စစ်ရှောင် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးစောင့် ရှောက်မှုလိုအပ်နေ

စစ်ရှောင် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးစောင့် ရှောက်မှုလိုအပ်နေ

ရွှေကူမြို့နယ် အရှေ့တောင်ဘက်ခြမ်းရှိ စစ်ရှောင် ကိုယ်ဝန်ဆောင် မိခင်များအတွက် ကျန်းမာရေးစောင့်ရှောက်မှု အကူအညီ လိုအပ်နေကြသည်။

စစ်ကောင်စီတပ်နှင့် KPDF တို့အကြား တိုက်ပွဲကြောင့် စစ်ဘေးရှောင်နေရသည့် ရွှေကူမြို့နယ် မံဝင်း၊ နောင်လတ် ကြီး၊ နန့်လန်၊ စီသာ၊ စီသောင်နှင့်အနီးဝန်းကျင်ရှိ ကျေးရွာပေါင်း ၁၂ ရွာမှ စစ်ရှောင်များတွင် ကိုယ်ဝန်ဆောင်မိခင် ဦးရေ ၅၀ ခန့်ရှိသည့်အနက် အချို့မှာ တောတောင်များထဲတွင် ခက်ခက်ခဲခဲ မီးဖွားနေရသည့်အတွက် ကျန်းမာ ရေး စောင့်ရှောက်မှု အကူအညီများ လိုအပ်နေကြခြင်း ဖြစ်သည်။

မံဝင်းကျေးရာ မီးဖွားဆရာမတစ်ဦးက “ကျွန်မအနေနဲ့ အရင်လတွေထဲမှာ မွေးပေးခဲ့တဲ့လူရှိတယ် ၄ ယောက် လောက်ရှိတယ်။ သူတို့ကိုတော့ ဒီတိုင်းပဲ တောထဲမှာ ခက်ခက်ခဲခဲနဲ့မွေးပေးရတာပါ့။ နေရာထိုင်ခင်းကလည်း မကောင်းတောထဲမှာဆိုတော့ တချို့နည်းနည်း တတ်နိုင်တဲ့သူက မြို့ထဲမှာသွားမွေးကြတယ်။ ဘာအထောက် အကူမှမရှိဘဲ တောထဲမှာမွေးရတော့ ခက်ခက်ခဲခဲမွေးရတဲ့ လူအတွက်ဆိုရင်တော့ အသက်အန္တာရာယ်တောင် စိုးရိမ်ရပါတယ်” ဟု KNG ကို ပြောသည်။

စစ်ရှောင်ရင်းတော၌ ခက်ခက်ခဲခဲ မီးဖွားထားရသည့် ကိုယ်ဝန်ဆောင်မိခင်များ အတွက် ဆေးဝါးများ အထူး လို အပ်နေသည့်အပြင် မီးမဖွားသေးသည့်ကိုယ်ဝန်ဆောင် မိခင်များအတွက်လည်း ကာကွယ်ဆေးထိုးဖို့ရန် လိုအပ် နေကြသည်ဟု ပြောသည်။

အထက်တွင် ဖော်ပြခဲ့သည့် ကျေးရွာ ၁၂ ရွာမှ ကိုယ်ဝန်ဆောင်များသည် စစ်ဘေးမရှောင်ခင် စီတာတိုက်နယ် ဆေးရုံတွင် ကာကွယ်ရေးသွားရောက် ထိုးခဲ့ကြသော်လည်း လက်ရှိ ယင်းတိုက်နယ်ဆေးရုံတွင် သူနာပြုဆရာမ များ မရှိသောကြောင့် ကိုယ်ဝန်ဆောင် မိခင်များကာကွယ်ဆေး ထိုးရမည့် အခွင့်အရေးလည်း ဆုံးရှုံးနေသည်ဟု ကိုယ်ဝန်ဆောင် မိခင်များက ပြောသည်။

