အာရှ လမ်းမကြီး ဖောက်လုပ်ရာတွင် ဘားအံ့နှင့် ကော့ကရိတ်မြို့နယ်တွင်းရှိ ရွာ (၁၇)ရွာ လမ်းစီမံကိန်း ဧရိယာထဲ ပါဝင်နေ

အာရှ လမ်းမကြီး ဖောက်လုပ်ရာတွင် ဘားအံ့နှင့် ကော့ကရိတ်မြို့နယ်တွင်းရှိ ရွာ (၁၇)ရွာ လမ်းစီမံကိန်း ဧရိယာထဲ ပါဝင်နေ
by -
ရွှေဟင်္သာ

ကရင်ပြည်နယ်မှ ထိုင်းနယ်စပ် မြဝတီမြို့သို့အရောက် ဖောက်လုပ်နေသည့် အာရှလမ်းမကြီး ဖောက်လုပ်ရေး စီမံကိန်းတွင် မြို့နယ် (၂)မြို့နယ်မှ ရွာ (၁၇)အား ဖြတ်သန်းဖောက်လုပ်သွားရသဖြင့် ဒေသခံများ၏ လူနေအိမ်နှင့် လယ်၊ ယာ၊ ခြံမြေ များအား ထိခိုက်မှုရှိနေကြောင်း ကရင် လူ့အခွင့်အရေး အဖွဲ့၏ ပြောရေး ဆိုခွင့်ရှိသူ စောဝေလေးက ရွှေဟင်္သာ သတင်းဌာနအား မတ်လ (၂၃)ရက်နေ့၌ ပြောကြားခဲ့သည်။

“ရွာသားတွေက သူတို့ရဲ့ ပိုင်ဆိုင်နေတဲ့အိမ်၊ သူတို့ရဲ့ ဆိုင်တွေ၊ သူတို့ခြံတွေ၊ သူတို့ လယ်တွေ ပျက်စီးမှာကို သူတို့ စိုးရိမ်တယ်။ အခု သိရသလောက်ကတော့ ရွာ (၁၇)ရွာနဲ့ မြို့တစ်မြို့ပေါ့။ အဲဒီ လမ်းကြောင်း တစ်လျှောက်မှာ အထူးသဖြင့် သူတို့အိမ်၊ သူတို့ခြံ၊ နောက်ပြီးတော့ သူတို့ စျေးဆိုင်တွေ၊ လယ်ကွင်းတွေ သူတို့ ပိုင်ဆိုင်တဲ့ စည်းစိမ်ဥစ္စာတွေ ပျက်စီး သွားလို့ရှိရင် သူတို့ရဲ့ အသက် မွေးဝမ်းကျောင်းတွေ ထိခိုက်နိုင်တယ်” ဟု စောဝေလေးက ရွှေဟင်္သာ သတင်းဌာနအား ပြောသည်။

phophtaw240301

အစိုးရ၏ လမ်းဖောက်လုပ်ရေး အဖွဲ့များ၏ တိုင်းတာထားချက်နှင့် လမ်းဧရိယာတိုင် စိုက်ထူထားချက်များအရ ဘားအံမြို့နယ် အိန္ဒုနှင့် ကော့ကရိတ် မြို့နယ်တွင်း ရွာပေါင်း (၁၇)ရွာမှ ဒေသခံများ၏ အိမ်ခြံ၊ လယ်ယာမြေများမှာ လမ်းဖောက်လုပ်ရေး ဧရိယာအတွင်း ပါဝင်နေခြင်းကြောင့် ထိုမြေများကို ဆုံးရှူံးရမည်ကို ဒေသခံများက စိုးရိမ်လျက် ရှိနေကြောင်း စောဝေလေးက ဆက်ပြောသည်။

