ရခိုင်ဒေသ ပြန်လည်ထူထောင်ရေး ငွေကျပ် ၅၀၀ ဘီလီယံကျော်လိုအပ်၊ ပြည်ထောင်စုက ၇ ဘီလီယံသာ ထောက်ပံ့

ရခိုင်ဒေသ ပြန်လည်ထူထောင်ရေး ငွေကျပ် ၅၀၀ ဘီလီယံကျော်လိုအပ်၊ ပြည်ထောင်စုက ၇ ဘီလီယံသာ ထောက်ပံ့
မုန်တိုင်းတိုက်ခတ်စဉ် လုံခြုံရာသို့ထွက်ပြေးနေကြသည့် ရသေ့တောင်မြို့နယ် စပါးထားကျေးရွာသားများ အား ဇွန်လ ၁၄ ရက်နေ့က တွေ့ရစဉ်။
မုန်တိုင်းတိုက်ခတ်စဉ် လုံခြုံရာသို့ထွက်ပြေးနေကြသည့် ရသေ့တောင်မြို့နယ် စပါးထားကျေးရွာသားများ အား ဇွန်လ ၁၄ ရက်နေ့က တွေ့ရစဉ်။

မုန်တိုင်းဒဏ်သင့် ရခိုင်ဒေသ ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ် ၅၂၂ ဘီလီယံလိုအပ်လျက်ရှိပြီး ပြည်ထောင်စု က ငွေကျပ် ၇ ဘီလီယံသာ ချပေးထားကြောင်း ပြည်နယ်စစ်ကောင်စီထံမှ သိရသည်။

“မိုခါ” ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်မှုကြောင့် ရခိုင်ပြည် မြောက်ပိုင်းမြို့နယ်များတွင် နေအိမ်၊ အဆောက်အအုံ၊ အများနှင့်သက်ဆိုင်သည့်နေရာများ ပျက်စီးမှုများစွာရှိခဲ့သဖြင့် ပြန်လည်ထူထောင်ရေးအတွက် အကူအညီများစွာ လိုအပ်နေသည်။

ရခိုင်ပြည်နယ်စစ်ကောင်စီ ပြောခွင့်ရသူ ဦးလှသိန်းက “ပွင့်ပွင့်လင်းလင်းပြောရရင် အခုလောလောဆယ် ရခိုင်ပြည်နယ်မှာ အပျက်အစီးစာရင်းက ကျပ်ဘီလီယံ ၅၂၂ ရှိတယ်။ နိုင်ငံတော်ကလည်း ၇ ဘီလီယံပဲ ပေးနိုင်တယ်” ဟု  DMG ကို ပြောသည်။

ထို့ကြောင့် ရခိုင်ဒေသ ပြန်လည်ထူထောင်ရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများ၏ အကူအညီရရှိမှသာ မုန်တိုင်းသင့်ပြည်သူများ အထိုက်အလျှောက် အဆင်ပြေမည်ဖြစ်ကြောင်း သူကဆက်ပြောသည်။

“နိုင်ငံတကာ တခြားအဖွဲ့အစည်းတွေကလည်း လာဖို့အစီအစဉ်တွေရှိတယ်။ အဲဒီနိုင်ငံတကာအကူအညီတွေ ချောချောမွေ့မွေ့ ဆင်းလာရင်တော့ လူတိုင်း အထိုက်အလျှောက် အထောက်အပံ့တွေ ရကြမှာပေါ့။ အခု အစိုးရက ပေးနိုင်တာက ၇ ဘီလီယံဖိုးဆိုတော့ သူတို့လည်း ငါတို့ပေးနိုင်တာထက်မက ပေးနိုင်မှာပေါ့” ဟု ဦးလှသိန်းက ပြောသည်။

နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာပစ္စည်းများ ရခိုင်ပြည်အတွင်းသို့ ရောက်ရှိနိုင်ရေးအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့များနှင့် စစ်ကောင်စီကြား ဆွေးနွေးညှိနှိုင်းမှုများရှိနေကြောင်း သိရသည်။

