ပုဂံမှ ဘုရားကိုခြံခတ်ပြီး မြန်မာမဝင်ရဆိုသည်မှာ ဖြစ်စဉ်အဟောင်းသာဖြစ်

ပုဂံမှ ဘုရားကိုခြံခတ်ပြီး မြန်မာမဝင်ရဆိုသည်မှာ ဖြစ်စဉ်အဟောင်းသာဖြစ်

(မဇ္ဈိမ)။ ဩဂုတ်လ ၅ ရက်နေ့။ ပုဂံတွင် ရှေးဟောင်းဘုရားကို ခြံခတ်ကာ နိုင်ငံခြားသားပိုင် ဟိုတယ်နှင့် စားသောက်ဆိုင် ပြုလုပ်ထားပြီး မြန်မာနိုင်ငံသား ဘုရားဖူးများအား ဝင်ခွင့်ကန့်သတ်ထားသည် ဆိုသောသတင်း လူမှုကွန်ရက် တွင် ပျံ့နှံ့လျက်ရှိ နေသည်။ ယင်းမှာ ဖြစ်စဉ်အဟောင်းသာဖြစ်သည်။

“Hta Yaw Thar” အမည်ဖြင့် ဖေ့စ်ဘုတ်အသုံးပြုသူက ဩဂုတ်လ ၁ ရက်နေ့တွင် “ဘုရားကို ခြံခတ်ပြီး မြန်မာ မဝင်ရဟုဆိုတဲ့ ပုံဂံက နိုင်ငံခြားသားပိုင်ဟိုတယ်” ခေါင်းစဉ်ဖြင့် ရွှေစည်းခုံဘုရားအနီးတွင် နိုင်ငံခြား သားပိုင် Bagan Step ဟိုတယ်သည် ရှေးဟောင်းဘုရားတဆူနှင့် ပုဂံခေတ်ကျောက်တိုင်သုံးခုအား ခြံဝင်းခတ်ကာ ဘုရား ဖူးခရီးသွား မြန်မာနိုင်ငံသားများအား ဝင်ခွင့်မပြု၊ ဓာတ်ပုံရိုက်ခွင့်မပြုကြောင်း ဖြန့်ဝေထားသည်။

၎င်းအား ဖြန့်ဝေမှု ၉၈၇ ခုရှိကာ ပိုစ့်ကို screenshot ရိုက်ကာ ပြန်လည်ဖြန့်ဝေထားမှုများလည်း ဖေ့စ်ဘုတ် တွင် ပျံ့နှံ့လျက်ရှိသည်။

ထိုအကြောင်းအရာကို မဇ္ဈိမမှ အချက်အလက်စစ်ဆေးခဲ့ရာ ၂၀၁၅ ခုနှစ်ကဖြစ်ပွားခဲ့သည့် ဖြစ်စဉ် အဟောင်းကို ပြန်လည်ဖြန့်ဝေထားခြင်းသာဖြစ်ကြောင်း တွေ့ရသည်။

April Maung Maung ဆိုသည့် ဖေ့စ်ဘုတ်အသုံးပြုသူတဦးက ထိုအကြောင်းအရာနှင့် ဓာတ်ပုံများကို ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့တွင်ဖော်ပြထားခဲ့ပြီး ဖြန့်ဝေမှု ၂၃,၀၀၀ ကျော်ရှိကာ အခြား ဖေ့စ်ဘုတ် သုံးစွဲသူ များမှလည်း ဖြန့်ဝေမှုများစွာရှိခဲ့သည်။ မူရင်းရေးသားသူမှာ ကိုဇင်မင်းဆွေဟု စာအဆုံးတွင်ဖော် ပြထားသော် လည်း ၎င်းကို မတွေ့ရတော့ပေ။

၂၀၁၅ ခုနှစ်ဆန်းပိုင်းက ရွှေစည်းခုံဘုရားအနောက်ဘက် မြစ်ကမ်းအနီး၌ ရှေးဟောင်းဘုန်းကြီးကျောင်း ကိုခြံဝင်း ခတ်ကာ ခရီးသွားများအားဝင်ခွင့်ကန့်သတ်သည့်ဖြစ်စဉ် ရှိခဲ့ဖူးသော်လည်း လက်ရှိတွင် ထိုလုပ်ငန်းမှာမရှိတော့ ကြောင်း  ဟိုတယ်လုပ်ငန်းရှင်များအသင်း (ပုဂံဇုန်) မှ ဦးဇော်ဝိတ် ကပြောသည်။

“အရင်ကတော့ ရှိခဲ့ဖူးတယ်၊ အခုတော့ အဲ့ဒါကမရှိတော့ပါဘူး။ အဲ့ဒါကလည်း ရှေးဟောင်းဘုန်းကြီး ကျောင်းမှာ ဝင်းခတ်ထားတာ။ ဘုရားမရှိပါဘူး အဆောက်အဦးကဘုန်းကြီးကျောင်းအပျက်တွေပါ” ဟု ဦးဇော်ဝိတ်က မဇ္ဈိမကိုပြောသည်။