ထို အာရှလမ်းမကြီးအား အာရှဖွံ့ဖြိုးရေးဘဏ်၏ ချေးငွေဖြင့် တာဝန်ယူဖောက်လုပ်နေကာ မြဝတီ မှ ကော့ကရိတ်အထိအား ထိုင်းနိုင်ငံမှာ တာဝန်ယူဖောက်လုပ်နေပြီး၊ ကော့ကရိတ်မှ ဘားအံ အရောက်အား မြန်မာအစိုးရမှ တာဝန်ယူ ဖောက်လုပ်လျက် ရှိသည်။

ထိုင်းနိုင်ငံမှ တာဝန်ယူ ဖောက်လုပ်သည့် လမ်းအပိုင်း၌ ကျရောက်နေသည့် မြေများ လျော်ကြးပေးအပ်ရေးနှင့် ပတ်သက်၍ ပြီးခဲ့သည့် အစောပိုင်းလ၌ တာဝန်ရှိသူများက ကရင် ငြိမ်းချမ်းရေးအထာက်အကူပြု ကွန်ရက် (CSOs.KPSN) မှ တာဝန်ရှိသူများနှင့် လာရောက် တွေ့ဆုံကာ အကောင်းဆုံးဖြစ်အောင် စီစဉ်ပေးမည်ဟု ရှင်းလင်း ပြောကြားသွားခဲ့သည်။

သို့သော်လည်း အစိုးရမှ တာဝန်ယူထားသည့် လမ်းပိုင်း၌ ထိုကဲ့သို့ လာရောက် ဆွေးနွေး တင်ပြမှု မရှိဘဲ၊ လမ်းဧရိယာ သတ်မှတ်ကာ တိုင်များ စိုက်ထူနေသည်ဟု စောဝေလေးက ဆက်ပြောသည်။

“အစိုးရဘက်ခြမ်းမှာကျတော့ အခုလောလောဆယ်အထိ ဘယ်လိုလုပ်ဆောင်ပေးမလဲဆိုတာ ကောင်းကောင်း မွန်မွန် အဲလို ပြောထားတာ မရှိသေးဘူး။ သူတို့ အဖွဲ့တစ်ဖွဲ့က လာတယ်။ တိုင်းတယ်။ တိုင်တွေ လာစိုက်တယ်။ ရွာသားတွေမေးတော့ သူတို့ပြောတယ်။ အထက်ကအမိန့်ကြောင့် သူတို့ လုပ်နေရတယ်တဲ့။ အထက်ကအမိန့်ဆိုတာ အထက်က အမိန့်ခိုင်းတဲ့အတိုင်း သူတို့ လုပ်တယ်။ ရွာသူ ရွာသားတွေအတွက် ခြိမ်းခြောက်မှု တစုံတရာ ရှိတယ်လေ” စောဝေလေးက ရွှေဟင်္သာ သတင်းဌာနအား ပြောသည်။

အာရှလမ်းမကြီး လမ်းဧရိယာအတွင်း ပါဝင်နေသည့် အိမ်ယာ ဆိုင်တွေ ပြောင်းရွှေ့ရမည့် အနေအထား ရှိနေသော်လည်း ယနေ့အထိ အစိုးရ အာဏာပိုင် အဖွဲ့အစည်းများမှ လာရောက် အသိပေးအကြောင်းကြားခြင်း မရှိသေးကြောင်း ကျံုဒိုးမြို့မှ ကျောင်းဆရာ တစ်ဦးက ရွှေဟင်္သာ သတင်းဌာနအား ပြောသည်။

