သတ်မှတ်ဦးရေထက် ပိုတင်သည့် ရေယာဉ်များအား ဥပဒေအရ ထိရောက်စွာအရေးယူရန် တိုက်တွန်း

သတ်မှတ်ဦးရေထက် ပိုတင်သည့် ရေယာဉ်များအား ဥပဒေအရ ထိရောက်စွာအရေးယူရန် တိုက်တွန်း
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်ရှိ ကမ်းရိုးတန်းသွားသင်္ဘောများနှင့် အမြန်မှန်လုံရေယာဉ်များမှာသတ်မှတ်လူဦးရေနှင့်် ကုန်ပစ္စည်းများ တန်ချိန်များထက်ပိုပြီး တင်ဆောင်နေသည်ကို တွေ့ရှိရသဖြင့် ယင်းကဲ့သို့  မပြုရန်နှင့် စည်းကမ်းလိုက်နာ ဆောင်ရွက်ခြင်းမရှိသည့် ရေယာဉ်များအား ရခိုင်ပြည်နယ် အစိုးရ အနေဖြင့် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ပေးရန် မတ်လ ၁၆ရက်နေ့က မာန်အောင်မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးသာညွန့်ကတိုက်တွန်းလိုက်သည်။

ရခိုင်ပြည်နယ်ကမ်းရိုးတန်းသွား အမြန်မှန်လုံရေယာဉ်များသည် ခရီးသည်သတ်မှတ်ဦးရေ ထက်ပိုမို တင်ဆောင်ခြင်းမပြုရန် ပြီးခဲ့သည့်ရခိုင်ပြည်နယ်လွှတ်တော် ဒသမအကြိမ် ပုံမှန်အစည်းအဝေး(၁၄-၈-၂၀၁၄)တွင်ပြည်နယ်လွှတ်တော်ဥက္ကဌက အဆိုတင်သွင်းခဲ့သည်ကို လွှတ်တော်ကိုယ်စား လှယ်များ ထောက်ခံခြင်းဖြင့် အတည်ပြုမှတ်တမ်းတင်ပြီးဖြစ်သော်လည်း သက်ဆိုင်ရာပြည်နယ်အစိုးရအဖွဲ့မှ ယင်းအဆိုကို လိုက်နာဆောင်ရွက်ခြင်းမရှိသေးကြောင်း အဆိုပြုလွှာဖြင့် ၄င်းက ထပ်ဆင့် တင်ပြခဲ့သည်။

Sea-rout-in-Rakhaine-state

ယင်းအပြင် ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပြေးဆွဲသော အမြန်မှန်လုံရေယာဉ်များသည် တောင်ကုတ်-စစ်တွေ၊ စစ်တွေ-တောင်ကုတ်၊ စစ်တွေ-မာန်အောင်၊ မာန်အောင်-စစ်တွေ ခရီးစဉ်ကို နေ့စဉ်ပြေးဆွဲနိုင်အောင် စီစဉ်ပေးရန်လည်း ဖေါ်ပြပါ လွှတ်တော်ကိုယ်စားလှယ်က တောင်းဆိုထားသည်။

(၈၈)ရခိုင်မျိုးဆက်များ လူမှုဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့ အတွင်းရေးမှူး ဦးတိုက်အောင်ကလည်း ရခိုင်ပြည်နယ်၊ ကမ်းရိုးတန်းတွင် ပုဂ္ဂလိကပိုင် ရွှေပြည်တန် (၃)စီး၊ မလိခ (၃)စီးနှင့် ပြည်တွင်း ရေကြောင်းပို့ဆောင်ရေးပိုင် အောင်တံခွန် (၆)စီးအနက် (၃)စီးတို့မှာ ၄င်းလိုင်းပေါ်တွင် ပုံမှန်ပြေးဆွဲနေသည်ကိုတွေ့ရှိရပြီး အဆိုပါ ရေယာဉ်များအနက် မတ်လ ၁၃ရက်နေ့ အောင်တံခွန်(၃) သင်္ဘောမှာနစ်မြုပ်ခဲ့သဖြင့် ခရီးသယ်ပြည်သူအသက်များစွာ ဆုံးရှုံးခဲ့ရကြောင်း၊ ယင်းကဲ့သို့ ခရီးသည်နှင့်ကုန်ပစ္စည်းများကို သတ်မှတ်ထားသည်ထက် ပိုမိုတင်ဆောင်နေသဖြင့် လှိုင်း၊ လေပြင်းထန်သော ရခိုင်ကမ်းရိုးတန်းတွင် ဖေါ်ပြပါ အဖြစ်ဆိုးများနည်းတူ ထပ်မံမကျရောက်စေလိုကြောင်း ထောက်ပြပြော ဆိုသည်။