ရခိုင်ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက “နိုင်ငံတကာ အကူအညီတွေနဲ့ပတ်သက်ပြီး ညှိနှိုင်းလို့မရတာတွေ ရှိ တယ်ဆိုရင် ဘယ်လိုညှိနှိုင်းလို့မရသလဲဆိုတာ ချပြဖို့သင့်တာပေါ့။ ကိုယ့်ပြည်သူတွေကို နိုင်ငံရပ်ခြားက လာပြီး တော့ ထောက်ပံ့တာ။ အဲ့ဒါကို သူတို့က ချုပ်ချယ်ချင်တယ်၊ တားဆီးချင်တယ်၊ ကန့်သတ်ချင်တယ်။ အဲဒါမျိုး ကြောင့် အထစ်အငေါ့ဖြစ်တာရှိနိုင်တယ်” ဟု ပြောသည်။

၂၀၂၃-၂၄ ဘဏ္ဍာနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ်ကို ကျပ်ဘီလီယံ ၅,၆၀၀ ကျော်အထိသုံးစွဲဖို့ စစ်ကောင်စီ က သတ်မှတ်ထားပြီး လက်ရှိ ရခိုင်ပြည်အတွက်လိုအပ်သည့်အသုံးစရိတ်မှာ စစ်ရေးအသုံးစရိတ်၏ ၁၀ ရာခိုင် နှုန်း မျှသာရှိသည်။

လက်တလောတွင် ပြည်သူများ သဘာဝကပ်ဘေးဆိုက်နေချိန် ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ် ၇ ဘီလီ ယံ သာ စစ်ကောင်စီက ထုတ်ပေးခြင်းမှာ လုံးဝမဖြစ်သင့်ကြောင်း ဦးဖေသန်းက ဝေဖန်သည်။

“ပြည်ထောင်စုမှာ သဘာဝဘေးကြုံလာရင် ပြန်လည်ထူထောင်ရေးအတွက် အရံရန်ပုံငွေရှိပါတယ်။ အဲငွေထဲက ငွေကျပ် (၇) ဘီလီယံ ချပေးတယ်လို့ သိရတာပေါ့။ ဒီလောက် ကပ်ဘေးဆိုက်နေတဲ့အချိန်မှာ ဒါက လုံးဝ မလုံ လောက်ဘူး။ မိဘအနေနဲ့ သားသမီးကို ဒီလောက်ပဲပေးနိုင်တယ်ဆိုတော့ သားသမီးက ဘာမှမတတ်နိုင်ဘူးပေါ့” ဟု သူကပြောသည်။

ရခိုင်ပြည်အတွင်းက မုန်တိုင်းသင့်ပြည်သူများကို အကူအညီပေးရေး အဖွဲ့များအား ခရီသွားလာမှုများ ရပ်ဆိုင်း ထားရန် ရခိုင်ပြည်နယ် စစ်ကောင်စီ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ပြီးခဲ့သည့် ဇွန်လ ၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့်အတွက် လူသားချင်းစာနာမှု အကူအညီပေးနေသည့် အဖွဲ့တချို့မှာ စစ်ဆေးရေးဂိတ်များကနေ ပြန်လှည့်ခဲ့ရသည်အထိ ရှိခဲ့သည်။

ယင်းနောက်တွင် NGO/INGO နှင့် အရပ်ဘက်အဖွဲ့အစည်းများကို စစ်ကောင်စီက ခရီးသွားလာခွင့် ပြန်လည် ဖြေလျော့ပေးခဲ့သည်။

လက်ရှိတွင် WFP, ICRC, IRC စသည့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် အခြားအဖွဲ့အစည်းများ၏ ကူညီ ကယ် ဆယ်ရေး လုပ်ငန်းများမှာ ပြန်လည်စတင်နေပြီ ဖြစ်သော်လည်း  အသစ်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များ အတွက် ပြည်နယ်စစ်ကောင်စီသို့ ခွင့်ပြုချက် အသစ်တင်ရမည်ဖြစ်သည်ဟု ဆိုသည်။