“ဆောက်မယ့်လမ်း အဲဒီနေရာ သူတို့ သတ်မှတ်ထားတာတွေတော့ ချထားပြီးပြီ။ လမ်းဘေးက ဆိုင်တွေ၊ အိမ်တွေ ကျတော့ ပြောင်းရမှာ သေချာတယ်။ ဒါပေမယ့် အစိုးရဘက်က လာပြီးတော့ အသိပေးတာတို့၊ အကြောင်းကြားတာတို့ ဘာမှ မရှိသေးဘူး။ အစိုးရက လာဆောက်မယ်လို့ သူတို့ သိတယ်။ သူတို့မြေတွေ၊ သူတို့လယ်တွေ၊ သူတို့အိမ်တွေကတော့ ပြန်ပေးမယ်။ ပြန်ပေးတဲ့ဟာက ဘာမှ မကြားသိရသေးဘူးပေါ့” ဟု ၎င်းကျောင်းဆရာက ဆိုသည်။

၎င်းအာရှ လမ်းမကြီး ဖောက်လုပ်ရေး စီမံကိန်းနှင့် အလားတူ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး မြို့နယ်တွင်းရှိ လောင်းကိုင်နှင့် ထီဟူးသန်အထိ ဖောက်လုပ်နေသည့် လမ်းတလျှောက်၌လည်း ဒေသခံများ၏ ခြံမြေ၊ လယ်ယာမြေ များကို လျော်ကြေးမပေးဘဲ ဖျက်ဆီးဖောက်လုပ်ခဲ့ကြောင်း ကရင် လူ့အခွင့်အရေး အဖွဲ့ KHRG အဖွဲ့မှ မတ်လ (၂၂) ရက်စွဲဖြင့် အစီရင်ခံစာ တစ်စောင် ထုတ်ပြန်ရာတွင် ပါရှိသည်။

ကရင် လူ့အခွင့်အရေး အဖွဲ့များ၏ စစ်တမ်း ကောက်ယူချက်များအရ ၂၀၁၂ခုနှစ်အတွင်း ဒေသဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်း များအား ဖော်ဆောင်ခဲ့ရာတွင် နေရာပေါင်း (၃၄)နေရာ၌ မြေယာသိမ်းဆည်း မှုများ ဖြစ်ပွားခဲ့ကြောင်း စောဝေလေးက ပြောသည်။

ထို့ပြင် လယ်ယာမြေ သိမ်းဆည်းမှု ပြဿနာများအား ဖြေရှင်းပေးရေးနဲ့ပက်သက်ပြီး ပြီးခဲ့သည့် မတ်လ (၂၁) ရက်နေ့၌ ၈၈ ကရင်မျိုးဆက်ကျောင်းသား အစည်းအရုံး အပါအဝင် ကရင်ပြည်နယ်နှင့် ဧရာဝတီတိုင်းမှ လယ်သမား အကျိုးဆောင် ကွန်ယက်မှ ဦးဆောင်၍ လယ်သမား၊ သံဃာတော်များနှင့် ဒေသခံများ ပူးပေါင်း၍ ဘားအံမြို့၌ ချီတက် ဆန္ဒပြခဲ့ရာတွင်လည်း သံဃာတော်နှစ်ပါးနှင့် လူ (၁၁)ဦးကို အာဏာပိုင်များက ဖမ်းဆီးထားပြီး ပုဒ်မ (၁၈)ဖြင့် တရားစွဲဆို ထားပါသည်။

မြန်မာနိုင်ငံတွင်းရှိ လူမှု၊ စီးပွား ကဏ္ဍများနှင့် အခြား ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကဏ္ဍများ၌ အသုံးပြုရန်အတွက် ပြီးခဲ့သည့် ၂၀၁၃နှစ်ဆန်းပိုင်း၌ အာရှ ဖွံ့ဖြိုးရေးဘဏ် ADBနှင့် ကမ္ဘာ့ဘဏ်တို့မှ ချေးငွေများ ခွင့်ပြုခဲ့ရာ၌ လည်း မြန်မာနိုင်ငံသည် အာရှ ဖွံ့ဖြိုးရေးဘဏ်ထံမှ ချေးငွေ အမေရိကန်ဒေါ်လာ သန်း (၅၀၀)ကျော် ချေးယူခဲ့ သည်။

Most read this week