ပုဏ္ဏားကျွန်း စစ်ဘေးရှောင်များ မိုးရာသီနေထိုင်ရန် မြေနေရာလိုအပ် (မိုးစပါးစိုက်ပျိုးရန်အတွက် လက်ရှိနေရာများမှ ဖယ်ပေးရတော့မည်)

ပုဏ္ဏားကျွန်း စစ်ဘေးရှောင်များ မိုးရာသီနေထိုင်ရန် မြေနေရာလိုအပ် (မိုးစပါးစိုက်ပျိုးရန်အတွက် လက်ရှိနေရာများမှ ဖယ်ပေးရတော့မည်)

တိုက်ပွဲကြောင့်ထွက်ပြေးနေကြသည့် ပုဏ္ဏားကျွန်းမြို့နယ်က စစ်ဘေးရှောင်များမှာ လက်ရှိခိုလှုံရာနေရာများ၌ မိုးရာသီကာလနေထိုင်ရန် အဆင်မပြေတော့သဖြင့် မြေနေရာအကူအညီ လိုအပ်နေကြသည်။

ပုဏ္ဏားကျွန်း - ကျောက်တော် ကားလမ်းမဘေးနှင့် ရွာအနီးလယ်ကွင်းများတွင် ယာယီတဲထိုးနေထိုင်ကြသည့် စစ်ဘေးရှောင်များမှာ မကြာမီ နေရာရွှေ့ပြောင်းပေးရမည့်အရေးနှင့် ကြုံနေကြခြင်းဖြစ်သည်။

လက်ရှိနေရာမှာ လယ်မြေနှင့် စားကျက်မြေများဖြစ်၍ မိုးရာသီတွင် နေရာဖယ်ပေးရမည်ဟု လယ်ပိုင်ရှင်များက အသိပေးထားသဖြင့် မြေနေရာအတွက် စိုးရိမ်ပူပင်နေရကြောင်း စစ်ဘေးရှောင်များက ပြောသည်။

ပုဏ္ဏားကျွန်းမြို့မှ ဒေါ်ချိုချိုအေးက “မိုးရာသီစပါးစိုက်ပျိုးချိန် နီးလာတော့ လယ်ပိုင်ရှင်က နေရာရွှေ့ပြောင်းကြဖို့ ပြောထားတာတွေရှိတယ်။ ကျမတို့မှာ နေစရာနေရာလည်း မရှိသေးဘူး။ အိမ်ပြန်ခွင့်လည်း မရကြသေးဘူး။ သွားဖို့နေရာလည်း မရှိသေးတော့ တာဝန်ရှိသူတွေဖက်က မြေနေရာတစ်ခုခုလောက် စီစဉ်ပေးစေချင်တယ်” ဟု ပြောသည်။

သရက်ချို၊ ယိုးငူကျေးရွာများအနီးတွင် ယာယီတဲထိုးပြီးနေထိုင်ကြသည့် စစ်ဘေးရှောင် မိသားစု ၅၀၀ နီးပါးခန့်ရှိပြီး လူဦးရေအားဖြင့် ၃,၀၀၀ ကျော်ရှိကြောင်း သိရသည်။

အဆိုပါစစ်ရှောင်များမှာ လက်ရှိတွင် သောက်သုံးရေရှားပါးမှုနှင့်လည်း ကြုံတွေ့နေရပြီး မိသားစုတစ်စုအတွက် တစ်ရက်လျှင် ရေခွဲတမ်း ၄ လုံးသာ ရရှိသည်ဟု သိရသည်။

ပုဏ္ဏားကျွန်း ရွာဟောင်းရပ်ကွက်မှ စစ်ဘေးရှောင် ဦးဇော်ဝင်းနိုင်က “အခုနေတဲ့မြေက လယ်မြေတွေဆိုတော့ လယ်ပိုင်ရှင်တွေက ရွှေ့ခိုင်းထားတာရှိတယ်။ ကျနော်တို့က စစ်ရှောင်နေကြတာဆိုတော့ မြေနေရာငှားရမ်းဖို့ထိ ငွေကြေး မတတ်နိုင်ကြဘူး။ အတတ်နိုင်ဆုံးတော့ မြေပိုင်ရှင်တွေကို အကျိုးအကြောင်းပြောပြပြီး နေထိုင်ခွင့် တောင်းရတော့မယ်” ဟု ပြောသည်။

“သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့လည်း စစ်ဘေးရှောင်တွေ မိုးရာသီကို လုံခြုံတဲ့အမိုးအကာအောက်မှာ နေထိုင်ခွင့်ရဖို့ အကူအညီတွေပေးစေချင်တယ်” ဟု သူက တောင်းဆိုသည်။

ပုဏ္ဏားကျွန်းမြို့ကို အာရက္ခတပ်တော်(AA) ယခုနှစ်၊ မတ်လ ၁၃ ရက်ကတည်းက သိမ်းပိုက်ထားပြီးဖြစ်သော်လည်း စစ်တွေမြို့ရှိ စစ်ကောင်စီတပ်များက လက်နက်ကြီးများဖြင့် မကြာခဏလှမ်းပစ်နေသဖြင့် မြို့တွင်းနေထိုင်ခွင့်ကို AA က ကန့်သတ်ထားသေးသည်။

စစ်ရေးပြင်းထန်နေသည့် ရခိုင်ပြည်တွင် နေရပ်စွန့်ခွာစစ်ဘေးရှောင်နေကြရသည့် အရပ်သား ၃ သိန်းကျော်အထိ ရှိသည်ဟု ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA)၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO) စာရင်းများအရ သိရသည်။

Most read this week

May 17, 2024
စစ်ကောင်စီနှင့် မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့(AA၊ TNLA၊ MNDAA) တို့သည် တရုတ်အစိုးရ၏...
May 17, 2024
စစ်ကောင်စီနှင့် မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့(AA၊ TNLA၊ MNDAA) တို့သည် တရုတ်အစိုးရ၏...
May 15, 2024
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ဝဲကြီးထောင့်ရွာရှိ ကျေးလက်ကျန်းမာရေးဌာနကို စစ်ကောင်စီက ယနေ့ (မေလ...
May 15, 2024
မြန်မာနိုင်ငံတွင် စစ်ကောင်စီတပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်၊ တော်လှန်ရေးအင်အားစုများအကြား...