တိုက်ပွဲတွင် အရပ်သား မိခင် သေဆုံး၊ လသားကလေးငယ် ဒဏ်ရာရ

တိုက်ပွဲတွင် အရပ်သား မိခင် သေဆုံး၊ လသားကလေးငယ် ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်ထဲ စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်မတော် MNDAA တပ်တို့အကြား ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း လသားအရွယ် ကလေးငယ် တစ်ဦး ဒဏ်ရာရသွားသည့်အပြင် မိခင် ဖြစ်သူ သေဆုံးသွားခဲ့သည်။

ဟိုနားပန်ဟုန်အုပ်စု၊ မန်ဘန်ကျေးရွာတွင် နှစ်ဖက် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး လက်နက်ကြီးမှာ နေအိမ်ပေါ် ကျရောက်ပေါက်ကွဲခြင်းကြောင့် ၈ လ အရွယ် ကလေးငယ်နှင့် ကလေးမိခင် လက်နက်ကြီးကျည်စ ထိမှန်ခဲ့သည်။

မန်ဘန်ကျေးရွာခံ တစ်ဦးက “အဲနေ့က ကျနော်တို့ရွာထဲ စစ်ကောင်စီက မနက်ပိုင်း ၉ နာရီကတည်းက ရောက်ရှိ လာတယ်။ သူတို့က အိမ်တိုင်း လာနားတယ် ထမင်းတွေလာချက်စားကြတယ်။ကိုကန့်စခန်းက ရွာနဲ့အကွာ ၂ နာ ရီလောက် လမ်းလျှောက်သွားရတယ်။ နေ့လည်ပိုင်း ရောက်တော့ ကိုးကန့်တပ် ၄ ယောက်က ရွာထဲဟင်းလာ ဝယ်ဖို့ ရောက်လာတယ်။ ရောက်လာတော့ ရွာထဲလုံခြုံရေးယူထားတဲ့ စစ်တပ်က တွေ့လိုက်တော့ တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားခဲ့တယ်” ဟု ပြောသည်။

တိုက်ပွဲအတွင်း လက်နက်ကြီးကျည်တစ်လုံး ကျေးရွာထဲရှိ ဒေါ်မာယွန်ဆိုသူ၏ နေအိမ်ပေါ် ကျရောက်ခဲ့ခြင်း ဖြစ် သည်။ အဆိုပါ လက်နက်ကြီးကျည်မှာ MNDAA တပ်ဖွဲ့က ပစ်ခတ်လိုက်သည့် ကျည်ဖြစ်သည်ဟု ပြောဆိုမှု များ ရှိနေသော်လည်း သီးခြားအတည်ပြုချက် မရရှိခဲ့ပေ။

လက်နက်ကြီး ကျရောက် ပေါက်ကွဲခဲ့ပြီးနောက် ဒေါ်မာယွန် အသက် ၃၈ နှစ်မှာ တစ်ကိုယ်လုံး လက်နက်ကြီးအစ များ ထိမှန်ကာ ပွဲခြင်းပြီး သေဆုံးသွားခဲ့သည့်အပြင် သူမ၏ ၈ လသားအရွယ် ကလေးငယ်လည်း ထိမှန်ဒဏ်ရာ များကြောင့် လားရှိုးပြည်သူ့ဆေးရုံကြီးတွင် အရေးပေါ်တင်ထားရသည်ဟု ဒေသခံများက ပြောသည်။

"တိုက်ပွဲက ကျေးရွာအတွင်းထဲ စတင်ဖြစ်ပွားတော့ ရွာခံတွေလည်း အိမ်ပြင်မထွက်ရဲ့ကြဘူး။ တချို့က ကတုတ် ကျင်း တူးထားတဲ့ထဲ နေတယ်။ တချို့က နေအိမ်ထဲမှာ ပုန်းနေကြတယ်။ ဒေါ်မာယွန်က အိမ်ထဲမှာပုန်းပြီးနေ တော့ လက်နက်ကြီးအစတွေ တစ်ကိုယ်လုံးထိထားတယ်။ သူ့ကလေးကို ပွေ့ဖက်ထားတယ်” ဟု ရွာသား တစ်ဦး က ပြောသည်။

စစ်ကောင်စီတပ်နှင့် MNDAA ကိုးကန့် တပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားချိန်မှာ နေ့လည် ၁ နာရီမှ ညနေ ၄ နာရီ အချိန်ထိ ဖြစ်ပွားခဲ့သည်။

လက်ရှိတွင် မန်ဘန်ကျေးရွာထဲတွင် မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည်အချို့ ရှိနေသေးသလို ထိုနေ့က တိုက်ပွဲအတွင်း နေအိမ် ၃ လုံးလည်း လက်နက်ကြီးစထိမှန်ခဲ့ပြီး နေအိမ် ၈ လုံးမှာမူ လက်နက်ငယ်ကျည်များ ထိမှန်ခဲ့သည်ဟု ဒေသခံများက ဆိုသည်။

မန်ဘန်ကျေးရွာ ဒေသခံများသည် တစ်ရွာလုံးနီးပါ ထွက်ပြေးတိမ်ရှောင်နေကြပြီး အချို့က နီးစပ်ရာ ဆွေမျိုးများ အိမ်တွင် ထွက်ပြေးတိမ်းရှောင်နေကြရပြီး အခြား‌ရွာခံ အယောက် ၅၀ ခန့်မှာမူ လားရှိုးမြို့၊ ရပ်ကွက် ၂၊ စံကောင်း လမ်းက ခရစ်ယာန်ဘုရားကျောင်းတွင် ခိုလှုံနေကြသည်ဟု ကူညီပို့ဆောင်ပေးခဲ့သူများက ပြောသည်။

ထို့အပြင် ဇွန်လ ၅ ရက်နေ့၊ နံနက်ပိုင်း ၄ နာရီ အချိန်ခန့်ကလည်း လားရှိုးမြို့၊ ရပ်ကွက်-၅ နှင့် ရပ်ကွက်-၁၂ ရှိ စစ်တပ်စခန်း (၂) ခုကို ညီနောင်မဟာမိတ် ၃ ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့သေးသည်။

အလားတူ မေလ ၂၂ ရက်နေ့၊ နံနက်ပိုင်း ၁ နာရီ အချိန်ခန့်တွင်လည်း လားရှိုးမြို့၊ အေတီတံတားဘက် ရှမ်းကုန်းမှာ တိုင်းရင်းသား လက်နက်တပ်ဖွဲ့တစ်ဖွဲ့က ရှော့တိုက်ဒုံး ၈ လုံးပစ်ခတ်ခဲ့ပြီး ၆ လုံးပေါက်ကွဲရာ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့သည်။

January 11, 2025
မွန်ပြည်နယ်အတွင်း စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်၌ လေကြောင်းအသုံးပြုတိုက်ခိုက်မှု အကြိမ်ရေ ၄၂ ကြိမ်...
January 9, 2025
ဧရာဝတီတိုင်း၏ မြို့တော် ပုသိမ်မြို့တွင် တစ်နေ့ကို လျှပ်စစ်မီး ၃ နာရီသာ ရရှိတော့သည်ဟု...
January 8, 2025
ကချင်ပြည်၊ မြစ်ကြီးနားတွင် လူငယ်၊ လူလတ်ပိုင်း အမျိုးသားများ သတင်းအစအနမရဘဲ ဆက်တိုက်...
January 7, 2025
ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် စစ်ကောင်စီက ကုန်တင်ကားပိုင်ရှင်များကို အစည်းအဝေး‌ခေါ်ကာ...