စစ်တွေမြို့မှ စစ်ရှောင်နေသူရော၊ မြို့တွင်းကျန်ရစ်သူများပါ စားဝတ်နေရေး အခက်အခဲဖြစ်နေ

စစ်တွေမြို့မှ စစ်ရှောင်နေသူရော၊ မြို့တွင်းကျန်ရစ်သူများပါ စားဝတ်နေရေး အခက်အခဲဖြစ်နေ

ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေတွင် တိုက်ပွဲဖြစ်ပွားလာမည်ဟုဆို၍ မြို့ပေါ်မှ စစ်ဘေးရှောင် နေကြသူများသာမက မြို့တွင်း ကျန်နေခဲ့သူများမှာပါ  စားဝတ်နေရေး လွန်စွာ အခက်အခဲ ဖြစ်နေကြသည်ဟု သိရသည်။

တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်၍ ‌ပေါက်တောမြို့နယ်သို့ ထွက်ပြေးတိမ်းရှောင်နေသူ အမျိုးသမီး တစ်ဦးက “ကျမတို့ ဖေဖော်ဝါရီ ၂၀ ကျော်လောက်ကတည်းက တိုက်ပွဲဖြစ်မယ်ဆိုလို့ ပြေးလာကြတာ။ အခုက ပါလာတဲ့ ပိုက်ဆံလည်း ကုန်ပြီ။ ဆွေမျိုးအိမ်မှာ ကပ်နေတာဆိုတော့ ထမင်းတစ်လုတ်ကိုက တောင်က ဟင်းရှာပြီး စားလို့ရနေတယ်။ လက်ဖက်ရည် တစ်ခွက် သောက်ချင်လို့ မသောက်ရဘူး။ စစ်တွေမှာ ကျန်ခဲ့တဲ့သားဆီက ပိုက်ဆံ လှမ်းတောင်းတော့လည်း သူတို့တောင် စားဖို့ မနည်း ရုန်းကန် နေရတယ်။ စစ်က ဖြစ်မှာလား၊ မဖြစ်ဘူးလားလည်း မသိဘူး။ အိမ်ပြန်ချင်နေပြီ” ဟုပြောသည်။

စစ်တွေဒေသခံများမှာ တိုက်ပွဲဖြစ်မည်ကို စိုးရိမ်၍ သူတို့၏ လုပ်ငန်း၊ စီးပွားရေးများနှင့် နေအိမ်များကို စွန့်ခွာကာ ရန်ကုန်မြို့နှင့် ရခိုင်လွတ်မြောက် နယ်မြေများဖြစ်သည့် ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦးနှင့် မင်းပြားအစရှိသည့် မြို့များသို့ ထွက်ပြေး တိမ်းရှောင်နေကြရသည်။

ထွက်ပြေးတိမ်းရှောင်နေသူများမှာ ရက်ကာလ ကြာရှည်လာ၍ စားဝတ်နေရေးအခက်အခဲများနှင့် ကြုံတွေ့နေကြရပြီး အလုပ်အကိုင်မဲ့နေသည့်အတွက် များစွာ ဒုက္ခရောက်နေကြရသည်ဟု ရန်ကုန်မြို့တွင် စစ်ဘေးရှောင်နေသူ အမျိုးသမီးတစ်ဦးက ပြောသည်။

"နယ်ဘက်တွေကို ပြေးဖို့ လမ်းကြောင်းမရှင်းလို့ ရန်ကုန်ကိုပြေးလိုက်တာ။ ခု ထိုင်စားရတာလည်း ကြာလာတော့ ပိုက်ဆံတွေလည်း ကုန်လာပြီ။ သူများအိမ်မှာ ကပ်နေသူနေ၊ ငှားနေသူနေ၊ နေနေကြရတာ။ တိုက်ပွဲ ဖြစ်မယ်ဆိုလို့ ပြေးလာတာ။ စားဖို့သောက်ဖို့ကလည်း ခက်ခဲလာပြီ။ တိုက်ပွဲ မဖြစ်သေးတော့ အိမ်ပြန်ရမလား၊ ရန်ကုန်မှာ ဆက်နေရမလား ဆုံးဖြတ်ရ ခက်နေတယ် " ဟုပြောသည်။

လက်ရှိ စစ်တွေမြို့တွင် ငွေကြေးမတတ်နိုင်၍ ထွက်မပြေးနိုင်ဘဲ လူတချို့ကျန်ရှိနေသည်ဟု သိရသည်။

စစ်တွေမြို့တွင် လူဦးရေ အနည်းအကျည်းသာ ကျန်တော့ပြီး မြို့ပေါ်လမ်းများ၌ သွားလာသူများ မရှိဖြစ်နေကာ ၂၄ နာရီလုံး ခြောက်ကပ်တိတ်ဆိတ်နေ၍ စစ်မဖြစ်ဘဲ မြို့ပျက်ကြီးတစ်ခုလို ဖြစ်နေသည်ဟု စစ်တွေမြို့တွင် အိမ်စောင့်နေကျန်ရစ်သည့် မြို့မိမြို့ဖ တစ်ဦးက ပြောသည်။

