ရုပ်သံဥပဒေအမြန်ဆုံးအတည်ပြုရေး တိုင်းရင်းမီဒီယာများတိုက်တွန်း

ရုပ်သံဥပဒေအမြန်ဆုံးအတည်ပြုရေး တိုင်းရင်းမီဒီယာများတိုက်တွန်း
by -
မွန်အေဂျင်စီ

လက်ရှိအစိုးရလက်ထက်တွင် တိုင်းရင်းသားဒေသများအတွက် လူမှု ရေဒီယို (Community Radio)၊ လူမှု ရုပ်မြင်သံကြား (Community TV) နှင့်ပတ်သက်သည့် ရုုပ်သံ ဥပဒေ (Broadcasting Law) ကို အမြန်ဆုံး အတည်ပြု ပြဌာန်ပေးရန် တိုင်းရင်းမီဒီယာအဖွဲ့များက ၃ ရက်တာပြုလုပ်ခဲ့သော တိုင်းရင်းမီဒီယာ ညီလာခံအပြီးတွင် တိုက်တွန်းတောင်းဆို လိုက်သည်။

ချင်းပြည်နယ် ဟားခါးမြို့တွင် ယခုမတ်လ ၁၈ရက်နေ့မှ ၂၀ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် တတိယအကြိမ် တိုင်းရင်းမီဒီယာ ညီလာခံ၏ အချက် ၁၄ချက်ပါသော ထုတ်ပြန်ချက်တွင် ထိုသို့ ရုပ်သံဥပဒေနှင့်ပတ်သက် သည့် တောင်းဆိုမှုကို ထည့်သွင်းဖော်ပြထားခြင်းဖြစ်သည်။

EMC-300x225

နိုင်ငံတကာ မြန်မာ့သတင်း (BNI) အဖွဲ့မှ Board Director တစ်ဦးဖြစ်သည့် နိုင်ကစော့မွန်က “တကယ်လို့ Community Radio ကို အရင်လုပ်မယ်ဆိုရင် ပိုအဆင်ပြေလိမ့်မယ်၊ FM radio ကလည်း ပြည်သူတွေရဲ့ အသံကို ဖော်ထုတ်တဲ့ နေရာဖြစ်တဲ့အတွက် တိုင်းရင်းသားတွေအနေနဲ့ ကိုယ့်ပြည်နယ်အစိုးရမှာ ခွင့်ပြုချက်တင်မယ်ဆိုရင် ရနိုင်မယ်လို့ ကျနော်ထင်တယ်” ဟု တတိယအကြိမ်မြောက် တိုင်းရင်းမီဒီယာညီလာခံတွင် ရှင်းလင်းပြောဆိုခဲ့သည်။

တိုင်းရင်းသားမီဒီယာအဖွဲ့များ၏ ဆန္ဒကို သုံးသပ်ကြည့်ခြင်းအားဖြင့် Community Radio နဲ့ Community TV သည် ဒေသခံများအတွက် အထူးလိုအပ်ကြောင်း၊ ထိုကြောင့် အစိုးရ၏ ရုပ်သံဥပဒေအတည်ပြုမည်ကို စောင့်ဆိုင်းနေသည့် အချိန်ကာလအတောအတွင်း မိမိတို့တိုင်းရင်းမီဒီယာ အဖွဲ့များမှ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားသင့်ကြောင်း နိုင်ကစော့မွန်က ဆက်ပြောသည်။

ထို့အတူ Community Radio ဥပဒေနှင့် ပတ်သက်၍ လွှတ်တော်သို့ တင်သွင်းထားပြီးဖြစ်ကြောင်း ပြည်ထောင်စုပြန်ကြားရေး ဒုဝန်ကြီး ဦးပိုက်ထွေးက တတိယအကြိမ်မြောက် တိုင်းရင်းမီဒီယာ ညီလာခံမိန့်ခွန်းတွင် ပြောကြားခဲ့သည်။

