မြန်မာနယ်စပ်အနီး ကျည်အစစ်များအသုံးပြု၍ တရုတ်စစ်တပ်က စစ်ရေးလေ့ကျင့်မှုများပြုလုပ်

မြန်မာနယ်စပ်အနီး ကျည်အစစ်များအသုံးပြု၍ တရုတ်စစ်တပ်က စစ်ရေးလေ့ကျင့်မှုများပြုလုပ်

တရုတ်နိုင်ငံစစ်တပ်သည် မြန်မာနယ်စပ်အနီးတွင် ကျည်အစစ်များအသုံးပြု၍ လက်တွေ့ပစ်ခတ်၊ စစ်ရေးလေ့ကျင့်မှုများ ဧပြီ ၂ရက်(အင်္ဂါနေ့)မှ စ၍ နှစ်ရက်ကြာ ပြုလုပ်နေသည်ဟု သိရသည်။

အဆိုပါ စစ်ရေးလေ့ကျင့်မှုတွင် တရုတ်လွတ်မြောက်ရေးတပ်မတော်(PLA)တောင်ပိုင်းစစ်မျက်နှာ စစ်ဌာနချုပ် လက်အောက်ရှိ မြေပြင်တပ်ဖွဲ့များနှင့် လေကြောင်းတပ်ဖွဲ့များ ပါဝင်ပြီး အလျင်အမြန် တပ်ချထားရေး၊ ပစ်မှတ်တိကျမှန်ကန်ရေး နှင့် အခြားသောစစ်ရေးလေ့ကျင့်မှုများ ပါဝင်သည်ဟု Nikkei Asia သတင်းတွင် ဖော်ပြထားသည်။

တရုတ်တောင်ပိုင်းစစ်မျက်နှာ စစ်ဌာနချုပ်အောက်ရှိ တိုက်ခိုက်ရေးတပ်ဖွဲ့များမှာ တရုတ်နိုင်ငံ၏ အချုပ်အခြာနယ်မြေ၊ နယ်စပ်ဒေသတည်ငြိမ်ရေး နှင့် တရုတ်ပြည်သူတို့၏ အသက်အိုးအိမ်ကို ကာကွယ်စောင့်ရှောက်ရန် အသင့် ရှိနေသည်ဟု တရုတ်စစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး Tian Junli က ပြောကြားခဲ့သည်။

မြန်မာစစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် ပြီးခဲ့သည့် အောက်တိုဘာလမှစ၍ တရုတ်နယ်စပ်အနီးတွင် တိုက်ပွဲများ မကြာခဏ ဖြစ်ပေါ်နေခဲ့သည်။

တရုတ်နိုင်ငံ ကူမင်းမြို့တွင် ပြီးခဲ့သည့် ဇန်နဝါရီလက တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် မြန်မာစစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင် ညီနောင်သုံးဖွဲ့တို့ တွေ့ဆုံဆွေးနွေးပြီးနောက် မြန်မာစစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင် သုံးဖွဲ့တို့အကြား အပစ်အခတ် ရပ်စဲပြီဖြစ်ကြောင်း တရုတ်အစိုးရက ကြေညာခဲ့သည်။

 သို့သော် တရုတ်နယ်စပ်အနီးတွင် တိုက်ပွဲဖြစ်ပွါးမှု ဆက်လက်ဖြစ်ပေါ်နေဆဲရှိပြီး နယ်စပ်ဒေသနေ တရုတ်ပြည်သူတို့ကို ထိခိုက်မှုများရှိနေသည်။

တရုတ်၏ ယခု စစ်ရေးလေ့ကျင့်မှုမှာ မြန်မာစစ်တပ်ကိုရော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကိုပါ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များကို လိုက်နာကြရန် သတိပေးမှုဖြစ်သလို မြန်မာပြည်တွင်း စစ်ရေးပဋိပက္ခများ တရုတ်နိုင်ငံထဲအထိ ကူးစက်မလာစေရန် သတိပေးမှုလည်းဖြစ်သည်ဟု ဆိုသည်။

တရုတ်နိုင်ငံ၏ အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာ တိန်ရှိကျန်သည် တနင်္လာနေ့က နေပြည်တော်တွင် မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)တောင်ပိုင်းစစ်မျက်နှာ စစ်ဌာနချုပ်သည် ပြီးခဲ့သည့် နိုဝင်ဘာလကလည်း မြန်မာနိုင်ငံ နယ်စပ်အနီးတွင် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။

Ref:Nikkei Asia

Most read this week

May 18, 2024
ဘူးသီးတောင်အခြေစိုက်တပ်ရင်းအများပြားကို အာရက္ခတပ်တော် (AA) က ယမန်နေ့ (မေ ၁၇) ရက် ညက ထိုးစစ်ဆင်...
May 17, 2024
ရခိုင်ပြည်၊ မောင်တောမြို့၊ ကညင်းချောင်းစီးပွားရေးဇုန်အနီးရှိ လဘော်ဇားကျေးရွာ၌ မေလ ၁၅ ရက်...
May 16, 2024
ရခိုင်ပြည်၊ စစ်တွေမြို့တွင် ဘုန်းတော်ကြီးကျောင်းများကို စစ်ကောင်စီက ဧည့်စာရင်းစစ်ဆေးပြီး...
May 16, 2024
မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် စစ်ကောင်စီတို့သည် တရုတ်နိုင်ငံ ကူမင်းမြို့တွင်...