INGO အဖွဲ့တစ်ခုမှ အမည်မဖော်လိုသည့် တာဝန်ရှိသူတစ်ဦးက “ကျနော်တို့ အရင်ခွင့်ပြုချက်ရထားပြီးသား လုပ်ငန်းတွေကတော့ ဆက်လုပ်လို့ရတာပေါ့။ နောက်ထပ် အသစ်သွားမယ့် လုပ်ငန်းစဉ် (ခရီးစဉ်) တွေ အတွက်တော့ ခွင့်ပြုချက်အသစ် တင်ရပါမယ်။ အစကနေ ကျနော်တို့မှာ ပုံမှန်လစဉ်သွားနေတဲ့ဟာတွေရှိတယ်။ အဲဒါတွေကတော့ ပုံမှန်အတိုင်းသွားနေမှာပေါ့။ မုန်တိုင်းသင့်ပြည်သူတွေပဲဖြစ်ဖြစ်၊ ပုံမှန်လုပ်နေကျ အစီအစဉ် တွေပဲဖြစ်ဖြစ် ဘယ်အရာမဆို ထပ်ပြီး အသစ်လုပ်မယ်ဆိုရင် ခွင့်ပြုချက်ပြန်တင်ရပါမယ်” ဟု ပြောသည်။

စစ်တွေ၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မြောက်ဦး၊ ဘူးသီးတောင်၊ မောင်တော စသည့် မြို့နယ်များ တွင် မုန်တိုင်းကြောင့်ပျက်စီးသွားသော လူနေအိမ်၊ စာသင်ကျောင်းဆောင်များကို မပြုပြင်နိုင်ကြသေးသည်များ ရှိနေသည်။ ကျေးလက်နေပြည်သူများ ဘဝပြန်လည်ထူထောင်ရေးအတွက် စစ်ကောင်စီဘက်က အကူအညီ အထောက်ပံ့များ အထိုက်အလျောက်ရရှိဖို့ မျှော်လင့်နေကြသည်။

ရက္ခိုင့်တပ်တော် (ULA/AA) ကလည်း ရခိုင်ဒေသတွင် မုန်တိုင်းဒဏ်သင့်သူဉီးရေ ၇၀ ရာခိုင်နှုန်းမှာ အရေးပေါ် ကူညီ ကယ်ဆယ်ရေး ပစ္စည်းများ လိုနေသေးကြောင်း  ပြောဆိုထားသည်။

ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA Myanmar) ၏ မေလ ၃၁ ရက်နေ့ ထုတ်ပြန်ချက်တွင်  နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့များမှာ သဘာဝဘေး ဒုက္ခခံစားနေ ရသည့် နေရာများသို့ ထောက်ပံ့ရေးပစ္စည်းများ ဖြန့်ဝေမှုဆောင်ရွက်နိုင်ဖို့အတွက် ပိုမိုကျယ်ပြန့်သည့် ဝင်ရောက်ကူညီခွင့် အရေးတကြီးလိုအပ်နေကြောင်း ဆိုသည်။

ရခိုင်ဒေသဈေးကွက်အတွင်း ရောင်းချနေကြသည့် တားမြစ်အလှန်ကုန်ပစ္စည်းအချို့။
November 8, 2024
အစားအသောက်နှင့် ဆေးဝါးကွပ်ကွဲရေးဦးစီးဌာန (FDA) က သုံးစွဲရန်မသင့်ကြောင်း တားမြစ်ထားသည့်...
November 8, 2024
ရခိုင်ပြည်အတွင်းရှိ စစ်ဘေးရှောင်စခန်းများတွင် သက်ကြီးပိုင်းအရွယ်များ လေဖြတ်ရောဂါဖြစ်ပွားမှု...
စစ်တွေမြို့ရှိ ရွှေနှလုံးတော် ခရစ်ယာန်ဘုရားကျောင်း။  ဓာတ်ပုံ - Sacred Heart Church – Sittwe
November 7, 2024
ရခိုင်ပြည်၊ စစ်တွေမြို့တွင် ခရစ်ယာန်ဘာသာဝင်များ ဘုရားကျောင်းသို့ သွားရောက်ကာ...
November 7, 2024
မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်အကြား ကုန်သွယ်မှုများ ပိုမိုလုပ်ဆောင်နိုင်ရန်...