မာန်အောင်တွင် စစ်မှုထမ်းရန်လူစာရင်း မပေးလို၍ အုပ်ချုပ်ရေးမှူးတချို့ တိမ်းရှောင်

မာန်အောင်တွင် စစ်မှုထမ်းရန်လူစာရင်း မပေးလို၍ အုပ်ချုပ်ရေးမှူးတချို့ တိမ်းရှောင်

ရခိုင်ပြည်၊ မာန်အောင်မြို့နယ်တွင် စစ်မှုထမ်းရန်လူစာရင်းမပေးလို၍ အုပ်ချုပ်ရေးမှူးတချို့ တိမ်းရှောင်နေကြကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။

မာန်အောင်မြို့နယ်တွင် စစ်မှုထမ်းဥပဒေကို တင်းတင်းကျပ်ကျပ် လုပ်‌ဆောင်လာသည့်အတွက် ပန်းဖဲအုပ်စု အုပ်ချုပ်ရေးမှူးနှင့် အခြားအုပ်ချုပ်‌ရေးမှုးတချို့ တိမ်းရှောင်နေကြကြောင်း သိရသည်။

"စစ်မှုထမ်းဖို့ လူပေးရမယ်ပြောလို့ မပေးနိုင်ဘူးဆိုပြီး ကျနော်တို့ ပန်းဖဲအုပ်စု အုပ်ချုပ်ရေးမှူး ရှောင်သွားတာ လေးရက်လောက်ရှိပြီ။  ဘယ်ရောက်နေတယ်မသိဘူး။ တချို့ အုပ်ချုပ်ရေးမှူးတွေကတော့ မသိမသာ ရှောင်ထွက်‌ နေကြတာပေါ့” ဟု ဒေသခံတစ်ဦးက ပြောသည်။

နောက်ထပ် မာန်အောင် ဒေသခံတစ်ဦးက "စစ်မှုထမ်းခေါ်တဲ့အဖွဲ့က ဟိုရက်ပိုင်း အစည်းအဝေးမှာ ကတည်းက သူတို့အမုန်းခံပြီး လူမပေးနိုင်ဘူးလို့ ငြင်းခဲ့ကြတယ်လို့သိရတယ်။ အဲ့ဒီနောက်မှာ စစ်တပ်က ဆက်တိုက် တင်းကျပ်လာတော့ တချို့မသိမသာရှောင်ထွက်ကြတာ‌။ အတိအကျပြောနိုင်တာကတော့ ပန်းဖဲ ဥက္ကဌ ရှိမယ်။ သိမ်ဗလ ဥက္ကဌကတော့ တပ်နဲ့ပူးပေါင်းပြီး စည်းရုံးနေတာ ရှိပါတယ်"ဟု ပြောသည်။

ယမန်နေ့ ဧပြီလ ၂ ရက်၊ ညနေတွင် စစ်ကောင်စီတပ် နှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များက ဒေသခံများအား အစည်းအဝေးများ ခေါ်ကာ ရပ်ရွာလုံခြုံရေးအတွက် သင်တန်းတက်ရန်နှင့် သင်တန်းပြီးပါက လစာ တစ်သိန်းခွဲ‌ ပေးမည်ဟု ကမားရဲကင်းစခန်းက ဒုရဲအုပ် ညီလေးအောင်က ပြောဆိုစည်းရုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယင်းသို့ စည်းရုံးခဲ့ပြီး ယနေ့ နံနက်ပိုင်းတွင် မျှော်တော်ဦးဘုန်းတော်ကြီးကျောင်း၌ အစည်းအဝေး  ထပ်မံခေါ် ယူသော်လည်း တစ်အိမ်တစ်ယောက် နာမည်စာရင်းပေးရမည်ဟု သတင်းထွက်နေပြီး ခြိမ်းခြောက်မှုများ ရှိသောကြောင့် အများစုမှာမသွားရဲဘဲ  ထွက်ပြေးနေကြသည်ဟု အစည်းအဝေးကို တက်ရောက်ခဲ့သည့် အမည်မဖော်လိုသူတစ်ဦးက ပြောသည်။

"အခု ရပ်ရွာတိုင်းမှာ အစည်းအဝေးလုပ်နေတယ်။  မနေ့က အစည်းအ‌ေဝးမှာတော့  စစ်မှုထမ်းမဟုတ်ရင်တောင်မှ ရပ်ရွာရဲ့ လုံခြုံရေးအတွက်ဆိုပြီး ခေါ်တယ်။ သင်တန်းပေးပြီး လစာလည်း တစ်သိန်းခွဲ ပေးမယ်တဲ့။ ဒီနေ့ မနက်ကတော့ မျှော်တော်ဦးဘုန်းကြီးကျောင်းမှာလည်း အစည်းအဝေး ထပ်လုပ်ပါတယ်။ တစ်အိမ်တစ်ယောက်ကျ နာမည်ပေးရမယ်ကြားလို့ လူတွေက မသွားကြဘူး။ အဲ့ဒါကြောင့် မနေ့ကတည်းက မလာရင် ခင်ဗျားတို့တာဝန်ပဲ။ နောက်ဆက်တွဲပြဿနာကို ကျနော်ဖြေရှင်းပေးလို့မရဘူးဆိုပြီး ခြိမ်းခြောက်ပါတယ်။ သူတို့က တင်းတင်းကျပ်ကျပ်လုပ်လာလို့ အခု အကုန်ထွက်ပြေးနေကြရပါတယ် "ဟု ပြောသည်။

ရခိုင်တွင် ဂွ ၊ သံတွဲ၊ တောင်ကုတ်မြို့နယ်တို့တွင် ပြည်သူ့စစ်သင်တန်းများ စတင်လုပ် ဆောင်လျက်ရှိပြီး မာန်အောင်တွင်လည်း စစ်သင်တန်းပေးရန် မီးလောင်ထောင့်အုပ်စု၊ ဇရပ်ပြင်ကျေးရွာကို မတ်လ ၃၁ ရက်က စစ်ကောင်စီတပ်သား ၄၀ ခန့် နေရာလာရောက်ကြည့်ရှုခဲ့ကြောင်း ဒေသခံများက ပြောသည်။

Most read this week

May 18, 2024
ဘူးသီးတောင်အခြေစိုက်တပ်ရင်းအများပြားကို အာရက္ခတပ်တော် (AA) က ယမန်နေ့ (မေ ၁၇) ရက် ညက ထိုးစစ်ဆင်...
May 17, 2024
ရခိုင်ပြည်၊ မောင်တောမြို့၊ ကညင်းချောင်းစီးပွားရေးဇုန်အနီးရှိ လဘော်ဇားကျေးရွာ၌ မေလ ၁၅ ရက်...
May 16, 2024
ရခိုင်ပြည်၊ စစ်တွေမြို့တွင် ဘုန်းတော်ကြီးကျောင်းများကို စစ်ကောင်စီက ဧည့်စာရင်းစစ်ဆေးပြီး...
May 16, 2024
မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် စစ်ကောင်စီတို့သည် တရုတ်နိုင်ငံ ကူမင်းမြို့တွင်...