လုံခြုံရေးအခြေအနေကြောင့် ဂျိုင်းမြစ်ဒေသခံတွေ နေရပ်မပြန်ရဲသေး

လုံခြုံရေးအခြေအနေကြောင့် ဂျိုင်းမြစ်ဒေသခံတွေ နေရပ်မပြန်ရဲသေး

တိုက်ပွဲကြောင့် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရတဲ့ မွန်နဲ့ကရင်ပြည်နယ်အစပ် ဂျိုင်းမြစ်ဒေသက စစ်ရှောင်ပြည်သူတွေဟာ လုံခြုံရေးအခြေအနေကြောင့် လက်ရှိအချိန်အထိ နေရပ်မပြန်ရဲသေးဘူးလို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်နဲ့ ၂၅ ရက်နေ့တို့မှာ ဓမ္မသကျေးရွာနဲ့ ကော့ဘိန်းကျေးရွာတို့ကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ပြန်လည်ထိန်းချုပ်လိုက်ပြီးနောက် ဧပြီ ၂၇ ရက်နေ့မှာတော့ နေရပ်စွန့်ခွာ ဒေသခံ ပြည်သူတွေ ပြန်လည်နေထိုင်ဖို့ စည်းရုံးခဲ့တာပါ။

အဲဒီနောက်ပိုင်း တရနာ၊ဓမ္မသ၊ကော့ဘိန်း စတဲ့ ကျေးရွာတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နေရာယူထားသလို လုံခြုံရေးအတွက်ဆိုပြီး ရွာအဝင်အထွက်မှာ စစ်ဆေးမှုတွေ ရှိနေတာကြောင့် ပြည်သူအများစု နေရပ်မပြန်ရဲကြတာလို့ ဒေသခံတွေက ဆိုကြပါတယ်။

နေရပ်စွန့်ခွာ ကော့ဘိန်းရွာခံတစ်ဦးကတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရွာထဲ ရှိနေတာကြောင့် အမျိုးသမီးနဲ့ ကလေးတွေ မပြန်လာရဲကြဘဲ အမျိုးသားတချို့လောက်သာ နေရပ်ပြန်လာကြတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ တချို့လူက ဒီလိုမျိုးပြောကြတယ်။ စကစရွာမှာရှိနေတော့ သူတို့ အိမ်မပြန်ရဲကြဘူး။ ဒါပေမယ့် တချို့ ယောကျ်ားလေးတွေ ပြန်တယ်။ မိန်းကလေးတွေ၊ ကလေးတွေ မပြန်ရဲဘူး။ အများအားဖြင့် နေရပ်ပြန်ဖို့လည်း နည်းသေးတယ်။ အခုလက်ရှိက ယောကျာ်းလေးပြန်တာ ၁ ရာခိုင်နှုန်းလောက်ပဲ ရှိမယ်။ ဘာဖြစ်လို့လဲဆို တစ်ရပ်ကွက်မှာ တစ်/နှစ်ယောက်ပဲရှိတယ်”လို့ ဆိုပါတယ်။

တစ်ဘက်မှာ ကော့ဘိန်း၊ကော့ပေါက်နဲ့ အနီးဝန်းကျင်ရှိ ကျေးရွာတွေမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီ က လက်နက်ကြီးရမ်းသမ်းပစ်ခတ်တာတွေ ရှိနေတာကြောင့် ပြည်သူတွေ နေရပ်ပြန်ဖို့ ပိုမိုအခက်တွေ့နေတာပါ။

ပြီးခဲ့တဲ့ မေ  ၄ ရက်နေ့ကလည်း ကျိုက်မရောမြို့ နယ်ရှိ ကော့ပနောနဲ့ ကော့ဒွန်းကျေးရွာဘက်ကို လက်နက်ကိုင်တော်လှန်ရေးတပ်တွေ ဝင်ရောက်လှုပ်ရှားနေတဲ့သတင်းကြောင့် စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုပြီး စက်သေနတ်တွေနဲ့ လာရောက်ပစ်ခတ်ခဲ့ပါတယ်။

အဲဒီပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံနေ အိမ် ၃ လုံးထက်မနည်း ထိမှန်ပျက်စီးတာတွေ ရှိခဲ့ပြီး အရပ်သား ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဓမ္မသဒေသခံတစ်ဦးကလည်း ရွာမှာ စစ်ကောင်စီတပ်တွေ ရှိနေတာကြောင့် အိမ်မှာကျန်တဲ့ပစ္စည်းတွေ လာပြန်ယူကာ တိမ်းရှာင်နေကြတဲ့ နေရာတွေမှာပဲ ဆက်ရှိနေသေးသလို တချို့ ထိုင်းဘက်ရောက်သူတွေလည်းရှိတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အဲဒီနေရာမှာပဲ (ဘေးလွတ်ရာ စစ်ရှောင်) ဆက်ရှိနေတယ်။ တချို့ကျ ထိုင်းပြေးတဲ့သူပြေး။ အဲဒီမှာပဲ ရှိနေကြတယ်။ ဘာဖြစ်လို့လဲဆို ဟိုတစ်နေ့က ပြန်တယ်။ ပစ္စည်းသွားယူတယ်။ သူတို့ စကစရှိနေတော့ ဘယ်သူမှ မပြန်ဘူး။ ရွာကလူတွေ ပစ္စည်းလာယူတယ်။ တချို့ကျတော့ အိမ်ပြန်တယ်။ အိမ်အခြေအနေလာကြည့်တာပေါ့။ အဲဒါ သူတို့ ရွာအဝင်အထွက် လက်မှတ်တို့ဘာတို့ ထိုးရတယ်”လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၇ ရက်နေ့က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဓမ္မသရွာကို စစ်ကောင်စီတပ်က ကြည်း၊ ရေ၊ လေတပ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အရပ်သားနေအိမ် ၃၀၀ ကျော် မီးလောင်ပြာကျခဲ့ရပါတယ်။

အဲဒီနောက်ပိုင်း တော်လှန်ရေးမဟာမိတ်တပ်တွေနဲ့ စစ်ကောင်စီတပ်တို့ကြား ဓမ္မသရွာပြင်၊ သံကလောင်နဲ့ တရနာရွာဘက်မှာ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲမှုကြောင့် အရပ်သားနေအိမ် ဆယ်ချီနဲ့ ဘုရားကျောင်းဆောင်တွေလည်း ပျက်စီးခဲ့ရတာပါ။

မွန်ပြည်နယ် ဝန်ကြီးချုပ်ကတော့ ဓမ္မသကျေးရွာ အေးချမ်းနေပြီဖြစ်တဲ့အတွက် နေရပ်စွန့်ခွာပြည်သူတွေ မိမိတို့နေရပ်ကို ပြန်လည်အခြေချ နေထိုင်နိုင်ဖို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ အမြန်ဆုံးဆောင်ရွက်ပေးနေတယ်လို့ မေ ၇ ရက်နေ့က ပြုလုပ်တဲ့အစည်းအဝေးမှာ ပြောဆိုထားပါတယ်။

ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေထဲမှာ ပျက်စီးယိုယွင်းခဲ့တဲ့ နေအိမ်အဆောက်အဦးတွေအပါ အဝင် ကျောင်းသားကျောင်းသူတွေ ပညာဆက်လက်သင်ကြားနိုင်ဖို့ ၊ ကျန်းမာရေးစောင့်ရှောက်မှုတွေ၊ လိုအပ်တဲ့ လျှပ်စစ်မီးနဲ့ သောက်သုံးရေ ရရှိရေးတွေ ပါဝင်ပါတယ်။

ကော့ဘိန်းနယ်မြေရဲစခန်းသိမ်းတိုက်ပွဲကနေ ဂျိုင်းမြစ်ဒေသတိုက်ပွဲအတွင်း ရမ္မာဝတီကားလမ်းတစ်လျှောက်ရှိ ကျေးရွာ ၁၀ ရွာထက်မနည်း ဒေသခံ တစ်သိန်းကျော် နေရပ်စွန့်ခွာခဲ့ရသလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား ၃၀ ထက်မနည်း သေဆုံးထားရပါတယ်။

Most read this week

May 20, 2024
စစ်ကောင်စီ အသက်သွင်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ မွန်ပြည်နယ်မှာ ရွှေ့ပြောင်းလုပ်သားတွေကို...
May 20, 2024
နွေဦးတော်လှန်ရေးကနေ ပေါက်ဖွားလာတဲ့ မွန်လူမျိုးအခြေပြု လက်နက်ကိုင်တော်လှန်ရေးတပ်တွေဖြစ်တဲ့ MSRF...
May 18, 2024
တိုက်ပွဲတွေ ပြင်းထန်နေတဲ့ တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ ဧပြီလတစ်လအတွင်း စစ်ကောင်စီတပ်နဲ့...
May 17, 2024
တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတဲ့ တနင်္သာရီတိုင်းမှာ စစ်ရှောင်ဒုက္ခသည် အရေအတွက် ၆၀၀၀၀ ဝန်းကျင်အထိ...