“Radio အစီအစဉ်နဲ့ပတ်သက်ပြီး နည်းပညာပိုင်းမှာ ကျနော်တို့ ခက်ခဲတယ်၊ ဒါပေမဲ့ အခုကျနော်တို့ TV အစီအစဉ် လုပ်နေတယ်၊ အဓိက ကတော့ ၂၀၁၅ ရွေးကောက်ပွဲမှာ ကျနော်တို့ ပြည်နယ်မှာရှိတဲ့ နိုင်ငံရေးပါတီတွေရဲ့ လှုပ်ရှားမှုတွေ၊ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပြည်သူတွေသိသင့်တဲ့ အချက်အလက်တွေ ကို ချင်းပြည်နယ်ကိုယ်ပိုင် Channel နဲ့ပူပေါင်း ထုတ်လုပ်သွားမှာဖြစ်ပါတယ်” ဟု Chin Wold သတင်းဌာနမှ ရုပ်သံထုတ်လုပ်ရေးမှူး (TV Producer) တာဝန်ခံ ဆလိုင်း ကျော်မိုးထွန်းက ပြောသည်။

ထို့အတူ လွန်ခဲ့သည့် ဖေဖော်ဝါရီလတွင် BNI အဖွဲ့မှ ကြီးမှူးပြီး တိုင်းရင်းသားမီဒီယာများအတွက် ရုပ်သံနှင့် ပတ်သက်သည့် သင်တန်းများကို ဖွင့်လှစ်ပေးခဲ့ပြီး ယခုအချိန်တွင် စမ်းသပ်အစီအစဉ်များကို လည်း ပြုလုပ်လျှက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ရုပ်သံမီဒီယာနှင့် ပတ်သက်သည့် ဥပဒေ ထုတ်ပြန်ထားခြင်းမရှိသော်လည်း ပင်မ မီဒီယာကဲ့သို့သော MRTV၊ National Race Channel – NRC နှင့် အခြားမီဒီယာအဖွဲ့တို့မှ ရုပ်သံထုတ်လုပ်လျှက်ရှိသည်။

Community Radio-CR နှင့် ပတ်သက်ပြီး အတွေ့အကြုံရှိသည့် Radio Australia မှ ဒေါ်ခင်မာဝင်းက “ကျမတို့ သြစတေးလျမှာ Community Radio ဥပဒေအသေအချာရှိတယ်၊ ဒါပေမယ့် မြန်မာနိုင်ငံအခြေအနေနဲ့ ပြောမယ်ဆိုရင် Community Radio အတွက် နည်းဥပဒေ အတည်ပြု ပြဌာန်းထားတာ မရှိသေးဘူး၊ နောက်ပြီး CR လုပ်တော့မယ်ဆိုရင် မတည်ငွေ ရှိမှ ရေရှည်လုပ်နိုင် မယ်” ဟု ပြောသည်။

တိုင်းရင်းမီဒီယာ ညီလာခံကို BNI မှ ဦးစီပြီး ကျင်းပလာခဲ့ရာ သုံးကြိမ်ရှိပြီဖြစ်ပြီး ပထမအကြိမ်ကို ၂၀၁၃ ခုနှစ်တွင် မွန်ပြည်နယ် မော်လမြိုင်မြို့တွင်လည်းကောင်း၊ ဒုတိအကြိမ်ကို ရှမ်းပြည်နယ် တောင်ကြီးမြို့ တွင်လည်းကောင်း၊ ယခု ၂၀၁၅ ခုနှစ်တွင် တတိယအကြိမ်ကို ချင်းပြည်နယ် ဟားခါးမြို့တွင်လည်းကောင်းပြု လုပ်ခဲ့သည်။ လာမည့် ၂၀၁၆ ခုနှစ်တွင်မူ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် ပြုလုပ်သွားမည်ဖြစ်သည်။

ညီလာခံတွင် ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးဟုန်းငိုင်း၊ ပြည်ထောင်စုပြန်ကြားရေး ဒုဝန်ကြီး ဦးပိုက်ထွေး၊ ချင်းအမျိုးသားတပ်ဦး အတွင်းရေးမှူး ဒေါက်တာ ရွှေခါး၊ မန္တလေးမှ နာမည်ကြီး စာရေးဆရာများ၊ ဝါရင့်သတင်းထောက်များ၊ BNI အဖွဲ့ဝင် အဖွဲ့အစည်းများ (၁၃)ဖွဲ့၊ ချင်းပြည်နယ်မှ အရပ်ဖက်အဖွဲ့အစည်း များ၊ နိုင်ငံတကာမှ မီဒီယာအဖွဲ့များနှင့် လေ့လာသူများအပါအဝင် စုစုပေါင်း သုံးရာခန့် တက်ရောက်ခဲ့သည်။

Most read this week