ပလက်ဝတွင် မိုးရာသီအတွင်း ဒေသခံသောင်းနှင့်ချီ၍ အငတ်ဘေးကြုံတွေ့ရနိုင်

ပလက်ဝတွင် မိုးရာသီအတွင်း ဒေသခံသောင်းနှင့်ချီ၍ အငတ်ဘေးကြုံတွေ့ရနိုင်

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်က ဒေသခံသောင်းဂဏန်းသည် စားနပ်ရိက္ခာများ မဖြည့်ဆည်း ပေးနိုင်ပါက လာမည့် မိုးရာသီတွင် အငတ်ဘေး ကြုံတွေ့ရနိုင်ကြောင်း ပလက်ဝကိုယ်ပိုင် အုပ်ချုပ်သော ခရိုင်ကောင်စီဥက္ကဌ ဆလိုင်းမျိုးထိုက်က ပြောသည်။

လက်ရှိနွေရာသီတွင် ပလက်ဝဒေသခံပြည်သူ သောင်းချီသည် စားနပ်ရိက္ခာများကို မျှဝေ၊ မျှစား၍ ရသေးသော်လည်း မိုးရာသီရောက်ချိန်တွင် ကုန်သလောက်ရှိလိမ့်မည်ဖြစ်ပြီး ရိက္ခာပြတ်လတ်မှုများကြောင့် စားဝတ်နေ‌ရေး အကြပ် အတည်းမှာ ပိုဆိုးဝါးသွားခြင်းဖြစ်ကြောင်း ဆလိုင်းမျိုးထိုက်က ပြောသည်။

“ဧပြီ၊ မေလလောက်ဆိုရင်တော့ တချို့ စစ်ရှောင်တွေကတော့ ထမင်းတောင် စားဖို့ ဆန် မရှိလောက်တော့ဘူး။ ပလက်ဝမှာ ဆန် ကိုပဲ အဓိက စားတဲ့ လူမျိုုးတွေ ဆိုတော့ အခုတောင် တချို့ ရွာတွေမှာ ဒီနေ့ ချက်ဖို့တောင် ဆန်မရှိလို့ တောင်းစားရတယ်။ အတောင်းခံရတဲ့ လူတွေမှာလည်း မရှိတော့ဘူးလို့ ဒေသခံတွေက ဖုန်းတွေ ဆက်လာကြတယ်”ဟု ပလက်ဝကိုယ်ပိုင် အုပ်ချုပ်သော ခရိုင်ကောင်စီဥက္ကဌ က ပြောသည်။

ပလက်ဝမြိုု့နယ်တွင် စားနပ်ရိက္ခာအတွက် တောင်ယာလုပ်ကိုင်ကြသော်လည်း ကောက်ရိတ်သိမ်းချိန်၊ ကောက်သစ်စတင် စားရ သောအချိန်မှာ စက်တင်ဘာ၊ အောက်တိုဘာ နှင့် နိုဝင်ဘာလများ ဖြစ်သောကြောင့် လာမည့် မိုးရာသီသည် ဒေသခံပြည်သူ၊ သက်ကြီးရွယ်အိုများ၊ ကလေးငယ်များအတွက် ဒုက္ခပိုကြုံရနိုင်ကြောင်း သိရသည်။

ပလက်ဝမြို့နယ်တွင် ဒေသခံပြည်သူ ၂ သောင်းမှ ၄ သောင်းကြားသည် စားဝတ်နေရေးခက်ခဲမှုများ ဆိုးဝါးစွာ ကြုံတွေ့ရနိုင်ပြီး ကလေးသူငယ်နှင့် သက်ကြီးရွယ်အိုများအပါအဝင် ဒေသခံများသည် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးဝါးများအတွက် အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။

ပလက်ဝမြို့နယ်၏ နယ်မြေလုံခြုံရေးနှင့် နိုင်ငံရေးအခြေအနေများကြောင့် လက်ရှိကိန်းဂဏန်းများမှာ တိကျသေချာသော စာရင်းများ မဟုတ်သော်လည်း ပလက်ဝဒေသခံများ ဆက်သွယ်လာမှုနှင့် နယ်မြေဒေသအရ ခန့်မှန်းရခြင်းဖြစ်ကြောင်း  ပလက်ဝကိုယ်ပိုင် အုပ်ချုပ်သော ခရိုင်ကောင်စီထံမှ သိရသည်။

အာဏာသိမ်းပြီးနောက်ပိုင်း ပလက်ဝမြို့နယ်တွင် INGO ၊ NGO နှင့် အရပ်ဖက်အဖွဲ့အစည်းများ၏ ကူညီထောက်ပံ့မှုမှာ များစွာ နည်းပါးသွားပြီး WFP နှင့် CHRO တို့မှ ကူညီထောက်ပံ့မှု ပေးထားသော်လည်း ပမာဏမှာ လွန်စွာ နည်းပါးခဲ့ကြောင်း သိရဿည်။

