တောင်သူများ၏ ဥပဒေနှင့် လူ့အခွင့်အရေးများဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ တောင်ကြီးတွင် ကျင်းပ

တောင်သူများ၏ ဥပဒေနှင့် လူ့အခွင့်အရေးများဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ တောင်ကြီးတွင် ကျင်းပ
by -
သျှမ်းသံတော်ဆင့်

အာဏာပိုင်နှင့် ပြည်သူအကြား ဥပဒေနှင့် လူ့အခွင့်အရေးများဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို Mercy Corps နှင့် ချယ်ရီ ပုံရိပ် အဖွဲ့တို့မှပူးပေါင်း၍ တောင်ကြီးမြို့ရှိ ဟုတ်ကြန့် ဘုံကျောင်းတွင် မတ်လ(၂၁)ရက်နေ့က ကျင်းပခဲ့ကြောင်း သတင်း ရရှိသည်။

ကျေးရွာလူထုအား မြန်မာနိုင်ငံ၏အုပ်ချုပ်မှုစနစ်၊ ဥပဒေနှင့် လူ့အခွင့်အရေးများအကြောင်း သိရှိနားလည်နိုင်ရန်အတွက် ဆွေးနွေးပွဲကျင်းပရခြင်း ဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေးကော်မတီ မှ ဒေါ်ချိုမြဦးက ပြောသည်။

SHAN Farmer

"ဒီလယ်မြေတွေ သိမ်းခံရတဲ့ကိစ္စနဲ့ပတ်သတ်လို့  ဘာကြောင့် သိမ်းခံရတယ်၊  လယ်မြေပြန်ရဖို့အတွက်ကို ချယ်ရီ ပုံရိပ်အဖွဲ့ အနေနဲ့ ဘာတွေလုပ်ပေးနိုင်မယ် ဆိုတာရှင်းပြပြီး သူတို့ဆီက အကြံဉာဏ်တွေကို ရယူပါတယ်" ဟု ၄င်းက ဆက်လက်ရှင်းပြသည်။

ယင်းဆွေးနွေးပွဲသို့ သျှမ်းပြည်တောင်ပိုင်းရှိ လဲလျောင်း၊ ကောင်းတန်၊ ညိုမီး၊ ဘော်ဆိုင်း၊ အောင်ပန်း စသည့် ကျေးရွာများမှ လယ်ယာမြေများ သိမ်းဆည်းခံရသော တောင်သူလယ်သမား (၃၀၀) ၀န်းကျင်ခန့် တက်ရောက်ခဲ့ကြောင်းသိရသည်။

"ကျနော်တို့ဘော်ဆိုင်းဒေသမှာ အရင်က ချယ်ရီပုံရိပ်အဖွဲ့ကလာရောက်ပြီး ဆွေးနွေးပွဲတွေပြုလုပ်ပေးခဲ့ တဲ့အတွက် ကျနော်တို့ ခုလည်းဒီပွဲကိုတက်ရောက်နိုင်ခဲ့တာပါ။ ဒီပွဲကို တက်ရောက်ရတဲ့အတွက် ဥပဒေအကြောင်းတွေကို အနည်းငယ် သိရှိနားလည်လာတယ် " ဟု ဘော်ဆိုင်းဒေသခံ ကိုဝင်းနိုင် ကပြောသည်။

သျှမ်းပြည်နယ်အတွင်း မြေယာကိစ္စနှင့်ပတ်သက်၍ တောင်သူလယ်သမားများက ပြည်နယ် အစိုးရကို အကြိမ်ကြိမ် ဆန္ဒပြ  ခဲ့ဖူးသည်။  တောင်ကြီးခရိုင်၊ တာချီလိတ်ခရိုင်နှင့် ကျောက်မဲခရိုင်တို့တွင် မြေယာကိစ္စနှင့် ပတ်သက်၍ သျှမ်းပြည်နယ် အစိုးရအနေနှင့် အမှုတွဲပေါင်း တစ်ထောင်ကျော်ဖြေရှင်းနေရပြီး ဒေသခံ တိုင်းရင်းသားများ၏ နေ့စဉ်မြေယာ ပြဿနာမှာလည်း အမှုတွဲပေါင်းတစ်ထောင်ကျော်ရှိနေကြောင်း သျှမ်းပြည်နယ် ၀န်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ ၂၀၁၄ ဒီဇင်ဘာ၂၄ရက်နေ့က ပြောကြားခဲ့ဖူးသည်။

Most read this week