ပလက်ဝမြို့နယ်တွင် နင်းမိုင်းပေါက်ကွဲမှုကြောင့် ကလေး ၄ ဦး ပွဲချင်းသေဆုံး၊ ၁ ဦး ပြင်းထန်ဒဏ်ရာရ

ပလက်ဝမြို့နယ်တွင် နင်းမိုင်းပေါက်ကွဲမှုကြောင့် ကလေး ၄ ဦး ပွဲချင်းသေဆုံး၊ ၁ ဦး ပြင်းထန်ဒဏ်ရာရ

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ် ခဝဲကျေးရွာတွင် နင်းမိုင်းပေါက်ကွဲမှုကြောင့် ကလေးငယ် ၄ ဦး ပွဲချင်းသေဆုံးကာ ၁ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မေလ ၉ ရက်နေ့ မနက်ပိုင်း ၁၁ ဝန်းကျင်ခန့်တွင် ခဝဲကျေးရွာအနီး မြစ်ကမ်းနားမြေပဲခင်းတွင် ဆော့ကစားနေကြသော ကလေးငယ်များက မိုင်းနင်းမိ၍ ပေါက်ကွဲမှုဖြစ်ပွားခြင်းဟု သိရသည်။

“ ရွာနဲ့လည်းမဝေးဘူး နီးနီးလေးပေါ့ အဲဒီမှာ မြေပဲခင်းလုပ်တာ၊ ချောင်းနဲ့လည်းနီးတယ် ကလေးတွေကသွားဆော့တာပေါ့ ပူလည်းပူတယ် ပူတော့ ချောင်းမှာပဲနေတတ်ကြတာများတယ် ပလက်ဝက ကလေးတွေက အဲဒီချောင်းမှာရေချိုးဖို့သွားရင်း နဲ့ ဆော့တဲ့အခါမှာ သူတို့ကမိုင်းကို တစ်ယောက်က နင်းလိုက်တာပေါ့နော် အဲဒီမှာတခါတည်းပါသွားတာ” ဟု ကြားကာလ ခူမီး(ချင်း) မျိုးနွယ်စုများရေးရာ အတိုင်ပင်ခံကောင်စီ - IKACC အတွင်းရေးမှူးက ပြောသည်။

အဆိုပါနင်းမိုင်းပေါက်ကွဲမှုကြောင့်  အသက် ၈ နှစ်အရွယ် မောင်အောင်ထွန်း၊ မောင်းလင်းမြတ်၊ မောင် အောင်လင်းထွန်း နှင့် အသက် ၁၁ နှစ်အရွယ် မောင်အောင်လင်းစိုးတို့ သေဆုံးကာ ယမန်နေ့ ညနေပိုင်းတွင် သဂြိုလ်လိုက်ကြပြီကြောင်း သိရသည်။

သေဆုံးသွာသူ မောင်အောင်လင်းစိုး၏ ညီငယ် မောင်အောင်စိုးလင်း အသက် ၈ နှစ်မှာလည်း ဝမ်းဗိုက်နှင့် တစ် ကိုယ်လုံးတွင် ပြင်းထန်ဒါဏ်ရာရရှိကာ ရွာထဲတွင်ဆေးကုသပေးကြောင်းသိရပြီး အသက်အန္တရာယ် စိုးရိမ်ရကြောင်း သိရသည်။

အဆိုပါ မိုင်းပေါက်ကွဲသည့်နေရာသည် ယခင်က စစ်ကောင်စီ အခြေချတပ်ဆွဲသည့် နေရာဟု သိရပြီး လက်ရှိတွင် AA ကနေရာယူ တပ်ဆွဲထားကြောင်း သိရသည်။

“အရင်က အဲဒီဘက်ခြမ်းမှာ စကစက တပ်ချထားတဲ့နေရာ၊ အခုတော့ AA ပေါ့၊ ဆိုတော့ အဲဒီဖြစ်‌သွားတဲ့ကွင်းပြင်က တပ် စခန်းရဲ့ ကွင်းပြင်လိုမျိုး ဖြစ်သွားတာပေါ့၊ အခု‌ပေါက်ကွဲသွားတဲ့မိုင်းက ဘယ်ဘက်ကမိုင်းဖြစ်မလဲဆိုတာမသိရ‌ဘူးပေါ့ ”ဟု IKACC အတွင်းရေးမှူးက ပြောသည်။

လက်ရှိတွင် အခင်းဖြစ်ပွားသောနေရာကို AA မှ မိုင်းအန္တရာယ်နယ်မြေဟု သတ်မှတ်ကာ ဖြတ်သန်းသွားလာခွင့် ပိတ်ထား ကြောင်း သိရသည်။

ခဝဲကျေးရွာသည် အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်နှင့်နီးစပ်သော ကျေးရွာဖြစ်ပြီး လွန်ခဲ့သော မတ်လမှစ၍ စစ်ကောင်စီတပ်များစွန့်ခွာသွားခဲ့သည့် ကျေးရွာဖြစ်ကာ အိမ်ခြေ ၁၅၀ ကျော်ရှိသည်။

Most read this week

May 20, 2024
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်တွင် စစ်ကောင်စီတပ်က ဖမ်းဆီးသွားသော စစ်ဘေးရှောင်ပြည်သူ ၃၈ ဦးထဲမှ...
May 20, 2024
ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇံနှင့် ကျီခါးမြို့တို့ကို ချင်းကာကွယ်ရေးပူးပေါင်းတပ်က...
May 18, 2024
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ အိန္ဒိယ-မြန်မာနယ်စပ်သို့ တိမ်းရှောင်လာကြသော စစ်ဘေးရှောင်ပြည်သူများ...
May 17, 2024
အိန္ဒိယ-မြန်မာနှစ်နိုင်ငံကြား လွတ်လပ်စွာလှုပ်ရှားသွားလာခွင့် (FMR) စနစ်ဖျက်သိမ်းမှုနှင့်...