“အဲဒါကြောင့် NGO၊ INGO နဲ့ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေရော အလှူရှင်တွေအနေနဲ့ ကျနော်တို့ ပြည်သူတွေကို တတ်နိုင် သလောက် ကူညီကြဖို့ တောင်းဆိုပါတယ်။ ဒီအတိုင်းသာ ဆက်သွားရင် ဒေသခံ ပြည်သူတွေရဲ့ သောင်းချီဟာ အငတ်ဘေး ကြုံရနိုင်တယ်။ ဆေးဝါးကုသနိုင်မှုလည်း ပိုဆိုးဝါးနိုင်တယ်”ဟု ဆလိုင်းမျိုးထိုက်က ပြောသည်။

ပလက်ဝမြို့နယ် ကုလာတန်းမြစ်ဘက်က ဒေသများမှာ အိန္ဒိယမှ  ကုန်စည်စီးဆင်းမှု အဆင်ပြေသော်လည်း တချို့ဒေသများ အတွက် သယ်ယူစရိတ်မှာ ဆန်ဝယ်ယူစရိတ်ထက် ကြီးမားကြောင်း၊ ပလက်ဝအရှေ့ဘက်ခြမ်းရှိ ဒေသများမှာလည်း ပိုမိုခက် ခဲ့ကြကြောင်း သိရသည်။

ပလက်ဝမြို့နယ်အတွင်း လက်ရှိမှာ ရက္ခိုင်တပ်တော် AA က ပလက်ဝမြို့နှင့် ဆမီးမြို့အပါအဝင် နယ်မြေအများစုကို ထိန်းချုပ် ထားကာ အုပ်ချုပ်ရေးယန္တရာများကို ဖော်ဆောင်နေပြီး CDF- ပလက်ဝ၊ CDF – Daai ၊ CDF – မရာနှင့် MDF/ MTC စသည့် ချင်းတော်လှန်ရေးအဖွဲ့ (၄)ခုသည်လည်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များနှင့် တွဲဖက်၍ စစ်ရေးလှုပ်ရှားကြသည်။

ကြားကာလခူမီး (ချင်း) မျိုးနွယ်စုများရေးရာ အတိုင်ပင်ခံကောင်စီကလည်း ULA/AA ၏ ပလက်ဝမြို့နယ်အတွင်းက အုပ်ချုပ် ရေးအစီအမံများနှင့် ပတ်သက်၍ ဒေသခံချင်းတိုင်းရင်းသားများအတွက် မလိုလာအပ်သော ဝန်ထပ်ဝန်ပိုးများ မဖြစ်ပေါ်စေရန်၊ ဒေသခံ ချင်းအပါအဝင်ပြည်သူများ လုံခြုံလွတ်လပ်စွာ သွားလာနိုင်ရန် နှစ်ဖက်အကြား  ဆွေးနွေးညှိနှိုင်းမှုများ စဉ်ဆက်မပြတ် ပြုလုပ်ရေးကို လိုလားကြောင်း ထုတ်ပြန်ထားသည်။

ပလက်ဝမြို့နယ်တွင် ချင်းလူမျိုးက ၈၈၀၀၀ ကျော်၊ ရခိုင်က ၁၈၀၀၀ ကျော်၊ ဗမာက ၁၅၀ နီးပါးဖြင့် စုစုပေါင်းပြည်သူ တစ်သိန်းကျော် နေထိုင်ကြကြောင်း မင်းတပ်ခရိုင်၊ မြို့နယ်ထွေအုပ်ဦးစီးဌာန၏ ၂၀၂၀ ခုနှစ် စာရင်းအရ သိရသည်။

Most read this week

May 20, 2024
ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇံနှင့် ကျီခါးမြို့တို့ကို ချင်းကာကွယ်ရေးပူးပေါင်းတပ်က...
May 18, 2024
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ အိန္ဒိယ-မြန်မာနယ်စပ်သို့ တိမ်းရှောင်လာကြသော စစ်ဘေးရှောင်ပြည်သူများ...
May 17, 2024
အိန္ဒိယ-မြန်မာနှစ်နိုင်ငံကြား လွတ်လပ်စွာလှုပ်ရှားသွားလာခွင့် (FMR) စနစ်ဖျက်သိမ်းမှုနှင့်...
May 17, 2024
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့တိုက်ပွဲကြောင့် စစ်ဘေးရှောင်နေရသည့်...