အာဏာသိမ်းကာလထဲ ကချင်ပြည်နယ်အပါအဝင် တစ်နိုင်လုံးမှာ ရွှေဆိုင်နဲ့ဘဏ်ဓားပြတိုက်ခံရမှု အကြိမ် ၈၀ ကျော်ဖြစ်ပွား

အာဏာသိမ်းကာလထဲ ကချင်ပြည်နယ်အပါအဝင် တစ်နိုင်လုံးမှာ ရွှေဆိုင်နဲ့ဘဏ်ဓားပြတိုက်ခံရမှု အကြိမ် ၈၀ ကျော်ဖြစ်ပွား

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ၃ နှစ်အတွင်း ကချင်ပြည်နယ်အပါအဝင် တစ်နိုင်ငံလုံးက ရွှေဆိုင်နဲ့ဘဏ်တွေဆီကနေ လုယက်မှု၊ ဓားပြတိုက်မှုပေါင်း ၈၂ ခုထိ ဖြစ်ပွားခဲ့တယ်လို့ မှတ်တမ်း ကောက်ယူခဲ့တဲ့ Data for Myanmar အဖွဲ့ရဲ့ စာရင်းတွေအရ သိရပါတယ်။

အဲဒီဖြစ်စဉ်တွေဟာ ၂၀၂၁ နှစ်ဆန်းကနေ ၂၀၂၄ နှစ်ဆန်း ဖေဖော်ဝါရီလအထိဖြစ်ပြီး ရွှေဆိုင်ထဲဝင်ပြီး လုယက်မှုပေါင်း ၅၇ ခုနဲ့ ဘဏ်ထဲဝင်ပြီး လုယက်ခဲ့တဲ့ဖြစ်စဉ်ပေါင်း ၂၅ ခု စုစုပေါင်း ၈၂ ခုထိ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

ဒါဟာ အာဏာသိမ်းကာလ ၃ နှစ်ကျော် (၃၇ လ) အတွင်း ပျမ်းမျှ တစ်လကို ရွှေဆိုင်နဲ့ဘဏ်လုယက်မှု ၂ မှုကျော် ရှိနေတာဖြစ်ပါတယ်။

"ရွှေဆိုင်နဲ့ ဘဏ်တွေကို ပစ်မှတ်ထားလုယက်မှု၊ ဓားပြမှုတွေ သိသိသာသာဖြစ်ပွားလာခဲ့တာ အားလုံး အသိပဲဖြစ်ပါတယ်။ အခုလိုရွှေဆိုင်နဲ့ ဘဏ်တွေကိုပစ်မှတ်ထားတဲ့ လုယက်မှုတွေဟာ အရင်တုန်းကတော့ အဖြစ်နည်းတဲ့ မှုခင်းတွေပါ။" လို့ Data for Myanmar က ဆိုပါတယ်။

ရွှေဆိုင်လုယက်မှုတွေမှာတော့ မန္တလေးက ၁၂ မှုနဲ့ အများဆုံးဖြစ်နေပြီး ရန်ကုန်က ဒုတိယအများဆုံးအဖြစ် ၆ မှုနဲ့ ဖားကန့်ကတော့ ၃ မှုနဲ့ တတိယအများဆုံးဖြစ်နေတာပါ။

ဘဏ်လုယက်မှုတွေကတော့ ၂၀၂၁ ကနေ ၂၀၂၂ ခုနှစ်ထဲမှာ အများဆုံးဖြစ်ခဲ့ပေမဲ့ နောက်ပိုင်းမှာ လျော့နည်းလာပြီး ရွှေဆိုင်လုယက်မှုတွေ ပိုများလာတာလို့လည်း Data for Myanmar က ဆိုပါတယ်။

အဲဒီဖြစ်စဉ်တွေထဲက ရွှေဆိုင်လုယက်မှုတချို့မှာတော့ ဝန်ထမ်းတစ်ယောက်နဲ့ ရွှေဆိုင်ပိုင်ရှင်တစ်ယောက် သေဆုံးခဲ့ပြီး ၇ ယောက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

အဲဒီဖြစ်စဉ်တစ်ခုချင်းစီအလိုက် ဖမ်းမိမှုအခြေအနေကိုတော့ မသိရပေမဲ့ စစ်ကောင်စီဘက်က ဘဏ်လုယက်မှု တွေနဲ့ပတ်သက်လို့ ဖမ်းဆီးအရေးယူတာတွေကို ပိုလုပ်ဆောင်ပြီး ရွှေဆိုင်လုယက်မှုတွေမှာတော့ ၂၀ ရာခိုင်နှုန်းကျော်ကိုပဲ ဖမ်းဆီးနိုင်တာတွေ့ရတယ်လို့  Data for Myanmar က အသိပေးထားပါတယ်။

Data for Myanmar အဖွဲ့ဟာ အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီရဲ့အကြမ်းဖက်မှုတွေနဲ့ စစ်ကောင်စီရဲ့ လှုပ်ရှားမှုတွေကို ပြုစုနေတဲ့ အဖွဲ့တစ်ခုဖြစ်ပါတယ်။

ဓါတ်ပုံ- ဖားကန့်မြို့ နယ်၊ လုံးခင်းကျေးရွာက ငွေလွှဲဆိုင်တစ်ဆိုင်မှာ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့က ဓားပြတိုက်နေစဉ်။

Most read this week

May 17, 2024
ပူတာအိုဒေသမှာ ဆန်တစ်ပုံး(၈ ပြည်) ကို ကျပ်တစ်သိန်း နဲ့ ဓာတ်ဆီ တစ်ပုလင်းကို ၇၀,၀၀၀ ကျပ် အထိ...
May 16, 2024
ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ ကျောင်းဖွင့်လှစ်နိုင်ရေး...
May 15, 2024
မြစ်ကြီးနားအကျဉ်းထောင်နဲ့ မိတ္ထီလာအကျဉ်းထောင်က အကျဉ်းသားတွေအနေနဲ့ ရေကိုဝယ်ယူသုံးစွဲရနေရသလို...
May 13, 2024
သက်ငယ်မုဒိမ်းမှု ကျူးလွန်သူ တရားခံတွေကို အမြန်ဆုံးဖော်ထုတ်ပြီး ထိရောက်စွာ အရေးယူပေးဖို့နဲ့...