အသစ်ဖွင့်လှစ်မည့် စစ်တွေဆတ်ရိုးကျတံတားကြောင့် အနီးရှိ မြေကွက်များ စျေးမြောက်

အသစ်ဖွင့်လှစ်မည့် စစ်တွေဆတ်ရိုးကျတံတားကြောင့် အနီးရှိ မြေကွက်များ စျေးမြောက်
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် အသစ်ဖွင့်လှစ်မည့် ဆတ်ရိုးကျတံတားအနီးရှိ မြေကွက်များမှာ ယခုနောက်ပိုင်း စျေးမြောက်တက်နေကြောင်း ဒေသခံများက ပြောသည်။

“အရင်နှစ်က သိန်း ၄ဝတန်မြေကွက်တစ်ကွက်ကို အခုနှစ်မှာ သိန်း ၂ဝဝလောက်ပေါက်နေတယ်။ တချို့လည်း လူမနေပေမယ့် မြေကွက်တွေဝယ်ထားကြတာတွေ့တယ်”ဟု ယင်းရပ်ကွက်တွင်နေထိုင်သူ ဦးလှဖော်က ပြောသည်။

field

ဆတ်ရိုးကျရပ်ကွက်နှင့် စက်မှုရပ်ကွက်ကို ဆက်သွယ်ဖောက်လုပ်နေသည့် ဆတ်ရိုးကျချောင်းကူးတံ တားကြောင့် ယင်းအနီးရှိမြေကွက်များမှာ ယခုကဲ့သို့ စျေးမြောက်တက်နေရခြင်းဖြစ်သည်ဟု ရပ်ကွက်နေပြည်သူများက သုံးသပ်ပြောဆိုသည်။

“ဒီတံတားပြီးသွားရင် စက်မှုရပ်ကွက်နဲ့ မြို့ထဲက ဆက်သွယ်သွားလာရ ပိုပြီးတော့ အဆင်ပြေသွားမယ်လေ။ ဟိုဘက်ဒီဘက်လည်း အရင်ကထက်စာရင် ပိုပြီးဖွံ့ဖြိုးလာမယ်။ ဒါကြောင့် စီးပွားရေးအမြင်တွေကြောင့် ဒီတံတားနားမှာ မြေကွက်တွေဝယ်နေကြတာဖြစ်နိုင်တယ်”ဟု ဦးလှဖော်က မှတ်ချက်ပြုသည်။

ကျပ်သန်းပေါင်း ၁၂ဝဝကျော် အကုန်အကျခံတည်ဆောက်နေသည့် အဆိုပါဆတ်ရိုးကျချောင်းကူးတံတားကို ၂ဝ၁၃ ခုနှစ်မှ စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ယခုလ ၂၇ရက်နေ့တွင် ဖွင့်လှစ်အသုံးပြုနိုင်ရန် ပြည်နယ် အစိုးရက စီစဉ်နေပြီဖြစ်သည်။

တံတားကို ဖွင့်လှစ်ပြီးပါက ယင်းတံတားကို ကျော်ဖြတ်ပြီး ကားများဖြင့် စစ်တွေ တဘက်ကမ်း ဆတ်ရိုးကျနှင့် မင်းဂံ ဆိပ်ကမ်းထိ လွယ်ကူစွာ သွားလာနိုင်တော့မည် ဖြစ်သဖြင့် ယင်းအနီးပတ်ဝန်းကျင် တစ်ဝှိုက် စီးပွားရေးအရ တိုးတက်လာနိုင်သည်ဟု တစ်ခြား ဒေသခံ တစ်ဦးကလည်း ပြောဆိုသည်။

Most read this week