“စစ်တွေမြို့က လူတွေဟာ ဖောင်စီးရင်း ရေငတ်ဆိုရမလား၊ ပရုတ်လုံးလို လုံးပါးပါးတယ်လို့ ပြောရမလား။  အဲလိုဖြစ်နေတယ် တဖြည်းဖြည်းနဲ့။ တစ်ယောက်မှ ဝင်မတိုက်ဘဲနဲ့ တစ်မြို့လုံးဟာ တဖြည်းဖြည်းနဲ့ မှေးမှိန်လာတယ်ပေါ့။ မြို့တစ်မြို့နဲ့ မတူဘဲနဲ့ ခြောက်ကပ်တိတ်ဆိတ်ပြီးတော့၊ အရင်တုန်းကတော့ ညဥ့်မှာ တိတ်ဆိတ်တယ်ပေ့ါ။ အခုက ၂၄ နာရီလုံး တိတ်ဆိတ်နေတယ်” ဟု ပြောသည်။

မြို့တွင် ကျန်ရစ်သူများမှာ အလုပ်အကိုင်များ မရှိခြင်းနှင့် ကုန်စျေးနှုန်းကြီးမြင့်မှုများကြောင့် စားဝတ်နေရေးခက်ခဲနေကြပြီး လက်ရှိအခြေအနေမှာ စစ်မဖြစ်သေးသော်လည်း စစ်ဖြစ်နေသည်နှင့် တူသည်ဟု သူက ဆက်ပြောသည်။

“ မြို့ကိုတော့ မပျက်စေချင်တာတော့ ရှောင်သွားတဲ့သူတွေမှာပါ။ ကျန်ခဲ့တဲ့သူတွေမှာပါ အဲဒီဆန္ဒတော့ ရှိကြတယ်။ မြို့မှာ ကျန်ခဲ့တဲ့သူတွေလည်း စားရေးသောက်ရေး နေရေးထိုင်ရေး ဒုက္ခဟာ အရမ်းကြီး ကျယ်တယ်။ အခုလက်ရှိအခြေအနေဟာ စစ်ဖြစ်နေတာနဲ့ မခြားသလို ခံစားနေရတယ်။ စစ်တိုက်တာနဲ့ မတိုက်တာနဲ့ တူတူပဲလို ဖြစ်နေတယ်။ စစ်တိုက်ခံနေရသလို ဖြစ်နေတယ်” ဟုပြောသည်။

စစ်တွေမြို့ပေါ်မှ စစ်ဘေးရှောင်နေကြသည့်သူများ၏ နေအိမ်တချို့မှာလည်း ဖြိုဖျက် ရောင်းစား ခံနေရပြီး လူမရှိသည့် နေအိမ်များမှ ဆန်၊ ဆီ၊ ဆား၊ မီးသွေး အစရှိသည်များအပြင် ပန်ကာ၊ ရေခဲသေတ္တာ၊ စက်ဘီး၊ ဆိုင်ကယ်များကိုလည်း နေ့ခင်းကြောင်တောင် ခိုးယူခြင်းများရှိနေသည်ဟု မြို့ခံများက ပြောကြသည်။

စစ်တွေမြို့ပေါ်  စစ်ကောင်စီ တပ်ရင်းများနှင့် နေဗီများက လက်နက်ကြီးများ ပစ်ခတ်ခြင်းနှင့် မြို့အပေါ်မှ ဂျက်တိုက်လေယာဥ်၊ ရဟတ်ယာဥ်၊ ဒရုန်းအစရှိသည်များလည်း နေ့တိုင်းဆိုသလို ပျံသန်းလျက်ရှိကာ ညဥ့်အချိန်၌ စစ်ကောင်စီသည် မြို့ပေါ်တွင် စစ်ကားများဖြင့် ကင်းလှည့်လည် ခြင်းများလည်း ပြုလုပ်နေသည့်အတွက် မြို့ခံများမှာ စိုးရိမ်ထိတ်လန့်မှုများဖြင့် ကျီးလန့်စာစား၍ နေနေကြရသည်ဟု ပြောဆိုကြသည်။

Most read this week

May 20, 2024
စစ်ကောင်စီက ရခိုင်ပြည်နယ်အတွင်းသို့ ဆေးဝါးတင်သွင်းခွင့်နှင့် ကုန်စည်စီးဆင်းမှုအားလုံးကို...
May 18, 2024
ဘူးသီးတောင်အခြေစိုက်တပ်ရင်းအများပြားကို အာရက္ခတပ်တော် (AA) က ယမန်နေ့ (မေ ၁၇) ရက် ညက ထိုးစစ်ဆင်...
May 17, 2024
ရခိုင်ပြည်၊ မောင်တောမြို့၊ ကညင်းချောင်းစီးပွားရေးဇုန်အနီးရှိ လဘော်ဇားကျေးရွာ၌ မေလ ၁၅ ရက်...
May 16, 2024
ရခိုင်ပြည်၊ စစ်တွေမြို့တွင် ဘုန်းတော်ကြီးကျောင်းများကို စစ်ကောင်စီက ဧည့်စာရင်းစစ်ဆေးပြီး...