ကချင်ပြည်နယ် ဗန်းမော်ခရိုင် ရွှေကူမြို့နယ်အတွင်းရှိ ကချင်လွတ်လပ်ရေးတပ်မ တော် KIA နှင့် PDF စိုးမိုး ထား သည့် နေရာများတွင် စစ်ကောင်စီ စာသင်ကျောင်းများ ဖွင့်လှစ်ရန် ခွင့်ပြုမည်မဟုတ်ကြောင်း ကာကွယ်ရေး တပ်ဖွဲ့ဝင်များက ပြော သည်။
ရွှေကူမြို့နယ် KIA တပ်ရင်း ၁၂ နယ်မြေအတွင်း ရွှေကူအရှေ့တောင်ဘက်ခြမ်းနှင့် တပ်ရင်း ၅နယ်မြေ ဖြစ်သည့် အနောက်ဘက်ခြမ်း ကျေးရွာပေါင်း ၂၀ ကျော်တွင် စစ်ကောင်စီ ဖွင့်လှစ်မည့်ကျောင်းများ ခွင့်ပြုမည် မဟုတ် ကြောင်း ရွှေကူ PDF မှ တာဝန်ရှိသူတစ်ဦးက KNG သတင်းကိုပြောသည်။
“ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့စစ်ကောင်စီ ကျောင်းတွေကို လက်မခံကြောင်း အစကတည်းကနေ ပြော ပြီးပြီလေး။ ကျွန်တော်တို့နေရာ စိုးမိုးထားတဲ့ နေရာတွေမှာလည်း ဒီဘက်ကနေ (NUG ကျောင်း) ဖွင့်ပေးထား တာ တွေရှိတယ်။ ကျွန်တော်တို့ စိုးမိုးထားတဲ့ နေမြေတွေမှာတော့ စစ်ကောင်စီ ကျောင်းဖွင့်ထားတာ မရှိပါဘူး။ နေရာ မစိုးမိုးရသေးတဲ့ နေရာတွေ တချို့နေရာတွေမှာတော့ရှိတယ်။ အဓိကတော့ မြို့ပေါ်တွေမှာပဲရှိတယ်။ ရွာ ထဲက Non-CDM တွေတောင် မြို့ပေါ်မှာပဲသွားနေကြတယ်” ဟု ပြောသည်။
ရွှေကူ အရှေ့တောင်ဘက်ခြမ်းရှိ KIA ရင်း ၁၂ နယ်မြေတွင် KIA၊ PDF စိုးမိုးထားသည့် ကျေးရွာများမှာ စီသာ၊ စီသောင်၊ နန့်လန်၊ နောင်လတ်ကြီး၊ စီမူလေး၊ စီမူကြီး၊ မံဝင်း၊ ဝင်ဝ၊ ငှက်တံတား၊ မံနား၊ မံခါး စသည့် ကျေးရွာ ပေါင်း ၂၀ ကျော်အထိရှိပြီး ရွှေကူ အနောက်မြောက်ဘက်ခြမ်းမှာ KIA ရင်း ၅ နယ်မြေဖြစ်သည်။
လက်ရှိ KIA နှင့် PDF စိုးမိုးထားသည့် ရွှေကူမြို့နယ်အရှေ့တောင်ခြမ်းရှိ ကျေးရွာများတွင် ယခုနှစ် ပညာသင်နှစ် အတွက် အမျိုးသားညီညွှတ်ရေးအစိုးရမှ ကျောင်းပေါင်း ၁၀ ကျောင်း ကျော်အထိ ဖွင့်လှစ်ထားပြီဖြစ်ပြီး ယင်းစာသင်ကျောင်းများတွင် မတက်ရောက်ဘဲ မြို့ပေါ် စစ်ကောင်စီကျောင်းများတွင် တက်ရောက်နေသည့် ကျောင်းသားများကိုလည်း အသိအမှတ်ပြုမည် မဟုတ်ကြောင်း ပြောဆိုထားသည်။
