက်ပေါ့ပါးပြီးစိတ်ဖိစီးမှု (stress)လျော့ကျစေသည့်ဆေး/ အတွေးအခေါ်ဆန်းသစ်စေပြီး စိတ်ခံစားမှုကောင်းများစွာပေး သည့်ဆေး/ အရက်ရေချိန်လွန်မူးသောအခါ အရက်အာနိသင် လျော့ကျစေသည့်ဆေးဝါးအဖြစ် မူးယစ်ဆေးဝါးကို လမ်းလွဲသုံးစွဲနေကြသည်။ မွန်ပြည်နယ်အချို့ဒေသများတွင် အသက်အရွယ်အပိုင်းအခြားမရွေး ပြစ်ဒဏ်ကိုကြောက်ရွ့ံမှုမရှိဘဲ လွတ်လပ်စွာသုံးစွဲနေကြသည်မှာ အလွန်ကြောက်မက်ဖွယ်ကောင်းလှပါသည်။

အဘယ့်ကြောင့် စိတ်ကြွမူးယစ်ဆေးဝါးများ မွန်လူငယ်များကြားလွယ်လင့်တကူပျံ့နှံ့ခဲ့သနည်း။ အရင်းအမြစ်ကိုသေချာပိုင်းခြား စစ်ကြည့်လိုက်လျှင် မွန်ပြည်နယ်တွင်းရှိ လူငယ်များသည် မြို့နယ်တစ်ခုနဲ့တစ်ခုရင်းနှီးကျွမ်းဝင်သောအခါ အရက်သောက်ခြင်းဖြင့် ဧည့်ခံတတ်ကြသည်။

အရက်သေစာသောက်စားမူးယစ်၍ ရေချိန်ကျော်လွန်လာသည့်အခါ စိတ်ကြွမူးယစ်ဆေးသုံးစွဲဖူးသည့် ဒေသလူငယ်များက ဧည့်သည်များကိုမူးယစ်ဆေးဝါးဖြင့် အရက်အာနိသင်ထိန်းချုပ်ရန် မူးယစ်ဆေးဝါးကို အတူသုံးစွဲဖြစ်ကြသည်။ထိုမှတစ်ဆင့် သုံးစွဲဖူးသည့်ဧည့်သည်လူငယ်များကလည်း မိမိပတ်ဝန်းကျင်မြို့နယ်ဒေသသို့ရောက်သော အခါလူငယ်များကို ထပ်ဆင့်ဆွဲဆောင်ရင်း လူငယ်များကြားပိုမိုပျံ့နှံ့လာခဲ့သည်။

စိတ်ကြွမူးယစ်ဆေးဝါးများသည် အရွယ်ပမာဏ သေးငယ်သောကြောင့် သယ်ဆောင်ရန်လွယ်ကူသည်။ လက်နက်ကိုင်တပ်ဖွဲ့အချို့က လက်နက်အားကိုးဖြင့် မိမိတို့တပ်ဖွဲ့ရပ်တည်ရေးရန်ပုံငွေအတွက် မူးယစ်ဆေးဝါးကို ထုတ်လုပ်ရောင်းချကြသည်။ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ ကျေးရွာအချို့တို့၌ တပည့်များမွေးမြူ၍ စိတ်ကြွမူးယစ်ဆေးများကို ထပ်ဆင့်ဖြန့်ဖြူးနေပြန်သည်။ ယခုတွင်မူ လက်နက်ကိုင်တပ်ဖွဲ့အချို့သာမက ဝိသမလောဘသမား(ခရိုနီ) တစ်ချို့ကလည်း လက်နက်ကိုင်တပ်ဖွဲ့၏ အရှိန်အဝါကိုအသုံးချပြီး မူးယစ်ဆေးဝါးကို စီးပွားရေးတစ်ခုပမာသဘောထား၍ လူငယ်များ၏ အနာဂတ်ပန်းတိုင်ကိုရိုက်ချိုးနေကြသည်။ ထိုသို့လုပ်ဆောင်ချက် များကို လူငယ်များကိုယ်တိုင် နားလည်သဘောပေါက်နေရန်လိုသည်။

 'ယနေ့လူငယ်နောင်ဝယ်လူကြီး' ဟူသော ဆောင်ပုဒ်နဲ့အညီ လူငယ်များသည် အနာဂတ်တစ်နေ့နိုင်ငံကို ဦးဆောင်မည့် ခေါင်းဆောင်လောင်းများဖြစ်ကြသည်။ မွန်ကျေးရွာအချို့အတွင်းရှိ လူငယ်များသည် ပညာရည်နိမ့်ကျမှုကြောင့် အတ္တသမားများ၏ သားကောင်များအဖြင့် အနာဂတ်ထိုးကျွေးခံနေကြရသည်။ လူငယ်များကိုယ်တိုင်ကလည်း အသိမြင်အတတ်သင်စူးစမ်းလိုသည့် ငယ်ရွယ်သူ သဘောသဘာဝကြောင့် စမ်းသပ်သုံးစွဲရာမှ စိတ်ကြွမူးယစ်ဆေးစွဲသည့် အဆင့်သို့ရောက်မှန်းမသိရောက်လာကြခြင်းဖြစ်သည်။

