အိမ်နီးချင်းနိုင်ငံတွေနဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ AA ပြော

အိမ်နီးချင်းနိုင်ငံတွေနဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ AA ပြော
အိန္ဒိယလွှတ်တော်အမတ်နှင့် AA တာဝန်ရှိသူအချို့ ဖေဖော်ဝါရီလ ၂၉ ရက်နေ့က တွေ့ဆုံခဲ့စဉ်/The Lairam Times
အိန္ဒိယလွှတ်တော်အမတ်နှင့် AA တာဝန်ရှိသူအချို့ ဖေဖော်ဝါရီလ ၂၉ ရက်နေ့က တွေ့ဆုံခဲ့စဉ်/The Lairam Times

ပြည်သူတွေရဲ့ အကျိုးအတွက် အိမ်နီးချင်းအစိုးရနိုင်ငံတွေနဲ့ အပြည့်အဝ လက်တွဲဆောင်ရွက်သွားဖို့ ပြင်ဆင်ထားတယ်လို့ ရက္ခိုင့်တပ်တော်(AA) က ဒီနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။

"နှစ်ဘက်ပြည်သူတွေအတွက် အကျိုးရှိတဲ့လုပ်ငန်းတွေကို ကျွန်တော်တို့ ULA/AA အနေနဲ့ ပူးပေါင်းလုပ်ဆောင်လိုတဲ့ ကိစ္စရပ်တွေရှိပါတယ်။ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ဖို့လည်း ကျွန်တော်တို့ဘက်က ပြင်ဆင်ထားတာ ရှိပါတယ်။" လို့ အိမ်နီးနားချင်း နိုင်ငံတွေနဲ့ပတ်သက်ပြီး AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ဒီနေ့ပြောလိုက်တာပါ။

ဒါ့အပြင် အရင်အစိုးရ အဆက်ဆက်ကတည်းက ပြည်သူတွေရဲ့ ကုန်သွယ်မှုတွေဟာ တရားဝင်ရော၊ တရားမဝင်ပါရှိနေတာကြောင့် AA အနေနဲ့ တရားဝင်ကုန်သွယ်မှုတွေ အခုထက်ပိုချောမောအောင်၊ တရားမဝင်ကုန်သွယ်မှုတွေကို တရားဝင်ကုန်သွယ်မှုဖြစ်အောင် ဆောင်ရွက်သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။

အခုအချိန်မှာတော့ AA ဟာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့နဲ့ ဆက်စပ်နေတဲ့ ဒေသတွေကို ထိန်းချုပ်ထားလိုက်ပါပြီ။

ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၂၉ ရက်နေ့ကတော့ အိန္ဒိယလွှတ်တော်အမတ်နဲ့ AA ဘက်က တာဝန်ရှိသူတွေဟာ နှစ်နိုင်ငံပူးပေါင်းဖော်ဆောင်နေတဲ့ ကုလားတန်စီမံကိန်းထဲက အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ လမ်းပိုင်းတစ်ခုဖောက်လုပ်ရေးနဲ့ ပတ်သက်ပြီး တွေ့ဆုံခဲ့တယ်လို့ ဒေသတွင်းသတင်းဌာနတစ်ခုဖြစ်တဲ့ The Lairam Times က ဖော်ပြခဲ့ပါတယ်။

အဲဒီတွေ့ဆုံမှု သတင်းတွေထွက်လာပြီးတဲ့နောက် စစ်တပ်ထောက်ခံသူတွေဟာ စစ်ကောင်စီကို ဝေဖန်မှုတွေရှိခဲ့သလို အိန္ဒိယနိုင်ငံရဲ့ သံအမတ်တွေကိုခေါပြီး ဖြေရှင်းချက်တောင်းဖို့လည်း စစ်ကောင်စီကို ပြောဆိုနေကြပါတယ်။

အဲဒီလိုတွေ့ဆုံမှုနဲ့ အိန္ဒိယနိုင်ငံနဲ့ AA ကြား ဆက်ဆံရေးအခြေအနေတွေကိုတော့ ဦးခိုင်သုခက ဒီနေ့သတင်းစာရှင်းလင်းပွဲမှာ အသေးစိတ်ဖြေကြားဖို့ ငြင်းဆိုခဲ့ပါတယ်။