“စစ်တွေ-တောင်ဂုတ်ခရီးစဉ် ကျွန်တော်စီးလာတဲ့နေ့မှာ ရွှေပြန်တန်အမြန်မှန်လုံယာဉ်လက်မှတ် ၂၀၅ စောင် ရောင်းပြီး တွေ့တယ်၊ လက်မှတ်မဲ့ ကလေးက ၂၀ကျော်ပါသေးတယ်၊ သင်္ဘောသားက ၉ယောက်ပါတယ်၊ ပစ္စည်းတွေလည်း အများကြီးပါတယ်၊ ဘယ်လောက်စိုးရိမ်စရာကောင်းသလဲ ဆိုတော့ အဲဒီနေ့ကပင်လယ်ဟာ ငြိမ်သက်နေလို ့ ကံကောင်းတယ်၊ လှိုင်းသာရှိမယ်ဆိုရင် နစ်မြုပ်မှာသေချာတယ်”ဟု ၄င်းကဆိုသည်။

ရွှေပြည်တန် ရေကြောင်းပို့ဆောင်ရေး အမြန်ယာဉ် မန်နေဂျာ ဦးစံဖေါ်သိန်းကမူ “ကျွန်တော်တို့ ယာဉ်ရဲ့ တစ်စီးနှင့်တစ်စီးက မတူဘူး၊ ခရီးအရှည်အတိုအပေါ်မှာ မူတည်တယ်၊ ပုံမှန်အားဖြင့်တော့ သတ်မှတ်ဦးရေ ၁၀၀ ကျော်လောက် တင်ဆောင်ပါတယ်၊ ကမ်းရိုးတန်းကျတော့ မှန်လုံရေယာဉ်တွေပဲသွားတယ်၊ ပြည်တွင်းဖက်ကို မှန်အလုံ မဟုတ်တာတွေဆွဲတယ်” ဟုဆိုသည်။

ရွှေပြည်တန် ရေကြောင်းပို့ဆောင်ရေးလုပ်ငန်းမှာ ပြည်သူများအဆင်ပြေစေအောင် လုပ်ဆောင်သည့် အလုပ်သာဖြစ်ကြောင်း၊ ၄င်းတို့ဖက်မှ ကျွမ်းကျင်သည့်အပိုင်းနှင့်သာ ၀န်ဆောင်မှုကို လုပ်ဆောင်နေခြင်းဖြစ် သဖြင့် ခရီးသည်များဖက်မှလည်း နားလည်မှုရှိကြောင်း၊ လှိုင်းလေသဘာဝ အခြေအနေများကို ကြည့်ပြီး အဆင်ပြေသလို သယ်ယူ ပို့ဆောင်ရခြင်းသာဖြစ်ပြီး အကန့်အသတ်မရှိ ပိုမိုသယ်ဆောင်တာမျိုးမရှိကြောင်း ၄င်းမန်နေဂျာက ရှင်းလင်း ပြောကြားသည်။

ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံ အနောက်ဖက်ဆုံး ဘင်္ဂလားပင်လယ်နှင့် ထိစပ်တည်ရှိနေသဖြင့် လှိုင်း၊ လေ ပြင်းထန်ပြီး မိုင် ၃၆၀ ရှည်လျှားသော ပင်လယ်ကမ်းရိုးတန်းခရီးတွင်  နှစ်သက်တမ်း ကြာမြင့်၍ ကြံ့ခိုင်မှုအားနည်းသည့် သင်္ဘောဟောင်းများကို အန္တရာယ်ကြီးစွာ ပွတ်သိပ်တိုး စီးနင်းလိုက်ပါနေကြရ သည့်အတွက်ကြောင့် ပြီးခဲ့သည့် မတ်လ ၁၃ ရက်နေ့ အောင်တံခွန်(၃) သင်္ဘောနစ်မြုပ်ကာ ခရီးသည်ပြည်သူ (၇၀)ခန့် သေဆုံးခဲ့ရပြီး၊ ၁၇၉ဦးကို ကယ်ဆယ်လိုက်ရသည်။

သို့ဖြစ်၍ ရခိုင်ကမ်းရိုးတန်းသွားသင်္ဘောနှင့် အမြန်မှန်လုံရေယာဉ်များသည် သတ်မှတ်နှုန်းထားထက် ပိုမိုသယ်ယူ ပို့ဆောင်မှု မပြုလုပ်ရန်တားမြစ်ခြင်းနှင့် လိုက်နာခြင်းမရှိသော ရေယာဉ်သင်္ဘောများကို ဥပဒေအရ ထိရောက်စွာ အရေးယူပေးရန် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးသာညွန့်က ပြည်နယ်အစိုးရသို့ တိုက်တွန်းအဆိုကို လက်ရှိကျင်းပနေသော ၁၂ ကြိမ်မြောက် ရခိုင်ပြည်နယ် လွှတ်တော်၌ တိုက်တွန်း အဆိုတင်သွင်းခဲ့ခြင်းဖြစ်သည်။

ယင်းအဆိုအား ရခိုင်ပြည်နယ် လွှတ်တော်က အတည်ပြုလိုက်ပြီ ဖြစ်ကြောင်း သိရှိရသည်။

Most read this week