ရွှေကူ PDF တာဝန်ရှိသူက “စစ်ကောင်စီကျောင်းမှာ တက်ပြီးအောင်လာတဲ့သူတွေကိုလည်း အသိအမှတ်မပြု ပေးဘူး။ ပြီးရင်မြိုပေါ်မှာပဲ သွားနေ ရွာကိုပြန်မလာခဲ့နဲ့ ကျွန်တော်တို့စိုးမိုးထားတဲ့နေရာမှာလာမနေနဲ့ပေါ့ အဲ့လို ပဲ” ဟု ဆက်ပြောသည်။
ရွှေကူမြို့နယ် အရှေ့တောင်ခြမ်းဘက်ရှိသော စီသာ၊ စီသောင် ၊မံဝင်း စသည့်ကျေးရွာများတွင် NUG ကျောင်းများ ဖွင့်လှစ်ထားနိုင်ပြီး အခြားနေရာများတွင်လည်း ဆက်လက်ဖွင့်လှစ်ရန် အကောင်အထည် ဖော်ဆောင်ရွက် နေ ကြသည်။
NUG လက်အောက်တွင် ဖွင့်လှစ်ထားသည့် စာသင်ကျောင်းတွင် တက်ရောက်သင်ကြားနေသည့် ကျောင်းသား မိဘတစ်ဦးက “စစ်ကောင်စီကျောင်းက ကျွန်တော်တို့သွားမထားဘူး အာဏာရှင်စနစ်ကလာတဲ့ ကျောင်းက တော့ ကျွန်တော်တို့ ကျောင်းသားမိဘတွေ အနေနဲ့လည်း မထားချင်ဘူး။ ဒီဘက်မှာကတော့ NUG ကျောင်းပဲ။ ပြောချင် တာက အခုဖြစ်နေတာ ပြည်သူနဲ့ စစ်တပ်နဲ့ ဖြစ်တာ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ဖြစ်တာ မဟုတ်ဘူး။ အဲ့ကြောင့် ကျွန်တော်တို့က စစ်အာဏာရှင်နဲ့ပတ်သက်လာရင်တော့ ခွင့်မပြုနိုင်ဘူး။ ရွာတွေကို လည်း မီးရှို့ သူတို့ ကိုယ်တိုင် ခံစားရအောင် လုပ်နေတာ သူတို့ဖွင့်တဲ့ကျောင်းကိုလည်း ကျွန်တော်တို့ ကျောင်း သားမိဘတွေလည်း မထားတော့ဘူး” ဟု ပြောသည်။
KIA နှင့် PDF စိုးမိုးမှုအားကောင်းသည့် ရွှေကူအရှေ့တောင်ခြမ်းရှိ စီသာ၊ စီသောင်၊ မံဝင်း၊ နန့်လန်ကျေးရွာ များ တွင် စစ်ကောင်စီတပ်က ယခုနှစ် မတ်လ ၂၀ ကျော်တွင် စစ်ကြောင်းထိုးခဲ့ပြီး ရွာပေါင်း ၁၂ တိတိကို မီးရှိ့ခဲ့ရာ ယင်း ကျေးရွာများတွင် ယခုအချိန်မှ ပြန်လည်ထူထောင်ရေး စလုပ်နေသည်။
ရွှေကူမြို့နယ်တွင် ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အမျိုးသားညီညွတ်ရေး အစိုးရ NUG ကျောင်း ပေါင်း ၃၀ ကျော်ဖွင့်လှစ်ခဲ့ရာ တက်ရောက်ပြီးစီး အောင်မြင်သည့် ကျောင်းသားကျောင်းသူ ၇၀၀၀ ကျော် ရှိခဲ့သည်။
အလားတူ စစ်ကောင်စီတပ် လက်အောက်ခံ စာသင်ကျောင်းဖွင့်ခွင့် တားမြစ်သည့် ထုတ်ပြန်ချက် တစ်စောင်ကို လည်း ရွှေကူကာကွယ်ရေးတပ်ဖွဲ့မှ ဇွန်လ ၁၂ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
ဓါတ်ပုံ - ရွှေကူမြို့နယ် အရှေ့ဘက်ခြမ်းရှိသော ကျေးရွာတစ်ခု