ထီးချိုင့်မြို့နယ်အတွင်း တိုက်ပွဲပြန်ဖြစ်မှာစိုးရိမ်မှုကြောင့် စစ်ရှောင်တချို့ ထပ်မံရှောင်တိမ်း

ထီးချိုင့်မြို့နယ်အတွင်း တိုက်ပွဲပြန်ဖြစ်မှာစိုးရိမ်မှုကြောင့် စစ်ရှောင်တချို့ ထပ်မံရှောင်တိမ်း

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ထီးချိုင့်မြို့နယ်မှာ စစ်ကောင်စီနှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲ ပြန်ဖြစ်ပွားမယ့် အခြေအနေတွေကြောင့် ဒေသခံစစ်ရှောင်တချို့ စိုးရိမ်ပြီး ကြိုတင်တိမ်းရှောင်မှုတွေ ပြုလုပ်လာနေကြတယ်လို့ သိရပါတယ်။

ထီးချိုင့်မြို့က စစ်ရှောင်များရှိနေတဲ့ မောင်းကုန်းကျေးရွာနဲ့ အနီးတဝိုက်မှာ ကြံရိတ်သိမ်းရာသီပြီးရင် တိုက်ပွဲပြန်စတင်မယ့် သတင်းတွေထွက်ပေါ်နေတာကြောင့် တိမ်းရှောင်ကြတာဖြစ်တယ်လို့ စစ်ရှောင်တစ်ဦးက ပြောပါတယ်။

“ တော်နေကျ  ကလေးတွေနဲ့ဆိုတော့ ပြေးရလွှားရဆို ဘယ့်နယ်လုပ်မတုန်း၊  ပြောင်းနိုင်ရင်ပြောင်းကြဆိုတော့ ၊ အခြေအနေတွေက သိပ်ကောင်းတာမဟုတ်ဘူးလို့ပြောကြတယ်၊ အဲ့ကြောင့်ပြောင်းလာတာအဲ့လို" လို့ ထီးချိုင့်မြို့နယ်ဒေသခံတစ်ဦးက  ရှမ်းနီအသံကို ပြောပြပါတယ်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့မှ KIA၊PDF၊ABSDF နဲ့ AA တပ်တို့ ပူးပေါင်းကာ စတင်ပြုလုပ်ခဲ့တဲ့ ထီးချိုင့်မြို့သိမ်းတိုက်ပွဲဟာ ယခုချိန်ထိ မြို့ကို အပြီးသတ်မသိမ်းပိုက်နိုင်သေးဘဲ လအနည်းငယ် ပြန်လည်ငြိမ်သက်လာရာကနေ  အခုအခါ ထီးချိုင့်ဒေသခံတွေက တကျော့ပြန်တိုက်ပွဲ ပြန်ဖြစ်လာမှာကို စိုးရိမ်သည့်အတွက် ကြိုတင်တိမ်းရှောင်မှုတွေ ပြုလုပ်လာနေတယ်လို့ သိရပါတယ်။

“ ထီးချိုင့်လိုဖြစ်မှာစိုးလို့  ထီးချိုင့်တုန်းက ပြေးကြ ပြေးကြလို့ ပြောရဲ့သားနဲ့ မဖြစ်လောက်ဘူးဆိုပြီး မပြေးကြဘူးလေ ၊တချို့ဆိုရွာထဲနေနေရတာ၊ မပြောင်းနဲ့လို့ ပြောကြတာလည်းရှိတယ်။  ဖြစ်လာရင်တောင်မှ တခြားနေရာရွေ့လို့ရတယ်ပေါ့လေ။ တော်ကြာ ကလေးတွေကလောင်းတွေနဲ့ ပြေးရလွှားရရှုပ်လို့ မဖြစ်ခင်ကတည်းက ကြိုတင်ပြေးထားတော့အေးရော ”လို့ သူက ဆက်ပြောပြပါတယ်။

ထီးချိုင့်မြို့သိမ်းတိုက်ပွဲဖြစ်စဉ်မှာ မြို့တွင်း အကြောင်းမျိုးမျိုးကြောင့် ထွက်ခွာခွင့်မရခဲ့ခြင်း၊ တိမ်းရှောင်ရန် နောက်ကျကျန်ရစ်ခဲ့တဲ့ ထီးချိုင့်မြို့ပြည်သူများ မြို့တွင်း ပိတ်မိနေခဲ့ကြပြီး အသက်ဆုံးရှုံးခဲ့ကြရတဲ့ ဖြစ်စဉ်တွေ ရှိခဲ့ကြတာလဲဖြစ်ပါတယ်။

ဒါ့အပြင် ထီးချိုင့်မြို့နယ်အတွင်းက စစ်ဘေးရှောင်တွေဟာ  ကုန်စျေးနှုန်းကြီးမြင့်မှု ၊ စားဝတ်နေထိုင်ရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရခြင်းကြောင့်လည်း မြို့ကနေ ရှောင်တိမ်းကြတာလည်းဖြစ်တယ်လို့ စစ်ဘေးရှောင်တွေက ပြောဆိုကြပါတယ်။

၂၀၂၃ ခုနှစ်ကုန်ပိုင်းမှ  မြို့သိမ်းတိုက်ပွဲကြောင့် ထီးချိုင့်မြို့ပေါ်ဒေသခံ တစ်သောင်းကျော်သည်  မောင်းကုန်း၊ ဆန်ကျည်တောင်၊ ရေရှင် ၊ လေသာ၊ အလယ်တော၊  ပေါက်ကုန်း၊ ကျက်သရေချောင်းရွာ၊ တကောင်းမြို့၊ မန္တလေးမြို့ နှင့်  မုံရွာ တွေမှာ စစ်ဘေးရှောင်နေကြရတာလည်းဖြစ်ပါတယ်။

Most read this week

May 15, 2024
စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက် မေလ ၁၄ ရက်နေ့မှာ ပြည်သူ့စစ်မှုထမ်း...
May 2, 2024
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဟုမ္မလင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုအားလုံးနီးပါးတွင်...
တိုက်ပွဲများကြောင့် ဝိုင်းမော်မြို့ပေါ်ကို စစ်ဘေးတိမ်းရှောင်လာကြသူများ
April 6, 2024
မြစ်ကြီးနားမြို့နယ် နဲ့  ဝိုင်းမော်မြို့အတွင်းမှာ စစ်ဘေးတိမ်းရှောင်နေရသူများကို...
April 4, 2024
ဗန်းမော်ခရိုင် မိုးမောက်မြို့နှင့် သုံးမိုင်ကျော်အကွာမှာရှိတဲ့ ကျောက်စခန်းကို KIA+PDF...