လူငယ်များ တစ်ဦးကိုတစ်ဦး ဆွဲဆောင်ဖျားယောင်းရင်း မူးယစ်ဆေးအများဆုံးသုံးသည့်အချိန်မှာ ပွဲလမ်းသဘင်နှင့် မဟာသင်္ကြန်ကာလ များတွင်ဖြစ်သည်။ မူးယစ်ဆေးဝါးကို ပျော်ရွှင်မှုတွေ ဖန်တီးပေးသည့်ဆေးဝါးဟု အမှတ်မှားကာ သုံးစွဲရင်းမလိုလားအပ်သော ပြဿနာများဖြစ်ပေါ်စေသည်။ ခိုက်ရန်ဖြစ်ပွားမှုများ၊ယာဉ်အန္တရာယ်များ၊စိတ်ကိုထိန်းချုပ်နိုင်စွမ်းမရှိတော့သည့်အတွက် အသက်အန္တရာယ်ခြိမ်းခြောက်မှုများပါ ဖြစ်ပေါ်လာစေသည်။ ထိုမျှမကဘဝပျက်စီး ရေစုန်မျော၍ သုံးစားမရသောအပယ်ခံဘဝဖြင့် မိမိပတ်ဝန်းကျင်မှ ရှောင်ဖယ်လာမည်ဖြစ်သည်။ ထိုသို့ပစ်ပယ်ခံရမှုများလာသည့် အခါစိတ်ဓါတ်ကျဆင်းပြီး ကိုယ့်ကိုသေကြောင်းကြံစည်မှု(succide)များ ပြုလုပ်လာနိုင်သည်။

လူငယ်များမူးယစ်ဆေးဝါးသုံးစွဲပြီး တဲ့အခါ မူးယစ်ဆေးဝါးတွင်ပါသော ဓါတုဆေးဝါးများကြောင့်အိပ်ပျော်ခြင်း မရှိ။ တစ်ဦးတည်းငေးငိုင်နေ လျှက် လေထဲမှာအိမ်ဆောက်နေသလို စဉ်းစားတွေးတောနေတတ်သည်။ စိတ်ဂနာမငြိမ်ဖြစ်ခြင်း၊ရေငတ်ခြင်း၊အစားအသောက်ပျက်ခြင်းများဖြစ်စေပြီး ကိုယ်အလေးချိန်များကျဆင်းလာ၍ ကျန်းမာရေးထိခိုက်လာစေသည်။ သံသယများတိုးပြီးမြင်လာ၍ အသိစိတ်ထိန်းချုပ်နိုင်စွမ်းနည်းလာပြီး ရာဇာဝတ်မှုများလည်း လွယ်လင့်တကူကျူးလွန်မိလာတတ်သည်။

လူငယ်များ၏ အရက်သောက်သုံးမှုနှုန်းမှာလည်း တစ်နှစ်ထက်တစ်နှစ်မြင့်တက်လာသည်။ အရက်အလွန်အကျွံသောက်သုံးပြီး မူးယစ်လာသည့်အခါ အရက်အာနိသင်လျော့ကျစေရန် မူးယစ်ဆေးကိုထပ်ဆင့်သုံးစွဲမိပြန်သည်။ ထိုသို့အတူတကွသုံးစွဲခြင်းသည် အရက်သောက်သုံးမှုပမာဏ ကို မြင့်တက်စေသလို ဆေးဝါးကိုလမ်းလွဲအသုံးပြုခြင်း (Drugabuse)ဖြစ်စေသည်။ အရက်သောက်သုံးမှုနှုန်း ပိုမြင့်တက်လာသည့်အချိုးအစားနှင့်အတူ မူးယစ်ဆေးဝါးလည်းပိုပြီးစွဲစေပါသည်။

မွန်ပြည်နယ်အတွင်းရှိ လူငယ်များ ထိုသို့လွဲမှားသောအကျင့်ဆိုးများကို ပြုပြင်ပြောင်းလဲရန်လိုပြီးဖြစ််သည်။ ဤသို့လွဲမှားနေခြင်းမှာ လူငယ်များကြား အသိပညာပေးမှုအားနည်းခြင်းကြောင့်လည်းဖြစ်သည်။ မြို့ကြီးပြကြီးများတွင် အထိမ်အမှတ်နေ့များမှဟောပြောပွဲများ၊ပြခန်းများလောက်ပြ သပြီး ပေါ်ပင်သာသာ ပြုလုပ်နေကြသည်။ အောက်ခြေကျေးလက်အဆင့်ထိ ပျံ့နှံ့မှုမရှိပါ။ လူငယ်များကိုယ်တိုင် မူးယစ်ဆေးဝါးကို မုန်းတီးနေရန်နှင့်ပြစ်မှုပြစ်ဒဏ်များကို ကိုယ်တိုင်နားလည်သဘောပေါက်နေရန်လိုသည်။

