ဖျာပုံအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အခြား အကျဉ်းသား ၈၀ ကျော်ကို ထောင်အာဏာပိုင်တွေက ရိုက်နှက်နှိပ်စက်ခဲ့ပြီး အသက်အန္တရာယ်စိုးရိမ်ရသူ ၃ ယောက်ရှိ

ဖျာပုံအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အခြား အကျဉ်းသား ၈၀ ကျော်ကို ထောင်အာဏာပိုင်တွေက ရိုက်နှက်နှိပ်စက်ခဲ့ပြီး အသက်အန္တရာယ်စိုးရိမ်ရသူ ၃ ယောက်ရှိ

ဧရာဝတီတိုင်း ဖျာပုံအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားတွေ အပါအဝင် အယောက် ၈၀ ကျော်ကို ထောင်အာဏာပိုင်တွေက ရိုက်နှက်နှိပ်စက်ခဲ့ပြီး အသက်အန္တရာယ်စိုးရိမ်ရသူ  ၃ ယောက်ရှိတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ကနေ သိရပါတယ်။

မတ်လ ၃၁ ရက်နေ့ကနေ ဒီကနေ့အထိ အခြားရာဇဝတ်အကျဉ်းသားတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ခေါ်ယူစစ်ဆေးရိုက်နှက်နေတာဖြစ်ပြီးတော့ ဒဏ်ရာရှိတဲ့ နိုင်ငံရေးအကျဉ်းသား ၂၀ ထိ ရှိပြီး အရေးပေါ်ကုသမှုတွေ လိုအပ်နေတယ်လို့ PNM က ထုတ်ပြန်ထားတာပါ။

ရိုက်နှက်ခံရတဲ့ အကျဉ်းသားတွေထဲမှာ  အသက် ၂၁ နှစ်မှ ၆၅ နှစ်အရွယ်ထိ ပါဝင်နေပြီးတော့အသက်အန္တာရာယ်စိုးရိမ်ရတဲ့သူတွေ ပါဝင်တယ် လို့ သိရပါတယ်။

" အသက်အန္တရာယ်စိုးရိမ်ရတဲ့သူတွေပါတယ်။ စရိုက်ခံရတဲ့ သူက နိုင်ငံရေးအကျဉ်းသား အမှုရင်ဆိုင်နေရဆဲဖြစ်တဲ့ ပြည်သူတစ်ယောက်ပါ။" လို့ PPNM ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦး က မြစ်ကြီးနားသတင်းဂျာနယ် ကို ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်နေ့က တရားစွဲဆိုခံထားရတဲ့ အကျဉ်းသားတစ်ယောက်ကို အကြောင်းပြချက်မရှိဘဲ ထောင်အာဏာပိုင်တွေက ဥပဒေမဲ့ရိုက်နှက်ခဲ့တာနဲ့ ပတ်သက်ပြီးတော့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ အကျဉ်းထောင်ဝန်ထမ်းတွေအကြား စကားများမှု ဖြစ်ပွားခဲ့တယ် လို့ PPNM က ဆိုပါတယ်။

အဲဒီနောက်မှာတော့ ဖျာပုံအကျဉ်းထောင်အာဏာပိုင်တွေက စစ်တပ်နဲ့ရဲကို နိုင်ငံရေးအကျဉ်းသားတွေနဲ့ အခြားရာဇဝတ်အကျဉ်းသားတွေက ထောင်ဖောက်ဖို့ကြိုးစားနေတယ်လို့ သတင်းအမှားပေးပို့ခဲ့ပြီးတော့ မတ်လ ၃၁ ရက်ညနေပိုင်းမှာ စစ်တပ်နဲ့ရဲ့က အကျဉ်းထောင်ထဲဝင်ရောက်လာပြီး အကြမ်းဖက်ဖြိုခွင်းမှုတွေ လုပ်ဆောင်ခဲ့တာဖြစ်တယ် လို့ PPNM က ထုတ်ပြန်ထားပါတယ်။

လတ်တလောစစ်ဆေးမှုတွေ လုပ်ဆောင်နေချိန်မှာလည်း  နိုင်ငံရေးအကျဉ်းသားအပါအဝင် စုစုပေါင်း ၁၈ ယောက် ကို ထောင်စည်းကမ်းအရ ထောင်ဒဏ် ၆လစီ အမိန့်ချထားသလို အကျဉ်းထောင်တိုက်ထဲမှာ တိုက်ပိတ်ထားတယ် လို့ PPNM က ဆိုပါတယ်။

လက်နက်ကိုင်ဆောင်ထားခြင်းမရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ အခြားရာဇဝတ်အကျဉ်းသားတွေကို ဥပဒေမဲ့ညှင်းပန်းနှိပ်စက်တာတွေကို အမြန်ဆုံးရပ်တန့်ပေးဖို့လည်း PPNM က တောင်းဆိုထားပါတယ်။

May 2, 2024
ပူတာအိုခရိုင်အတွင်းက လယ်ယာလုပ်ကိုင်မယ့် တောင်သူတွေစက်သုံးဆီရရှိနိုင်ဖို့အတွက်...
ဓါတ်ပုံ- KIA စစ်သင်တန်းတစ်နေရာ။
April 30, 2024
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကနေ စတင်လိုက်တဲ့ မြစ်ကြီးနား-ဗန်းမော်လမ်းတစ်လျှောက်က...