တီးတိန်မြို့နယ်၊ခိုင်ကမ်းမြို့နေ စစ်‌ဘေးရှောင် ပြည်သူများ ၃ ပတ်ခန့်ကြာလာသော်လည်း နေအိမ်ပြန်နိုင်ခြင်း မရှိသေး

တီးတိန်မြို့နယ်၊ခိုင်ကမ်းမြို့နေ စစ်‌ဘေးရှောင် ပြည်သူများ ၃ ပတ်ခန့်ကြာလာသော်လည်း နေအိမ်ပြန်နိုင်ခြင်း မရှိသေး

ချင်းပြည်နယ် တီးတိန်မြို့နယ်ရှိ ခိုင်ကမ်းမြို့ ရဲစခန်းကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့ကစပြီး တိုက်ခိုက်မှု နှင့် နောက်ဆက်တွဲ ပစ်ခတ်မှုများကြောင့် ယင်းနေ့မနက်ကစပြီး စစ်ရှောင်နေရတဲ့ ခိုင်ကမ်းမြို့နေ ပြည်သူများ သုံးပတ်ခန့် (၁၉ ရက်) ကြာသည် အထိ နေအိမ်သို့ ပြန်လည် အခြေချ နေထိုင်နိုင်ခြင်း မရှိသေးကြောင်း ဒေသခံများရဲ့ပြောပြချက် အရ သိရ ပါတယ်။

“တိုက်ပွဲ က ရက်ဆက် ဖြစ်လာတာရယ်၊ လက်နက်ကြီး လက်နက်ငယ် အမျိုးစုံလာတော့ နေအိမ်ကို ထားခဲ့ပြီး စစ်ရှောင်ခဲ့ရတယ်။ တချို့လူတွေက သူတို့ ဆွေမျိုးတွေရှိတဲ့ တောင်ပေါ်ရွာတွေမှာ ခိုလှုံကြတယ်။ အများစု ကတော့ တောကြိုတောင်ကြား ထဲမှာ တဲထိုးပြီး ခိုလှုံကြတယ် “လို့ ခိုင်ကမ်းမြို့ခံ လူငယ်တစ်ဦးက CW ကို ပြောကြားခဲ့ပါတယ်။

“ရပ်ကွက်ထဲမှာ လူမနေတော့ သူခိုးတွေလည်း များလာတယ်။ အဲလို လှည့်လည် ခိုးယူတဲ့ အုပ်စုတွေကို ပြည်သူ့ ကာကွယ်ရေး ကင်းအဖွဲ့က ဖမ်းဆီး ဆုံးမခဲ့တယ် လို့လည်း သိရတယ်ဗျ။ အိမ်မွေး တရိစ္ဆာန်တွေကျတော့ ခေါ်သွားလို့ အဆင်မပြေဘူး။ အဲတာလေးတွေ အစာကျွေးဖို့ လူငယ်လူရွယ်တွေက အခါသင့် သလို အိမ်ပြန်ခဲ့ရတယ် “လို့လည်း အဆိုပါ လူငယ်က ထပ်ပြောပါတယ်။

၂၆ ကစပြီး ၂၈ ရက်အထိ အပြန်အလှန် ပစ်ခတ်တဲ့ တိုက်ပွဲတွေ ဖြစ်ခဲ့တယ်။ အဲနောက် ပစ်ခတ်သံတွေ ပြန်ငြိမ်ခဲ့တယ်။ ဒါပေမယ့် မတ်လ ၈ ရက်နေ့ကျတော့ စစ်သားတွေ ဆည်ကြီးချောင်းရိုး အတိုင်း ချီတက်လာပြီးတော့ နယ်မြေ ရှင်းလင်းရေး ပုံစံလုပ်လာကြတယ်။ အင်အား တော်တော်များတယ်။ အနောက်ကနေ အမြောက်နဲ့ပါ ထပ်ထုတော့ အိမ်ပြန်ဖို့ ပြင်ဆင်နေတဲ့ ဒေသခံတွေ မပြန်ရဲတော့ဘူး။ အိမ် ခဏ ပြန်လာတဲ့ သူတွေလည်း တောထဲ ပြန်ပြေးရတယ် လို့ သူတို့ ရင်ဆိုင်နေရတဲ့အခက်အခဲကို အဆိုပါလူငယ်ကဆက်ပြောပါတယ်။

“နက်ဖြန်ဆိုရင် စစ် စရှောင်တာ ရက်ပေါင်း ၂၀ ပြည့်တော့မယ်။ သက်ကြီးရွယ်အိုတွေ၊ နာမကျန်း ဖြစ်တဲ့ လူတွေက မိုးကာတဲလေးတွေ ထိုးပြီး တောကြိုတောင်ကြားတွေမှာ နေရတာ။ စစ်တပ်ဖက်ကရော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဖက်ကပါ စိတ်ချလက်ချ အိမ်ပြန်လို့ ပြောတာမျိုး မကြားရသေးဘူး။ လက်နက်ကြီး ‌ရန်က လွှဲရင်တော့ လတ်တလောမှာ စစ်ရေး လှုပ်ရှားမှုမျိုးထပ်မတွေ့ရတော့ဘူး “လို့ သူက လက်ရှိ အခြေအနေကို ရှင်းပြခဲ့ပါတယ်။

ခိုင်ကမ်းမြို့ နေ ပြည်သူများ အနေဖြင့် မြို့တွင်း တိုက်ပွဲ ဖြစ်ခဲ့ အပြီး သုံးပတ်ခန့် ကြာသည် အထိ စစ်ရှောင်နေရဆဲဖြစ်ပြီး လက်နက်ကြီး နဲ့ အမြောက်ကျည်‌ကို အဓိက ရှောင်နေရတာ ဖြစ်တယ်လို့ ဒေသခံများမှ တဆင့် သိရှိခဲ့ရပါတယ်။

Most read this week

May 3, 2024
စစ်ကိုင်းတိုင်း ကလေးမြို့ မြောက်ပိုင်း ကလေး - လက်ပံချောင်း လမ်းမဘေးမှာတည်ရှိတဲ့...
April 29, 2024
မလေးရှားနိုင်ငံမှာ ပြီးခဲ့တဲ့ ဧပြီ(၂၆)ရက်နေ့ တစ်ရက်အတွင်း အထောက်အထားမဲ့ ရွေ့ပြောင်းအလုပ်သမား ၂...
April 26, 2024
ချင်းပြည်နယ် မင်းတပ်မြို့နယ် တိုက်နယ် (၂)က ဝမ္မသူးဆေးရုံကို ယမန်နေ့ည ဧပြီလ(၂၅) ရက်နေ့ ...