မူးယစ်ဆေးဝါး ပညာပေးမှုအခန်းကဏ္ဍများတွင် လူငယ်များကိုယ်တိုင်ကိုယ်ကျ ပူးပေါင်းဆောင်ရွက်ရန်လိုသည်။ မြို့နယ်၊တိုက်နယ်၊ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ချိတ်ဆက်ပြီး အသိပညာပေးမှုအခန်းကဏ္ဍကိုလည်း အစဉ်တစိုက်ပြုလုပ်ပေးရန်လိုသည်။ အစီအစဉ်များ စနစ်တကျရေးဆွဲပြီး အစိုးရဌာနများတွင် သာမက အောက်ခြေအဆင့်ထိရောက်အောင် ပူးပေါင်းဆောင်ရွက်ရန်လိုသည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊မွန်အရပ်ဘက်လူထုအခြေပြုအဖွဲ့များ၊ လူငယ်အဖွဲ့အစည်းများ၊ အတူတကွပူးပေါင်းဆောင်ရွက်ရန်လိုသည်။

လူငယ်များ မူးယစ်ဆေးဝါးသုံးစွဲမှု လျော့ကျစေရန် ၎င်းတို့စိတ်ပါဝင်စားမှုရှိသော ကဏ္ဍများကို သင်ကြားပို့ချပေးရန်လိုသည်။ လူငယ်များကို သူတို့စိတ်ဝင်စားသော လူမှုရေးကိစ္စများ၊ဘာသာရေး၊နည်းပညာ၊စာပေ၊ဂီတ၊လက်မှုပညာတစ်ခုခုတွင် ဝင်ရောက်သင်ယူခြင်းဖြင့် မူးယစ်ဆေးဝါးသုံးစွဲလိုသော စိတ်ကိုအာရုံလွဲ လျော့ကျစေသည်။

ယခုအခါစိတ်ကြွမူးယစ်ဆေးပြားများသည် မွန်လူငယ်များကြားသာမက ကျောင်းသားလူငယ်များကိုပါ ကူးစက်ပျံ့နှံ့ပြီးအနာဂတ်ကို ခြိမ်းခြောက်နေသည်။ ထိရောက်သော ပူးပေါင်းဆောင်ရွက်မှုရှိမှသာ မူးယစ်အန္တရာယ်ကို မွန်ပြည်သူများထိရောက်စွာ ထိန်းချုပ်နိုင်မည်ဖြစ်သည်။ ပြစ်မှုပြစ်ဒဏ်များကိုလည်း လူထုတစ်ရပ်လုံးနားလည်နိုင်အောင်ချပြထားရမည်။

မွန်ပြည်နယ်ကိုခြိမ်းခြောက်နေသော  ခေတ်သစ်ရောဂါ(မူးယစ်ဆေးဝါး)ကို ထိရောက်စွာအရေးယူ ကိုင်တွယ်ရန်လိုပြီးဖြစ်သည်။ လူငယ်များအနေဖြင့်လည်း မိမိတို့နားလည်ထားသော ခံယူချက်အမှားများကို ပြုပြင်ပြောင်းလဲရန်လိုသည်။ လူငယ်များမူးယစ်နွံမှရုန်းထွက်ပြီး ဖြူစင်သောဘဝ၊ လှပသောအနာဂတ်ပန်းတိုင်သစ်ကို တည်ဆောက်နိုင်မည်ဖြစ်သည်။ ရာဇာဝတ်ဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များကိုလည်း လူငယ်များနားလည်နေရန်နှင့် ဆေးစွဲလူငယ်များ အနာဂတ်မပျောက်အောင် ဝိုင်းဝန်းဖေးမလက်တွဲကူပြီး ဆေးဖြတ်ပေးရန်လိုသည်။ မူးယစ်ကင်းစင်ပြီး လူနေမှုဘဝဖြစ်လှပသော အနာဂတ်ခေါင်းဆောင်ကောင်းများပေါ်လာစေရန် လူညွန့်တုံးစေမည့် မူးယစ်ဆေးဝါးအန္တရာယ်မှ မွန်လူငယ်များ ရုန်းထွက်လိုက်ကြစို့ဟု တိုက်တွန်းရေးသားတင်ပြအပ်ပါသည်။