အခု AA က ထိန်းချုပ်ထားတဲ့ ဒေသမှာရှိတဲ့ ကုလားတန်မြစ် ဘက်စုံသယ်ယူပို့ဆောင်ရေး စီမံကိန်းကိုတော့ ဦးသိန်းစိန်အစိုးရလက်ထက် မတိုင်ခင်ကတည်းက နှစ်နိုင်ငံပူးတွဲ အကောင်အထည်ဖော်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီကုန်သွယ်ရေးလမ်းကြောင်းဟာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်နဲ့ ချင်းပြည်နယ်၊ပလက်ဝမြို့ကနေ တဆင့် ရခိုင်ပြည်နယ် စစ်တွေမြို့အထိဖြစ်ပြီး အဲဒီထဲမှာ ရေလမ်းကြောင်းအပြင် ကုန်းလမ်းကြောင်းပါ ပါဝင်နေတာပါ။

ဒီကုန်သွယ်ရေးလမ်းကြောင်းဟာ အိန္ဒိယ-မြန်မာကုန်သွယ်ရေးအတွက်သာမက အိန္ဒိယနိုင်ငံရဲ့ အရှေ့ခြေမ်းနဲ့ အနောက်ခြမ်းအတွက်ပါ အရေးပါတဲ့ လမ်းကြောင်းဖြစ်ပါတယ်။

အဲဒီလမ်းကြောင်းအတွက် ဖော်ဆောင်နေတဲ့ ကုလားတန်စီမံကိန်းထဲမှာတော့ စစ်တွေမြို့မှာဆောက်လုပ်နေတဲ့ ဆိပ်ကမ်းတည်ဆောက်မှုဟာ ပြီးစီးနေပြီး ၂၀၂၃ ခုနှစ် ဧပြီလထဲမှ ကုန်သွယ်မှုတချို့စတင်ခဲ့ပါတယ်။ ကားလမ်းဖောက်လုပ်မှုအခြေအနေကတော့ တိုက်ပွဲတွေကြောင့် အခုအချိန်ထိ အပြီးမသတ်သေးပါဘူး။

အိန္ဒိယနိုင်ငံရဲ့ နယ်မြေတည်ရှိမှုဟာ လွတ်လပ်ရေးရပြီးတဲ့နောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက သီးသန့်ခွဲထွက်ခဲ့တဲ့အတွက် အိန္ဒိယရဲ့ အရှေ့ပိုင်းနဲ့ အနောက်ပိုင်းကြားထဲမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ခံနေတာဖြစ်ပါတယ်။

အဲဒီလို နိုင်ငံက နှစ်ပိုင်းဖြစ်နေတဲ့အနေအထားမှာတော့ နိုင်ငံရဲ့အရှေ့ပိုင်း မြန်မာနိုင်ငံနဲ့ ထိစပ်နေတဲ့အပိုင်းဟာ အိန္ဒိယရဲ့ ကုန်းတွင်းပိတ်ဒေသပါ။

ဒါကြောင့် ပင်လယ်ထွက်ပေါက်ရှိတဲ့ အိန္ဒိယနိုင်ငံအနောက်ပိုင်းနဲ့ ကုန်းတွင်းပိတ်အရှေ့ပိုင်းကို ကုန်သွယ်နိုင်ဖို့  မြန်မာနိုင်ငံထဲက ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်ကို ဖြတ်သန်းစီးဆင်းနေတဲ့ ကုလားတန်မြစ်ကြောင်းဟာ အရေးပါတဲ့ ကြားခံဒေသဖြစ်နေတာပါ။

လက်ရှိအချိန်မှာတော့ AA ဟာ ရခိုင်ပြည်နယ်ထဲမှာစစ်ကောင်စီမရှိရေးအတွက် ဆက်ဆောင်ရွက်သွားမယ်လို့လည်း ပြောဆိုထားပြီး အခုအချိန်မှာတော့ ရခိုင်ပြည်နယ်ထဲက မြို့ ၅ မြို့နဲ့ ချင်းပြည်နယ်ထဲက ပလက်ဝဒေသကို သိမ်းပိုက်ထားပါတယ်။

Most read this week

May 17, 2024
ပူတာအိုဒေသမှာ ဆန်တစ်ပုံး(၈ ပြည်) ကို ကျပ်တစ်သိန်း နဲ့ ဓာတ်ဆီ တစ်ပုလင်းကို ၇၀,၀၀၀ ကျပ် အထိ...
May 16, 2024
ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ ကျောင်းဖွင့်လှစ်နိုင်ရေး...
May 15, 2024
မြစ်ကြီးနားအကျဉ်းထောင်နဲ့ မိတ္ထီလာအကျဉ်းထောင်က အကျဉ်းသားတွေအနေနဲ့ ရေကိုဝယ်ယူသုံးစွဲရနေရသလို...
May 13, 2024
သက်ငယ်မုဒိမ်းမှု ကျူးလွန်သူ တရားခံတွေကို အမြန်ဆုံးဖော်ထုတ်ပြီး ထိရောက်စွာ အရေးယူပေးဖို့နဲ့...