သတင်းတုတွင် ဖော်ပြထားသည့် ဓာတ်ပုံများအနက် မြေပုံ၏နေရာအနီးတဝိုက်အား Google map တွင် ရှာဖွေခဲ့ရာ Bagan Step ဟု ဖော်ပြထားသည့်တည်နေရာတခုကို တွေ့ရသည်။ ထို Bagan Step တည်နေ ရာမှဖော်ပြထားသည့် ဖုန်းနံပါတ်အား မဇ္ဈိမ၏ အချက်အလက် စစ်ဆေးသူမှ ဆက်သွယ်ခဲ့ရာ ဖုန်းမှာ စက် ပိတ်ထားသည်။

ယင်းနေရာအနီးတဝိုက်တွင် ဇောတိပါလပရဟိတကျောင်းတိုက်ရှိပြီး မဇ္ဈိ၏အချက်အလက်စစ်ဆေးသူ က ဆက်သွယ်မေးမြန်းခဲ့ရာ လူမှုကွန်ရက်၌ပျံ့နှံ့နေသည့်အကြောင်းအရာမှာ မှားယွင်းနေပြီး လက်ရှိတွင် အဆိုပါ ခြံဝင်းကို ၎င်းကစောင့်ရှောက်ထားကြောင်း ဆရာတော် ဥူးဇောတိပါလက မိန့်ကြားသည်။

“ဟိုတယ်တော့ မရှိပါဘူး။ ၂၀၁၅ တုန်းကတင်ထားတဲ့ဟာကို အခု လတ်တလောမှာမှ ရတနာရတနာ ဆိုတဲ့ အကောင့်ကလားတော့ မသိပါဘူး ပြန်တင်နေတာ။ အလကားလျှောက်ဖွနေတာ မဟုတ်ပါဘူး။ အမှားကြီးပါ။ အဲဒါက ၂၀၁၅ တုန်းကတည်းက တင်ထားတဲ့ဟာကြီးလေ။ အဲဒါကလည်း ခြံပဲရှိတော့တယ်။ လောလောဆယ် ဘုန်းကြီးပဲ စောင့်ရှောက်နေတယ်” ဟု ဆရာတော်ဥူးဇောတိပါလက မဇ္ဈိမသို့ မိန့်ကြားသည်။

ဘုရားဖူးခရီးသည်များအား ပုဂံ၊ ညောင်ဦးမြို့အတွင်း ဝန်ဆောင်မှုပေးနေသည့် သုံးဘီးဆိုင်ကယ်မောင်းသူ တစ်ဦးအား ဆက်သွယ်မေးမြန်းသည့်အခါတွင်လည်း လက်ရှိတွင် သွားလာခွင့်မရသည့်နေရာ မရှိကြောင်း နှင့် ရွှေစည်းခုံစေတီ အနီးတဝိုက်တွင် Bagan Step ဆိုသည့် ဟိုတယ်မရှိကြောင်း မဇ္ဈိမကိုပြောသည်။

ထို့ကြောင့် လူမှုကွန်ရက်တွင်လတ်တလောပျံ့နှံ့နေသည့် နိုင်ငံခြားသားဟိုတယ်ပိုင်ရှင်များက ရှေးဟောင်း ဘုရားများအားခြံဝင်းခတ်ကာ မြန်မာနိုင်ငံသားခရီးသွားများအား ဓာတ်ပုံရိုက်ခွင့်မပေးဘဲ သွားလာခွင့် ပိတ်ပင်သည်မှာ ယခင် ၂၀၁၅ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်ဟောင်းအား ယခု ဖြစ်စဉ်ကဲ့သို့ ပြန်လည် ဖြန့်ဝေထားခြင်းသာ ဖြစ်သည်။

May 3, 2024
စာနယ်ဇင်းလွတ်လပ်ခွင့်သည် ပြည်သူများ၏ သတင်းအချက်အလက် သိပိုင်ခွင့်နှင့် စဉ်းစားဆင်ခြင်...
May 2, 2024
အမျိုးသားများ ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်ခွင့်ကို စစ်ကောင်စီမှ...
March 4, 2024
ရခိုင်ပြည်နယ်တွင် အပစ်အခတ်ရပ်စဲရန်ဆွေးနွေးခြင်းမရှိကြောင်း ရက္ခိုင့်တပ်တော်(AA)၏...
February 23, 2024
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် အားကစားရုံအတွင်း စစ်ကောင်စီတပ်ဖွဲ့ နှင့် ရဲတပ်ဖွဲ့တို့ အစည်းအဝေး...