“ကျွန်မတို့ ရွာပျက်ပြီးကတည်းက သုံးလပိုင်းကတည်းကနေ ဆေးမထိုးရတော့ဘူး ကိုယ်ဝန်ဆောင်မိခင်တွေ ကာ ကွယ်ဆေး။ ကိုယ်ဝန်ဆောင်ပြီးသုံးလ ပြည့်မှ ကာကွယ်ဆေးထိုးရတာ ၂ လဆက်တိုက်ပေါ့ ကျွန်မက အရံ သား ဖွားဆိုတော့ မထိုးပေးဘူး။ ဆရာမတွေပဲထိုးပေးတာ အခု ဆရာမတွေက မရှိတော့ဘူးလေ” ဟု အထက်ပါ မီးဖွား ဆရာမက ဆက်ပြောသည်။

ယခုကဲ့သို့ ဆေးရုံ၊ ဆေးခန်းမရှိသည့်အတွက် ငွေကြေးတတ်နိုင်သော ကိုယ်ဝန်ဆောင် မိခင်အချို့သည်လည်း ၁၀ မိုင်ကျော်ဝေးသည့် ရွှေကူမြို့ပေါ် ဆေးရုံ၊ ဆေးခန်းများသို့ သွားလာရန် ခက်ခဲနေသည်ဟု စစ်ရှောင်များက ပြောသည်။

ထို့အပြင် ကိုယ်ဝန်ဆောင်မိခင် ကာကွယ်ဆေးသည် ကိုယ်ဝန်ရပြီး လေးလအကြာတွင် ၂ကြိမ်တိတိ ထိုးရမည် ဖြစ်သော်လည်း ရွှေကူနယ်ရှိ စစ်ရှောင်ကိုယ်ဝန်ဆောင်မိခင်အချို့တွင် တစ်ကြိမ်မျှပင် မထိုးရသေးသူများလည်း ရှိ‌နေသည်။

စီသာကျေးရွာမှ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး၏ မိခင်ဖြစ်သူက “ခါတိုင်းဆိုရွာမှာပဲရှိတယ်ဆေးရုံက အခုက မရှိဘူး။ Nurse တွေလည်းမရှိဘူး ဘယ်သူမှမရှိဘူး။ ဒီမှာကဆေးရုံက ပိတ်နေကြာပြီ အဲ့ကြောင့်အခက်အခဲတွေ တော့ ရှိတာပါ့။ မမွေးသေးတဲ့ဟာတွေလည်း အများကြီး တတ်နိုင်တဲ့လူကတော့ မြို့ထဲမှာ ခွဲခန်းသွားပြကြ တယ်။ မတတ်နိုင်တဲ့လူကတော့ ဒီတိုင်းပဲနေကြတယ် ဟိုဆေးစားဒီဆေးစားတွေနဲ့” ဟု ပြောသည်။

စစ်ကောင်စီတပ်သည် ရွှေကူအရှေ့တောင်ဘက်ကို မတ်လ ၂၀ ရက်နေ့ခန့်က စပြီး စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ ရာ KIA ၊ PDF တပ်များ၏ ခြုံခိုတိုက်ခိုက်ခံရမှုများကြောင့် အထိနာခဲ့ပြီးနောက် ကျေးရွာပေါင်း ၁၂ ရွာ ကို မီးရှို့ ဖျက်ဆီးခဲ့သောကြောင့် ဒေသခံများ ယခုထိစစ်ရှောင်နေရခြင်း ဖြစ်သည်။

Most read this week

ကံပိုင်တည်- ဆဒုံးကားလမ်းပိုင်းမြင်ကွင်း
November 14, 2024
ကချင်ပြည်နယ် မြစ်ကြီးနား- ကံပိုင်တည်ကားလမ်းပိုင်း နိုဝင်ဘာလ ၆ ရက်နေ့စပြီး စစ်ကောင်စီတပ်က...
ပုံ- ကြွက်ဘေးသင့်သွားတဲ့ အင်ပါဘာဒေသ တောင်ယာစပါးခင်းများ
November 14, 2024
ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ အင်ဘာပါဒေသထဲက ရွာပေါင်း ၁၀ ဝန်းကျင်က...
November 12, 2024
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီဆာကျေးရွာ မြေစာပုံပြိုကျမှုမှာ...
ဖမ်းဆီးခံထားရတဲ့ လွတ်တော်ကိုယ်စားလှယ် ဦးဝင်းလှိုင်
November 11, 2024
ရှမ်းမြောက်၊ နမ္မတူမြို့နယ် တအာင်းတပ်မတော် TNLA ဖမ်းဆီးထားတဲ့ NLD ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်...