ထိုင်း-ကရင်နီ နယ်စပ်က စစ်ကောင်စီ တပ်စခန်းတွေကို ကရင်နီပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက် သိမ်းပိုက်နိုင်ခဲ့ ပြီးနောက် စစ်ကောင်စီတပ်သား ၇ ဦးက လက်နက်နဲ့အတူ ထိုင်းနိုင်ငံဖက်ကို ထွက်ပြေးခိုလှုံခဲ့တယ်လို့ ကရင်နီ တပ်မတော် (KA) စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။
“၁၄ ရက်နေ့က နောက်ထပ်သိမ်းတဲ့ BP-14 ပေါ့နော်။ စခန်းသိမ်းတော့ စစ်ကောင်စီတပ်သား ၇ ယောက် လက် နက်နဲ့အတူ ထွက်ပြေးတယ် သိရတယ်လေ။ ထွက်ပြေးတော့ ထိုင်းနိုင်ငံက တဟာဖန်း လား စစ်ဝတ်စုံအမည်း တပ် တစ်ဖွဲ့ရှိတယ်။ အဲ့မှာ သွားခိုနေတယ်လို့ ပြောတယ်။ ၇ ယောက်ပေါ့နော်။ လက်နက်နဲ့အတူပေါ့ ပြေးတာ မှန်တယ်။ ဘယ်လိုဆက်လုပ်မလဲဆိုတာ ကျနော်တို့လည်းမသိဘူး” လို့ ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက်နေ့ကစပြီး ထိုင်း - ကရင်နီ နယ်စပ်က စစ်ကောင်စီတပ် စခန်း (၃) ခုဖြစ်တဲ့ တောင်လှ စခန်း၊ မယ်တနွယ်စခန်း၊ နယ်စပ် အမှတ် ၁၄ (BP-14) စခန်းနှင့် မယ်စဲ့မြို့နယ် ရဲစခန်းကို ကရင်နီတပ်မတော် (KA)၊ KNDF အပါအဝင် ပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်း ရရှိခဲ့တယ်လို့ ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောပါတယ်။
စစ်ကောင်စီတပ် စခန်းတွေကို သိမ်းပိုက်နိုင်ခဲ့သလို စစ်ကောင်စီဖက်က သေဆုံးမှုရှိခဲ့ပေမယ့် အတည်မပြုနိုင်ဘူး လို့ ဆိုပါတယ်။ အသက်ရှင်ကျန်ရစ်တဲ့ တပ်သားတချို့ကတော့ လက်နက်နဲ့အတူ ထိုင်းနိုင်ငံဖက်ကို ထွက်ပြေး ခိုလှုံခဲ့တာ ဖြစ်ပါတယ်။
တိုက်ပွဲအတွင်း လက်နက်ကြီးပစ်ခတ်မှု၊ လေယာဉ်ဗုံးကြဲမှုတွေကြောင့် မယ်စဲ့မြို့နေ ပြည်သူတွေ အပါအဝင် အဲ့ဒီ ဒေသမှာ စစ်ရှောင်နေတဲ့ ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲ မြို့နယ်က ပြည်သူ စုစုပေါင်း ၃၀၀၀ ကျော်ဟာ ထိုင်းနိုင်ငံ ဖက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။
ထွက်ပြေး တိမ်းရှောင်ကြတဲ့အထဲမှာ စစ်ရှောင်ပြည်သူတွေနဲ့အတူ စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာ ဝန် ထမ်းတွေ၊ ရဲဝန်ထမ်း မိသားစုတွေလည်း ပါဝင်ကြတယ်လို့ ဆိုပါတယ်။
အဆိုပါ စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေ စာရင်းကိုတော့ အတိအကျ မသိနိုင် သေးပေမဲ့ စစ်ရှောင်စခန်းနဲ့ စစ်ရှောင်ပြည်သူတွေရဲ့ လုံခြုံရေးအရ အဆိုပါ ဝန်ထမ်းတွေကို နေရပ်ပြန်ခိုင်းမယ်လို့ ဗိုလ်မှူးကြီးဘုန်းနိုင်က ဆက်ပြောပါတယ်။
“ကျနော်တို့ သဘောထားက အဲ့ဒီအစိုးရဝန်ထမ်းတွေက ကျနော်တို့ ဒုက္ခသည်တွေနဲ့ အတူ ပေးမနေချင်တာ ပေးမထားချင်ဘူးဆိုတာက အကြောင်းရှိတယ်။ သူတို့က ဟိုဖက်က လူတွေဖြစ်တော့ ဒုက္ခသည်စခန်းတွေရဲ့ အခြေအနေ၊ ဆက်သွယ်ရေးအခြေအနေ၊ ကူညီမှုအခြေအနေတွေက စစ်ကောင်စီဆီရောက်မယ်လေ သတင်း တွေက။ အဲ့ဒါ သူတို့အကုန်လုံးကိုတော့ ပြန်ခိုင်းစေချင်တယ်ပေါ့။ အနောက်ဘက်ကမ်းကို ကျနော်တို့ လက်မခံ ချင်ဘူး သဘောက အဲ့လိုရှိပါတယ်” လို့ ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောပါတယ်။
ဇွန်လ ၁၅ ရက်နေ့ ညပိုင်းမှာလည်း ထိုင်း - ကရင်နီ နယ်စပ်တစ်နေရာကို စစ်ကောင်စီလေယာဉ်နဲ့ ဗုံးကြဲ တိုက် ခိုက်ခဲ့သလို မယ်စဲ့မြို့နယ်အတွင်းနဲ့ ထိုင်း - ကရင်နီနယ်စပ်တွေမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနိုင်တယ်လို့ ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောပါတယ်။
အာဏာသိမ်း ၂ နှစ်ကျော်ကာလ အတွင်း ကရင်နီပြည်နယ်နဲ့ နယ်စပ်ဒေသတွေမှာ ကရင်နီပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ နေ့စဉ်နဲ့အမျှ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ထွက်ပြေး တာ၊ လက်နက်ချ အဖမ်းခံတာတွေ ရှိတယ်လို့ ကရင်နီတပ်မတော်(KA) နဲ့ KNDF ပြောဆိုထားတာရှိပါတယ်။