စစ်ကောင်စီ၏ နိုင်ငံရေးထောင်ချောက်များကို သတိထားရန် AA တိုက်တွန်း

စစ်ကောင်စီ၏ နိုင်ငံရေးထောင်ချောက်များကို သတိထားရန် AA တိုက်တွန်း

အာဏာသိမ်း စစ်ကောင်စီက ဖြစ်ချင်နေသော နိုင်ငံရေးထောင်ချောက်များအတွင်းသို့ သက်ဆင်း မကျသွားစေဖို့ နိုင်ငံရေးအသိ၊ သမိုင်း အတွေ့အကြုံ၊ သင်ခန်းစာတို့ဖြင့် သတိထားရန် အာရက္ခလူထုများကို ရက္ခိုင့်တပ်တော် AA က ယနေ့ ထုတ်ပြန်ကြေညာတွင် တိုက်တွန်းလိုက်သည်။

၂၀၂၄ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့က ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့အခြေစိုက် စကခ (၁၅) မှ အဓိကကြိုးကိုင်ပြီး လူမျိုးရေးပဋိပက္ခ ဖြစ်ပွားစေရန် ရည်ရွယ်ချက်ဖြင့် ဆန္ဒပြပွဲတရပ်ကို ပြုလုပ်ခဲ့သည့်အပြင် မောင်တောမြို့တွင်လည်း အလားတူဆန္ဒပြပွဲပုံစံမျိုး ထပ်မံပြုလုပ်ဖို့ စစ်ကောင်စီက ကြိုးစားအားထုတ်နေသည်ဟု AA က ဆိုသည်။

ထို့ကြောင့် စစ်ရေးအရ ရှုံးနိမ့်နေမှုများကို အာရုံလွဲသွားစေရန် ထိလွယ်ရှလွယ်သည့် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများကို ဖြစ်ပေါ်လာအောင် ယခုရက်ပိုင်းများအတွင်း ပိုမိုအားစိုက် ကြိုးပမ်းနေပြီး စစ်ကောင်စီ၏ လုပ်ရပ်များကို သတိထားစောင့်ကြည့်ကြဖို့ အဆိုပါ ထုတ်ပြန်ချက်တွင် AA က ထည့်သွင်းဖော်ပြထားသည်။

စစ်ကောင်စီအနေဖြင့် စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက်ပိုင်း လူမျိုးပေါင်စုံကို အတင်းအဓမ္မ စစ်သားစုဆောင်းလျက်ရှိရာ လွန်ခဲ့သော ရက်သတ္တပတ်အတွင်းက ဖြစ်ပွားခဲ့သော ရသေ့တောင်မြို့တိုက်ပွဲများ၌ စစ်သားစုဆောင်းခြင်းခံရသည့် ဘဂႅလီလူမျိုးများကို တိုက်ပွဲအတွင်း ထည့်သွင်းအသုံးပြုနေသည်ဟု ထောက်ပြထားသည်။

လက်ရှိတွင် ရက္ခိုင့်တပ်တော် AA နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ  ဆက်လက်ပြင်းထန်နေသည့်အတွက် အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်းတိုက်ပွဲဝင်နေသော မည်သည့်အဖွဲ့အစည်း၊ မည်သူ့ကိုမဆို စစ်ကောင်စီဘက်တော်သားအဖြစ် သတ်မှတ်ပြီး တိုက်ခိုက်သွားမည်ဟု ဆိုသည်။

ထို့အပြင် ယခင်ရပ်တည်ချက်ဖြစ်သော “အာရက္ခဒေသအတွင်းတွင် ရက္ခိုင့်တပ်တော်မှ လွဲ၍ မည်သည့်လက်နက်ကိုင် အဖွဲ့အစည်းမျှ မရှိစေရ” မူအတိုင်း ရှိနေမည်ဖြစ်ကြောင်းလည်း AA က ပြောဆိုလိုက်သည်။

ရက္ခိုင်ဒေသအတွင်း လက်နက်ချအညံ့မခံသေးသည့် စစ်ကောင်စီ၏ လက်ကျန်စခန်းများကို ထပ်မံသိမ်းပိုက်နိုင်ရေး AA က ကြိုးပမ်းနေပြီး လက်ရှိသိမ်းပိုက်ထားပြီးသား မြို့ရွာတို့၏ တည်ငြိမ်းရေး၊ အုပ်ချုပ်ရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ လုံခြုံရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားတို့ကို ကြိုးစာဆောင်ရွက်နေသည်ဟု ရက္ခိုင့်တပ်တော် AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most read this week

April 24, 2024
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ယခုဧပြီလအတွင်း ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင်...
April 24, 2024
မွန်ပြည်နယ် ၊ ရေးမြို့နယ်တွင် စစ်တပ်အာဏာသိမ်းခဲ့သည့် ကာလတစ်လျှောက် ယခု ၂၀၂၄ ခုနှစ်အတွင်း...
April 24, 2024
မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) (NMSP-AD) နှင့် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) တို့...
April 23, 2024
မွန်ပြည်နယ်အတွင်း တော်လှန်ရေးအားကောင်းသည့် မြို့နယ်တို့တွင် စစ်အုပ်ချုပ်ရေး ယန္တရား...