ကျောင်းသားသပိတ် ဖြိုခွင်းမှု၊ ကချင်ဆရာမများ အဓမ္ဓကျင့်ခံရမှု အစီရင်ခံစာများ UPR သို့တင်ပြ

ကျောင်းသားသပိတ် ဖြိုခွင်းမှု၊ ကချင်ဆရာမများ အဓမ္ဓကျင့်ခံရမှု အစီရင်ခံစာများ UPR သို့တင်ပြ
by -
မဇ္ဈိမ

ပညာရေး ဥပဒေ ပြင်ဆင်ရေး တောင်းဆိုသည့် ကျောင်းသားသပိတ်ကို အကြမ်းဖက် ဖြိုခွင်းမှုနှင့် ကချင်ဆရာမနှစ်ဦးအပေါ် အဓမ္မကျင့်မှုများနှင့် ပတ်သက်ပြီး ရေးသားထားသည့် အစီရင်ခံစာကို UPR (Universal Period Review) အစီအစဉ်သို့ တင်ပြထားသည်ဟု အမျိုးသမီး အဖွဲ့ချုပ် (မြန်မာ) (WLB) ၏ အထွေထွေအတွင်းရေးမှူး ဒေါ်ဂျူလီယာက မဇ္ဈိမကို ပြောသည်။

UPR (Universal Period Review) သို့ လူ့အခွင့်အရေးဆိုင်ရာ အခြေအနေများကို လေးနှစ်တစ်ကြိမ် မတ်လအတွင်း အပြီးသတ်တင်ပြရခြင်း ဖြစ်သည်။

၎င်းက "စစ်ပွဲနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ ဆေးသုံးစွဲမှု၊ ငြိမ်းချမ်းရေး၊ ဒါတွေအပါအဝင် ခေါင်းစဉ်ငါးခု ရွေးပြီးရေးထားတယ်။ အဲဒီမှာ ကျောင်းသားသပိတ်ကို အကြမ်းဖက်ဖြိုခွဲတာလည်း ထည့်ရေးထားပါတယ် သူက နောက်ဆုံးဖြစ်တဲ့ အရာဆိုတော့ ခေါင်းစဉ်တစ်ခုအနေနဲ့ မဖော်ပြနိုင်ဘူးဖြစ်သွားတယ်" ဟု ဆိုသည်။

အမျိုးသမီးအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ရေးသားထားသည့် အစီရင်ခံစာကို မတ်လ ၂၃ရက်တွင် UPR (Universal Period Review) သို့ ပေးပို့ခဲ့ခြင်း ဖြစ်သည်။

မတ်လ ၅ရက် ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ပညာရေးပြုပြင်ပြောင်းလဲရေး သပိတ်စစ်ကြောင်းများကို ထောက် ခံသည့် ဆန္ဒပြမှုကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အပြင် အရပ်အခေါ် စွမ််းအားရှင်ဟုဆိုသည့် လက်ပတ်နီဝတ်တို့က အကြမ်းဖက် ဖြိုခွင်းခဲ့သည်။

ယင်းနောက် ၅ရက်အကြာတွင် လက်ပံတန်းမှ ပင်မသပိတ်စစ်ကြောင်းကိုလည်း ထပ်မံအကြမ်းဖက် ဖြိုခွဲခဲ့သေးသည်။

ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင်၊ ပန်ဆိုင်မြို့နယ် ကောင်းခါးကျေးရွာတွင် အသက် ၂၀ အရွယ် ကချင်ကျောင်း ဆရာမနှစ်ဦးကို ဇန်နဝါရီလ ၁၉ရက်ညတွင် အဓမ္မပြုကျင့်ခံရကာ သေဆုံးခဲ့ရသည်။ ယင်းအမှုသည်လည်း စစ်ပွဲများအတွင်း အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ဆက်လက်ဖြစ်နေသည်ကို မီးမောင်းထိုးပြသွားရန် ရည်ရွယ်ခြင်း ဖြစ်သည်ဟု WLB မှ သိရသည်။

အဆိုပါ အကြောင်းအရာများကို ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်၏ UPR (Universal Period Review) အစီအစဉ်သို့ လူ့အခွင့်အရေး ချိုးဖောက်မှုများစွာ ရှိနေသေးကြောင်း တင်ပြသွားရန် WLB ကပြင်ဆင်ခြင်း ဖြစ်သည်။

ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများသည့် မိမိနိုင်ငံတွင်းရှိ လူ့အခွင့်အရေးအခြေအနေများကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်၏ အစီအစဉ်ဖြစ်သည့် UPR (Universal Period Review) သို့ လေးနှစ်တစ်ကြိမ် ပေးပို့ကြရသည်။ ယင်းသို့ ပေးပို့ရာတွင် အစိုးရက ပေးပို့သည့် အစီရင်ခံစာအပြင် အရပ်ဘက်အဖွဲ့တို့က ပေးပို့သည့် အစီရင်ခံစာများကိုလည်း လက်ခံလေ့ရှိသည်။

မြန်မာနိုင်ငံသည် လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆိုးဝါးသည့် နိုင်ငံအတွင်း ဆက်လက်ပါရှိနေ သဖြင့် လေးနှစ်တစ်ကြိမ် တင်ပြရသည့် UPR (Universal Period Review) အပြင် လူ့အခွင့်အရေး အခြေအနေများကို ကျွမ်းကျင်သူ ပညာရှင်များက တစ်နှစ်တစ်ကြိမ် လာရောက် စစ်ဆေးသည့် ကုလသမဂ္ဂ၏ Special Procedures အဆင့်ကိုလည်း လက်ခံဆောင်ရွက်ရသည်။

Most read this week